Main menu

Background

မြန်မာ-ထိုင်းနှစ်နိုင်ငံ ပိုမိုရင်းနှီးနွေးထွေးစေမည့်အမှတ်(၂) ချစ်ကြည်ရေးတံတား (မြဝတီ-မဲဆောက်)

Thu, 11/07/2019 - 15:48 -- journal_editor

       အိမ်နီးချင်းနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သော ထိုင်း နိုင်ငံနှင့် ၁၉၄၈ ခုနှစ်တွင်  သံတမန်စတင်ခဲ့ပြီး ၁၉၈၉  ခုနှစ်တွင် ကုန်သွယ်ရေးသဘောတူစာချုပ်ကိုလည်းကောင်း၊ ၁၉၉၆  ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီးနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ကူးလူးဆက်ဆံမှု ပြုလုပ်ခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံဆိုသော်လည်း  နှစ်နိုင်ငံ နယ်နိမိတ်များမှာ တစ်ဆက်တည်း ရှိနေသလို မြစ် ချောင်းများနဲ့ပိုင်းခြားထားမှုများလည်းရှိပါတယ်။ ယခုအမှတ် (၂) ချစ်ကြည် ရေးတံတား ထပ်မံဖွင့်လှစ်လိုက်တဲ့ ကရင်ပြည်နယ်  မြဝတီမြို့အနေဖြင့် နှစ်နိုင်ငံကို သောင်းရင်းမြစ်က ဖြတ်သန်းစီးဆင်းနေပြီး နှစ်နိုင်ငံဆက်သွယ်သွားလာရန်အတွက် တံတားများတည်ဆောက်ကာ ကူးလူး ဆက်ဆံရတာ ဖြစ်ပါတယ်။ အမှတ်(၁) ချစ်ကြည်ရေးတံတားကိုတော့  ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ လူနဲ့ကုန် သွယ်မှုဆိုင်ရာယာဉ်များ ဖြတ်သန်းသွားလာခဲ့ပါတယ်။ နှစ်နိုင်ငံရဲ့ကုန်သွယ်မှုဟာ နှစ်စဉ်တိုးတက်လာခဲ့ပြီး ယခုဆိုလျှင် မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။  နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းများကြောင့် တံတားတစ်စင်းတည်း လုံလောက်မှုမရှိတော့၍ ၂၀၁၅ ခုနှစ်ခန့်မှစတင်၍ အမှတ်(၂) ချစ်ကြည်ရေးတံတားတည် ဆောက်ရန် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ လမှာ တရားဝင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် GMS  အဖွဲ့ဝင်နိုင်ငံများအကြား IICBTA အား အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီမှုရှိခဲ့ခြင်းနှင့် အရှေ့ အနောက်စီးပွားရေးစင်္ကြံပေါ်တွင် တည်ရှိသော ဒေသများဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် fh IICBTA ကိစ္စရပ်များ ကို ဦးစွာ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

