မြန်မာ့လယ်ယာထွက်ကုန်အမယ်စုံအောင် ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည်။ သို့သော်လည်း ပြည်တွင်းထွက် လယ်ယာထွက်ကုန်များ ပြည်ပဝယ်လက်နိုင်ငံ အချို့သို့ ထွက် တာလေး ပွတ်သပ်အရောင်တင်ပြီး ပို့နေသည့် သဘောပင်ရှိသည်။ ရေရာသေချာသည့် ဈေးကွက်ချိတ်ဆက်မှု၊ ဈေးကွက် ထောက်လှမ်းမှု၊ သတင်းအချက် အလက်ရယူမှုစသည့် အစီအမံများ ချမှတ်ဆောင်ရွက်မှုမရှိသေးသည် ကို တွေ့ရှိရသည်။ ပြည်ပပို့ကုန်မဟာဗျူဟာ ရေရာသေချာသည့် အစီအမံများ ချမှတ်၍ ဆောင်ရွက်မည်ဆိုလျှင် ပြည်ပပို့ကုန် လယ်ယာထွက်ကုန် တင်ပို့နိုင်မှု ပမာဏသည် တိုးမြင့်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ် သည်။ နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိလာမည်မှာ ဧကန်ပင် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ "မြန်မာနိုင်ငံက ပြည်ပို့ကုန် လယ်ယာထွက်ကုန်တွေ ပြည်ပတင်ပို့တဲ့နေရာမှာ ဘယ်သီးနှံဘယ်လောက်ပို့မယ်၊ ဘယ်နိုင်ငံတွေကိုပို့မယ်၊ ဒါကြောင့် ဘယ်နေရာတွေမှာ ဘယ်သီးနှံတွေကို ဘယ်လောက်စိုက်ပျိုးပြီး ဘယ်လောက် ပြည်ပတင်ပို့မယ်၊ ဘယ်အချိန်မှာတင်ပို့မယ်၊ ဈေးကွက်အခြေအနေ တွေက ဘယ်လိုရှိတယ်ဆိုတာ အစီအမံတွေချမှတ်ဆောင်ရွက်နေတာ မတွေ့ရဘူး။ အဲဒီတော့ လယ်ယာသီးနှံတွေကို ပို့ကုန်ပမာဏ တိုးမြှင့် ပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်ဆိုရင် တိကျရေရာသေချာ အစီ အမံများ ကြိုတင်ချမှတ်ဆောင်ရွက်မယ်ဆိုရင် တိကျရေရာသေချာတဲ့ အစီအမံများကြိုတင်ချမှတ်ဆောင်ရွက်ဖို့ လိုပါတယ်"ဟု လမ်းညွှန် မှာကြားမှု ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံက လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် နှံစားသီးနှံဆန်၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ သီးနှံ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွန်း၊ ဘိုကိတ်ပဲ၊ သစ်သီးဝလံအနေနဲ့ ဖရဲသီး၊ သခါးမွှေး၊ ထောပတ်သီး၊ သရက်သီး၊ ကျွဲကောသီး၊ ဟင်းခတ် အမွှေးအကြိုင်အနေနှင့် ချင်း၊ နနွင်း၊ ဂျူးမြစ်၊ ငရုတ်ကောင်း၊ ငရုတ် သီး၊ မန်ကျည်းသီး၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ဖြစ်သည်။ ဆန်တင်ပို့ရာတွင် ၂၀၁၆-၂၀၁၇ခုနှစ်၌ ဆန်တန် ချိန် နှစ်သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့သည်။ ၂၀၁၇-၂၀၁၈ခုနှစ်၌ ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့ သည်။ ၂၀၁၉-၂၀၂၀ ခုနှစ်၌ ဆန်တန်ချိန် လေးသန်းတင်ပို့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရရှိရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စသည့် ပဲမျိုးစုံတို့ကို လည်း တိုးချဲ့တင်ပို့နိုင်ရန် ကြိုးပမ်း စိုင်းပြင်းလျက်ရှိသည်။ သစ်သီးဝလံဖရဲသီးသည် ၂၀၁၇-၂၀၁၈ ခုနှစ်၌ တန်ချိန် ရှစ်သိန်း ကျော် တင်ပို့ခဲ့ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၌ ဖရဲသီးတန်ချိန် တစ်သန်းထိတိုးမြှင့်တင်ပို့ရန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ထိရရှိရန် မျှော်မှန်းထားသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်၌ သခွားမွှေးကို တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ ခဲ့ရာ ၂၀၂၀ ခုနှစ်တွင် တန်ချိန် သုံးသိန်းထိ တင်ပို့ရန် ကြိုးပမ်းလျက် ရှိသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်၌ ထောပတ်သီးကို တန်ချိန်တစ်သောင်းခွဲ တင်ပို့နိုင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန်ငါးသောင်း ထိတိုးချဲ့ တင်ပို့ရန် အားသွန်လျက်ရှိသည်။ ထို့အတူပင် စိန်တစ်လုံး သရက်သီး ကို ၂၀၁၇-၂၀၁၈ ခုနှစ်၌ တန်ချိန် ငါးသောင်းထိတင်ပို့နိုင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် တစ်သိန်းထိ တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။ ဟင်းခတ်အမွှေးအကြိုင် ချင်း၊ နနွင်း၊ ဂျူးမြစ်၊ ငရုတ်ကောင်း၊ မန်ကျည်း သီးစသည်များကိုလည်း တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိ သည်။
မြန်မာ့လယ်ယာထွက်ကုန်သီးနှံများကို အဓိကတင်ပို့သော နိုင်ငံများမှာ အာဖရိက၊ အီးယူနိုင်ငံများ၊ တရုတ်၊ စင်ကာပူ၊ မလေး ရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ စသည့်နိုင်ငံများပင်ဖြစ်သည်။ ဤသို့ မြန်မာ့ပြည်ပပို့ကုန် လယ်ယာထွက် သီးနှံများဖော်ပြပါ နိုင်ငံအသီးသီးသို့ တင်ပို့ရာတွင် ဈေးကွက်တည်ငြိမ်မှုမရရှိဘဲ ဝယ်လိုက်မဝယ်လိုက် ဝယ်ယူသည့်ပမာဏက လည်း ရေရာမှုမရှိဘဲ တိုးလိုက်လျော့လိုက်ဖြစ်နေပြီး ပို့ကုန်လုပ်ငန်းစဉ်ကို ထိခိုက်လျက်ရှိသည်။ ဤသို့ဖြစ်ရသည်မှာ မြန်မာနိုင်ငံတွင် ပို့ကုန်အစီအမံများ ရေရာသေချာမှုမရှိခြင်းက အကြောင်းရင်းခံ ဖြစ်နေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံမှာ "ဘာသီးနှံပဲ ပြည်ပတင်ပို့တင်ပို့၊ ဝယ်လက်နိုင်ငံရဲ့ သတင်းအချက်အလက်၊ ဈေးကွက်အခြေအနေ၊ သတင်းရရှိမှု နှောင့်နှေးတဲ့အတွက် ကျွန်တော်တို့ရဲ့သီးနှံတွေဟာ အမြဲ နောက်ကောက်ကျပြီး ဒုက္ခရောက်ကြရတယ်လို့" မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ သူဆက်ပြီး သုံးသပ် ပြတာကတော့ "ကျွန်တော်တို့နိုင်ငံမှာ ဆွတ်ခူးပြီး သီးနှံများကို မရောင်းရသေးရင်လည်း စနစ်တကျ သိုလှောင်ထားနိုင်မယ့် သိုလှောင် ရုံစနစ် မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းထားနိုင်တဲ့ နည်းပညာအလွန်အားနည်းတော့ တရုတ်က မဝယ်တော့ဘူးဆိုပြီး ဖြတ်လိုက် တာနဲ့ နယ်စပ်ဒေသမှာ ဖရဲသီး၊ သခွားမွှေးသီး၊ သရက် သီး အကုန်ပုပ်ကုန်ပြီး ပျက်စီးခြင်း