Main menu

Background

တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ တရားမဝင် တင်သွင်းသူများကိုလည်း ဖမ်းပေးပါ

Fri, 01/03/2020 - 12:20 -- journal_editor

     ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေး လုပ်ငန်းရှင်များ ၃၁ ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ  တက်ရောက်အမှာစကားပြောသည်။ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်း ကော်မတီငါးရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည် များအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများတက်ရောက်ကြသည်။

      ဆွေးနွေးပွဲတွင် ဒုတိယသမ္မတ  အမှာစကားပြောကြားရာ၌ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များ ပိုမိုထိ ရောက်စွာ အကောင်အထည်ဖော်ရန် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းသုံးနှစ်ကျော်ခဲ့ပြီ ဟုပြောသည်။ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့်လမ်းညွှန်ချက် များ အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်းကော်မတီငါးရပ်ကို ဖွဲ့စည်းခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကျော်လွှားရေး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်းပြီး အကောင်းဆုံးဖြေရှင်းဆောင်ရွက်ပေးနေသည်။ နိုင်ငံ တော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် တည်ရှိသည်။ နှစ်စဉ်ကုန်သွယ် မှုပမာဏတိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ တက်ညီ လက်ညီပူးပေါင်းဆောင်ရွက်နေသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ဝ၂ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တို ဘာလအထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၃၂ ဘီလီယံဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇၂ ဘီလီယံ အထိ ဆောင်ရွက်နိုင်ခဲ့သည် စသည်ဖြင့် ဒုတိယသမ္မတဦးမြင့်ဆွေ အမှာစကားထဲထည့်ပြောသွားခဲ့သည်။ မြန်မာ့ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအနှောင့် အယှက်ကြီးတစ်ခုရှိသည်။ တရားမဝင်ကုန်သွယ်မှုဖြစ်သည်။ တရား မဝင်ကုန်သွယ်ရေးကြောင့် ကုန်သွယ်မှုပမာဏကို ထိခိုက်နစ်နာ သည်။ နိုင်ငံတော်ဘဏ္ဍာ ကုန်သွယ်လုပ်ငန်းခွန်ပေါင်း မြောက်မြားစွာ ဆုံးရှုံးရသည်။ တရားမဝင် ကုန်သွယ်မှုကြောင့် ဘေးအန္တရာယ်ဖြစ်စေ သော ကုန်စည်များ ပြည်တွင်းဈေးကွက်တွင် ပျံ့နှံ့ရောက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုကြောင့် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ထိခိုက်နစ်နာရသည်။ ထို့ပြင် တရားမဝင်ကုန်သွယ်မှုသည် ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှု၊ နယ်စပ်ဖြတ်ကျော် အမှုအခင်းများကိုလည်း ဖြစ်ပေါ်စေသည်။ ၃၁ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒုတိယသမ္မတဦးမြင့်ဆွေသည် တရားမဝင်ကုန်သွယ်မှုကိစ္စများကိုလည်း ဦးတည်ထည့်သွင်း ပြောဆို ခဲ့ပါသေးသည်။

      နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု ကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ ရပ်တည်ရန် ခက်ခဲလာနိုင်သည်။ ထို့ကြောင့် တရားမဝင်ကုန် ပစ္စည်းများ တားဆီးထိန်းချုပ်ပေးနိုင်ရေး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကော်မတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင်ကုန်ပစ္စည်းများတားဆီး ထိန်းချုပ်ရေးအထူးအဖွဲ့များ ဖွဲ့စည်းထားသည်။ အထူးအဖွဲ့များ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးအရေးယူခဲ့ရာ အရေးယူမှုပေါင်း ၁၀၆၅ ကြိမ်ရှိခဲ့သည်။ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုး ကျပ် ၁၅ ဒသမ ၆၄၈၂ ဘီလီယံဖိုး ဖမ်းဆီးနိုင်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၏ တရားမဝင်ကုန်သွယ် မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ အညွှန်းကိန်း မြင့်တတ်လာနေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံ အဆင့်၌ ဌာနအချင်းချင်း အကြား ပူးပေါင်းမှုမြှင့်တင်ရန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားသည်။ ဦးဆောင်ကော်မတီတွင် လုပ်ငန်းတာဝန် ၁၃ ရပ်ချမှတ်ထားသည်။ ယင်းလုပ်ငန်းတာဝန်များ ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် နေပြီဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့် မိမိသည် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၁၉) သို့ တက်ရောက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထီးခီးကုန်သွယ်ရေးစခန်းနှင့် မောတောင် ကုန်သွယ်ရေးစခန်းများသို့ သွားရောက်ခဲ့သည်။ တရားမဝင် ကုန် သွယ်မှုများ မရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများတိုးတက်ရရှိစေရန်၊ ပြည်တွင်းရှိ MSME  (အသေး စား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ) အား အကာ အကွယ်ပေးနိုင်ရန် တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှုများကို ကြိုတင် ကာကွယ်တားဆီးနိုင်ရန်၊ ဈေးကွက်အတွင်း မှန်ကန်စွာ ယှဉ်ပြိုင် လုပ်ကိုင်နိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရာ တွင် ဆုပေးဒဏ်ပေး စနစ်ထိရောက်လျင်မြန်စွာ ကျင့်သုံး ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ ကာကွယ် တားဆီးနှိမ်နင်း သွားကြရန်တို့ကို အဓိကထားမှာကြားခဲ့သည်ဟု ပြောကြားခဲ့သည်။