        IICBTA  လမ်းကြောင်းများအဖြစ် မြန်မာဘက်ခြမ်းတွင် (၁)  မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဇာသပြင်- မော်လမြိုင်အထိနှင့် (၂) မြဝတီ-ကော့ကရိတ်-ကျုံဒိုး- ဇာသပြင်-အိန္ဒု-ဘားအံ-သထုံ-ကျိုက်ထို-သိပ်ဇရပ်- ဝေါ- ဘုရားကြီး- ပဲခူး- ရန်ကုန်-သီလဝါ (SEZ) တို့ဖြစ်ပြီး ထိုင်းဘက်ခြမ်းတွင်(၁) မဲဆောက်-ပစ္စနလော-ခုန်ခမ်း- ကုလားဆင် - မုဒဟန်အထိနှင့်(၂)မဲဆောက်-ဗန်ကောက်- လန်ချဘန် တို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမဲဆောက်နယ်စပ်ဂိတ်နှင့် မြန်မာနိုင်ငံမြဝတီနယ်စပ်ဂိတ်မှဝင်ထွက်မည့် မော်တော်ယာဉ်များဟာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ဝင်ထွက်ရန်ဖြစ်ပြီး IICBTA  အရ မြန်မာနိုင်ငံ အတွင်းသို့တိုက်ရိုက် ဝင်ရောက်မည့် ကုန်တင်ယာဉ်များအား အကောက် ခွန်ဦးစီးဌာနမှ ချိတ်စည်းတပ်ဆင်၍ ကုန်ပစ္စည်း စစ်ဆေးရေးစခန်း ဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်အတွင်းရှိ အကောက်ခွန်ဦးစီး ဌာန၏ Vehicle Cargo Checking System (VCCS) စနစ်တွင် မှတ်တမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အလားတူ ကုန်သွယ်ရေးဦးစီးဌာနမှလည်း ၎င်းယာဉ်များအား ကတ္တားချိန်တွယ်ခြင်း၊ ယာဉ်ထွက်စာရင်းရေးသွင်း ခြင်းတို့ကို ဆောင် ရွက်ပေးမည်ဖြစ်ပြီး ကုန်သွယ်ရေးဇုန်အတွင်း မှသီးသန့်လမ်းကြောင်း ဖြင့် အမြန်ဆုံးထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိပါတယ်။ ကနဦးအစအနေဖြင့် ကုန်တင်ယာဉ်အစီး ၁၀ဝ ကို  စတင်စမ်းသပ် သွားလာတော့ မှာဖြစ်ပါတယ်။ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ နှစ်နိုင်ငံ လူနှင့် ကုန်တင်ယာဉ်များ စနစ်တကျစွာ ဝင်/ထွက်နိုင်ရန် အတွက် Border Control Facilities (BCF) အဆောက်အအုံများ ထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရှိရပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာ  ၃၀ ရက်တွင် နှစ်နိုင်ငံ အမှတ်(၂) ချစ်ကြည်ရေးတံတားဖွင့်ပွဲနှင့် BCF အဆောက်အအုံများ လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို မြဝတီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များ  အပါအဝင် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲအပြီးမှာ တံတား ပေါ်မှ နှစ်နိုင်ငံကုန်သွယ်မှုယာဉ်များ စမ်းသပ်ဖြတ်သန်း မောင်းနှင် ခဲ့ကြပါတယ်။

       မြဝတီမြို့မှာ ယခင်က တံတာတစ်စင်းသာရှိခဲ့ရာမှ ယခုအခါ အမှတ်(၂) ချစ်ကြည်ရေးတံတားကိုပါ ဖွင့်လှစ်ခဲ့ရာ  နှစ်နိုင်ငံ ဆက်ဆံ သွားလာမှုများ ယခင်ထက် ပိုမိုမြန်ဆန်လာစေမှာဖြစ်ပါတယ်။ လက်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ လူနှင့် ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး အမှတ်(၂) ချစ်ကြည်ရေးတံတားမှ လူနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပါတယ်။ ကုန်သွယ်မှု လုပ်ငန်းများအနေကတော့ ယခင်ကဲ့သို့ပင် မြဝတီ ကုန်သွယ်ရေးဇုန်၌ OSS  အဖွဲ့ဝင်များဖြင့် ကုန်သွယ်မှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး IICBTA အရ ဝင်ရောက်မည့် ကုန်တင်ယာဉ်များအတွက် နှစ်နိုင်ငံသဘောတူညီထားမှုအတိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မည်သည့် ကုန်တင်ယာဉ်များ ဖြစ်စေ ဖြတ်သန်းသွားလာမှုများအတွက် မြဝတီကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်၍ ကုန်သွယ်မှုဆိုင်ရာများ ဆောင်ရွက်ပြီး ဆက်လက် ထွက်ခွာစေမှာဖြစ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများ မှန်ကန်မြန်ဆန် ရေးအတွက်ကိုလည်း သက်ဆိုင်ရာဌာနများ (OSS) အဖွဲ့များနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ပါတယ်။ အမှတ်(၂) ချစ်ကြည်ရေးတံတား ပေါ်မှသာ ကုန်စည်များဖြတ်သန်းသွားလာပါက တရားမဝင် သွားလာ မှုများပါ လျော့နည်းကျဆင်းလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမည့်ကာလများအတွင်း နှစ်နိုင်ငံ ဝင်/ ထွက် သွားလာမှုများ ယခင်ထက် လွယ်ကူလျင်မြန်လာမည်ဖြစ်သလို ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအနေဖြင့်လည်း တံတားအသစ်ကြီး ပေါ်မှ စနစ်တကျ ဖြတ်သန်းသွားလာ တော့မည်ဖြစ်၍ နှစ်နိုင်ငံ ကုန်သွယ်မှုများအပြင် ခရီးသွားလုပ်ငန်းများပါ တိုးတက်လာမည်ဖြစ်ရာ မြန်မာ- ထိုင်းနိုင်ငံအတွက် ပိုမိုရင်းနှီးနွေးထွေးသွားစေသော တံတားကြီးဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။

 

မြဝတီကုန်သွယ်ရေးဇုန်