ဒုက္ခလှလှကြီးခံကြရတာ ဒီနေ့ထိပါပဲဗျာ"ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ပြည်ပပို့ကုန်လယ်ယာထွက်ကုန်များ တိုးချဲ့တင်ပို့နိုင်ရန် အစီအမံများချမှတ်ဆောင်ရွက်ရန် လိုနေပြီဖြစ်သည်။ သို့ဆို လျှင် မြန်မာနိုင်ငံတွင် ပြည်ပပို့ကုန်လယ်ယာထွက်ကုန်များ သတင်းအချက်အလက်စင်တာ နှစ်ခုကို မြန်မာပြည်အောက်ပိုင်း ဒေသများအတွက် စင်တာတစ်ခုနှင့် မြန်မာပြည်အထက်ပိုင်းဒေသများအတွက် စင်တာတစ်ခုကို ခေတ်မီနည်းပညာများတပ်ဆင်၍ အမြန်ဆုံးထူထောင်ရန် လိုအပ်ပါသည်။ ထို့အတူပင် မြန်မာ့လယ်ယာ ထွက်ကုန်များဝယ်ယူကြသော အဓိကနိုင်ငံကြီးများ (ဥပမာ-အိန္ဒိယ၊ အာဖရိက၊ အီးယူနိုင်ငံများ)တွင်လည်း မြန်မာနိုင်ငံ ပိုင်ဆိုင်သည့် ပြည်ပ ပို့ကုန်လယ်ယာထွက်ကုန်များ သတင်းအချက်အလက်စင်တာကြီးများ တည်ထောင်ရန်လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတကာ ဝယ်လက်နိုင်ငံများနှင့် ဈေးကွက်သတင်းအချက်အလက်များ အချိန်မီ (Up-to-date) ရရှိနေမည်ဖြစ်သည်။ ယခုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံတကာ မြန်မာ နိုင်ငံသံရုံးများတွင် စီးပွားရေးသံမှူးများထားရှိရုံမျှဖြင့် ပြည့်စုံ လုံလောက်မှု မရှိနိုင်ပါ။
အဆိုပါသတင်းအချက်အလက်စင်တာများမှတစ်ဆင့် ပြည်တွင်း ရှိ သတင်းအချက်အလက်စင်တာများနှင့် ချိတ်ဆက်ပြီး ဈေးကွက် အခြေအနေ ဈေးကွက်စူးစမ်းလေ့လာသုံးသပ်မှုအခြေအနေ၊ ထိုနိုင်ငံ များ၏ ရာသီဥတုကြို တင် ခန့်မှန်းမှုအခြေအနေ၊ သီးနှံများစိုက်ပျိုး ထုတ်လုပ်ထွက်ရှိနိုင်မှု အခြေအနေ၊ ဝယ်လိုအားဖြစ်ပေါ်လာနိုင်မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိရမည်ဖြစ်ပြီး မိမိနိုင်ငံ အတွင်း တောင်သူလယ်သမားများသို့ သတင်း အချက်အလက်မျှဝေ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ကြိုတင်စီမံနိုင်မည်ဖြစ်သည်။ နောက်တစ်ချက်မှာ သီးနှံများ၏ ဈေးကွက်ကိုထိန်းနိုင်ရန်နှင့် အရည်အသွေးမပျက်စီးအောင်ထိန်းနိုင်ရန်အတွက် ခေတ်မီစနစ် ကျသော သိုလှောင်ရုံ ကြီးများ တည်ထောင်ပေးခြင်းပင်ဖြစ်သည်။ မြန်မာပြည် အထက်ပိုင်းဒေသများအတွက် မန္တလေးနှင့် မူဆယ် (၁၀၅ မိုင်)တွင် လည်းကောင်း၊ မြန်မာပြည်အောက်ပိုင်းဒေသများအတွက် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင်လည်းကောင်း တည်ဆောက်သင့်ပါသည်။ သို့မှသာလျှင် ရိတ်သိမ်းချိန်လွန် နည်း ပညာကို လိုက်နာနိုင်ပြီး မရောင်းရသေးသဖြင့် သီးနှံများ ပုပ်ပျက် သည့် ဒုက္ခမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ ဈေးကွက်မြူးကြွချိန်မှ ထုတ်ရောင်းသည့်စနစ် များသွားနိုင်လျှင် အကျိုးအမြတ်များစွာ ရှိနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ "ကျွန်တော်တို့ပို့ကုန်တိုးမြှင့်ရေးလုပ်တော့မယ်ဆိုရင် အဓိကလုပ် ရမယ့်သော့ချက်က