    မှန်သည်။ တရားမဝင်ကုန်သွယ်မှုများတွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖောက်ကားခြင်း၊ အိမ်နီးချင်းနိုင်ငံအချို့သို့ နည်းမျိုးစုံဖြင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်နေခြင်းများလည်းပါဝင် သည်။ တရားမဝင်ကုန်စည်များ နိုင်ငံအတွင်း ဝင်ရောက်နေခြင်း သည် နယ်စပ်ကုန်သွယ်ရေးဂိတ်များ မတိုးချဲ့နိုင်သေးခြင်းကလည်း တစ်ကြောင်းပါဝင်မည်။ နယ်စပ်ကုန်သွယ်ရေးဒေသ နယ်မြေ မလုံခြုံနိုင်သေးခြင်းကလည်း တရားမဝင်ကုန်သွယ်မှုကို တွန်းအား ပေးသလိုလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ ယခုတော့ ကြီးထွား နေသော တရားမဝင် ကုန်သွယ်ရေးကိစ္စ အမြစ်ဖြတ်ချေမှုန်းနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။ တရားမဝင် ကုန်စည်များ ဖမ်းဆီးရမိမှု ပမာဏသည်လည်း တက် သထက် တက်လာနေသည်။ တရားမဝင် ကုန်သွယ်မှု နှိမ်နင်းရေးတွင် တပ်မတော်ပါဝင် ပူးပေါင်းဖမ်းဆီးမှုများလည်း ရှိလာပြီဖြစ်၍ မကြာ ခင်နှစ်များတွင် အပြီးသတ်နှိမ်နင်းနိုင်တော့မည် ယူဆသည်။ တရား မဝင် ကုန်သွယ်မှု နှိမ်နင်းရေးတွင် အဓိကသက်ဆိုင်သည်မှာ ပြည် တွင်း စီးပွားရေး လုပ်ငန်းရှင်အားလုံး တစ်စိတ်တစ်ဝမ်းတည်း တက်ညီ လက်ညီ ပူးပေါင်းပါဝင်ကြဖို့ လိုမည်ဟုမြင်သည်။ တရားမဝင် ကုန် သွယ်ရေးအလုပ် လုံးဝ ရှောင်ကြည်မည်။ သမ္မာအာဇီဝ မျှမျှတတ စီးပွားရှာမည်။ ဈေးကွက်အတွင်း မျှတစွာ ဝင်ရောက်ယှဉ်ပြိုင် စီးပွား အလုပ်လုပ်မည် စသည်ဖြင့် စိတ်ကောင်းစိတ်မြတ်ရှိကြဖို့ လိုသည်။ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သည်။ ယှဉ်ပြိုင်မှုကော်မရှင်ကိုလည်း ဖွဲ့စည်းထားသည်။ တရားမဝင် ကုန်စည် များ တင်သွင်းရောင်းချခြင်းသည် ယှဉ်ပြိုင်မှုဥပဒေနှင့် ငြိစွန်းမည်ထင်သည်။ တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များသည် တရားမဝင်ကုန်ပစ္စည်းတင်သွင်း လာခြင်းများကို ဖမ်းဆီးသိမ်းယူခြင်းနှင့်အတူ တင်သွင်းသူ လူအုပ်စုများကိုလည်း လက်ရဖမ်းဆီးပြီး ဥပဒေအရ အရေးယူ အပြစ် ပေးသင့်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။

 

မောင်လွင်ပြင်