သီးနှံများရဲ့ အရည်အသွေးထိန်းသိမ်းရေး (Quality Control))နဲ့ အစား အစာဘေးကင်းလုံခြုံရေး (Food Safety)ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာဘယ်နိုင်ငံကိုပဲ ပစ္စည်းပို့ပို့ ဒီနှစ်ချက် မပါရင် ဘယ်လောက်အရှိန်အဟုန်နဲ့ ပို့ချင်ပို့ချင် အဟန့်အတား ဖြစ်နေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် မိမိဘက်က ထုတ်ကုန်ေ တွ အရည် အသွေးကောင်းကောင်း၊ ဓာတ်ကြွင်း အာနိသင်ကင်းပြီး ရိက္ခာဘေးကင်းလုံခြုံမှုရှိအောင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP)နဲ့ တိတိကျကျ စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုမယ်လို့"ထောက်ပြပါသည်။ လယ်ယာစိုက်ပျိုးရေး မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက "လယ်ယာသီးနှံပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ဆိုရင်တော့ လက်ရှိမှာက ပို့ကုန်ပို့ဖို့ဆိုပြီး သီးနှံ အမယ်လိုက်လျာထားစိုက်ပျိုး ထုတ်လုပ်တာ မရှိဘူးဆရာ၊ ထွက်လာတဲ့သီးနှံတွေကို ဈေးကွက်ရှိရင် ပို့နေတဲ့ သဘောပါပဲ။ အမှန်တကယ် ပြည်ပပို့ကုန် တိုးမြှင့်ဖို့ဆိုရင် သီးနှံများ ကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း စိုက်ပျိုး ထုတ်လုပ်မယ့်အစား သီးနှံအမယ်လိုက် ဘယ်သီးနှံ ဘယ်နှတန်ပို့မယ်၊ ဘယ်နှဧကစိုက်ပျိုး ထုတ်လုပ်မယ်ဆိုတာကို သေချာ Plan လုပ်ပြီး သီးနှံအမယ်လိုက် ဇုန်အလိုက် စိုက်ပျိုးဖို့လုပ်ရမှာပဲ၊ ဒီလိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရယ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတွေရယ်နှင့် ညှိနှိုင်းပေါင်းစပ်ပြီး Exporter ကြီးများ၊ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့နှင့် တောင်သူ လယ်သမားကြီးများ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်နိုင်အောင် Plan ရေးဆွဲဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်"လို့ ဆွေးနွေးပါသည်။ အရည်အသွေးအဆင့်မမီသည့်ရိက္ခာများနှင့် ဘေးကင်းလုံခြုံမှု မရှိသည့် ရိက္ခာများကြောင့် လူသားများ အဆိပ်သင့်ခံရမှုသည် စိုးရိမ် ရေမှတ်သို့ရောက်ရှိနေပြီဖြစ်သည်။ သို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးမှလည်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး၊ ဘေးကင်း လုံခြုံသည့် စားနပ်ရိက္ခာများ ထုတ်လုပ်ရေးအတွက် မူဝါဒများ၊ ဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ပြဋ္ဌာန်းသတ်မှတ်၍ နှိုးဆော်ထားပြီးဖြစ်ပါသည်။ သို့ပါ၍ လယ်ယာထွက်ကုန်သီးနှံများ ပြည်ပသို့တိုးချဲ့တင်ပို့နိုင် ရန်အတွက် အထက်ဖော်ပြပါ အစီ အမံများကို အမြန်ဆုံးချမှတ်ဆောင် ရွက်ရန် အချိန်တန်နေပြီဖြစ်ပါသည်။
အောင်ဆန်း (စိုက်ပျိုးရေး)