Main menu

Background

နယ်စပ်ဈေးများဖွင့်လှစ်သွားနိုင်ရေး မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေ

Mon, 03/16/2020 - 10:56 -- journal_editor

         မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၈-၅-၂၀၁၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ပထမအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးကို ၁၈-၁၀-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော  စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ  ငါးနေရာနှင့် ချင်းပြည်နယ်အတွင်းရှိ ငါးနေရာ စုစုပေါင်း ၁၀ နေရာအား  နယ်စပ်ဈေးများ ဖွင့်လှစ် သွားရန်မူအားဖြင့် သဘောတူခဲ့ကြသည်။ နယ်စပ်ဈေး (Border Haats) ဆိုသည့်  ဝေါဟာရနှင့် လုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့်  ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ နယ်စပ်ဈေးဖွင့်လှစ်ရန် အိန္ဒိယဘက်မှ စတင် အဆိုပြုကမ်း လှမ်းလာခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် အကြားတွင် နယ်စပ်ဈေးများ  ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ကြောင်း အသိပေးပြောကြားပြီး ကွင်းဆင်းလေ့လာရန်လည်း ဖိတ်ကြားခဲ့၍ မျက်မြင်လေ့လာခွင့်ရရှိခဲ့သည်။  လက်ရှိတွင် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရာ တွင် လိုက်နာဆောင်ရွက်ရမည့် နယ်စပ်ဈေးများစီမံခန့်ခွဲရေး နည်းလမ်း  (Mode of  Operation of   Border Haats across the Border between India and Myanmar)  မူကြမ်းအား အပြန်အလှန် ညှိနှိုင်းပြင်ဆင်ရေးဆွဲနေဆဲပင်ဖြစ်သည်။

     မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား  နယ်စပ်ဒေသများ တွင် နယ်စပ်ဈေးများ ဖွင့်လှစ်ရန်  ၂၀၁၂ ခုနှစ်ကတည်းက စတင်ညှိနှိုင်းဆောင်ရွက်လာခဲ့ရာ ယခုနှစ်ပိုင်းတွင် အိန္ဒိယနှင့် နယ်စပ်ဈေးဖွင့်လှစ်မည့်ကိစ္စကို ပြည်သူ့လွှတ်တော်နှင့်အမျိုး သားလွှတ်တော်ကိုယ်စားလှယ်များက  လွှတ်တော်တွင် မေးခွန်း မေးမြန်းခြင်းများရှိလာသဖြင့်  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားခဲ့ရသည်။ နယ်စပ်ဈေးများ စီမံခန့်ခွဲရေးနည်းလမ်းကိုလည်း အိန္ဒိယဘက်မှစတင် အဆိုပြုလာခြင်းဖြစ်ပြီး နယ်စပ်ဈေးဆို ရာတွင် စည်ပင်သာယာဈေးကဲ့သို့ ဆိုင်ခန်းပေါင်းများစွာဖြင့် စည်ကားစွာ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်သည့် ဈေးပုံစံ မျိုးမဟုတ်ဘဲ အကန့်အသတ်များစွာဖြင့် ဖွင့်လှစ်ဆောင်ရွက်ရ မည့် ဈေးသဘောမျိုးသာရှိသည်။  ထိုကန့်သတ်ချက်များကို ဖြေလျော့၍ ပိုမိုကောင်းမွန်သော၊   မိမိတို့ဒေသခံ ပြည်သူများ အတွက် အကျိုးရှိသောလုပ်ငန်းစဉ်တစ်ခုဖြစ်စေရန် အိန္ဒိယ ဘက်နှင့်ညှိနှိုင်းနေဆဲဖြစ်သည်။ လက်ရှိညှိနှိုင်းဆဲဖြစ်သည့်  နယ်စပ်ဈေးများ စီမံခန့်ခွဲ ရေးနည်းလမ်းအရ  နယ်စပ်ဈေးဆိုသည်မှာ အကျယ်အဝန်း အားဖြင့် (၇၅ထ၇၅) မီတာပတ်လည်အား  ခြံစည်းရိုးကာရံထား မည်ဖြစ်ပြီး    နှစ်ဘက်ဈေးရောင်းသူ/ဝယ်သူများအနေဖြင့် ယင်းဧရိယာမှ    ကျော်လွန်သွားရောက်နိုင်မည်မဟုတ်ပါ။ နယ်စပ်ဈေးအတွင်း၌လည်း မိမိတို့နိုင်ငံမှထွက်ရှိသော ကုန် ပစ္စည်းအမျိုးအစားအားလုံးကို ရောင်းချနိုင်ခြင်းမရှိဘဲ  သက် ဆိုင်ရာနယ်စပ်ဒေသ၌ အမှန်ထုတ်လုပ်ထွက်ရှိသည့်  ခွင့်ပြု ကုန်ပစ္စည်းစာရင်း၌ ပါရှိသော  ဒေသထွက်ပစ္စည်းများကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ပါသည်။   ဈေးအတွင်းသို့ ရောင်းချင် သူတိုင်းလာရောက်ရောင်းချ၍မရပါ။   ဈေးသည်ဦးရေကို ကနဦးတွင် တစ်ဖက်လျှင်  ၅၀ ဦးစီသာ ရောင်းချခွင့်ပြုမည်ဖြစ် သည်။ ထို့အပြင် ဈေးဆို၍ ပုံမှန်ဈေးများကဲ့သို့ နေ့စဉ်ဖွင့်လှစ် ရောင်းချနိုင်မည်မဟုတ်ဘဲ တစ်ပတ်လျှင် သတ်မှတ်ထားသည့် တစ်ရက်သာ ဖွင့်လှစ်ရောင်းချရမည်ဖြစ်သည်။ ရောင်းသူ/ ဝယ်သူများကို သက်ဆိုင်ရာဈေးကော်မတီက သက်သေခံ ဓာတ်ပုံကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး အဆိုပါကတ်ပြား ပါရှိသူသာ ဈေးအတွင်းသို့ အဝင်/အထွက်ပြုလုပ်နိုင်မည်ဖြစ် ပါသည်။ နောက်တစ်ချက်မှာ ဝယ်သူတစ်ဦးအနေဖြင့် တစ် နေ့တာအတွင်း အများဆုံး အမေရိကန်ဒေါ်လာ ၂၀ဝနှင့်ညီမျှ သော တန်ဖိုးကိုသာ ဝယ်ယူခွင့်ရှိမည်ဖြစ်သည်။ နယ်စပ်ဈေး တွင်   နှစ်နိုင်ငံသုံးငွေကြေးများဖြစ်သည့်  ကျပ်နှင့်ရူပီးတို့ဖြင့် ရောင်း/ဝယ်နိုင်မည်ဖြစ်သည်။

       နယ်စပ်ဈေးဖွင့်လှစ်ရခြင်းမှာ နယ်စပ်ဒေသနေ ပြည်သူ များ အချင်းချင်း အပြန်အလှန် ရောင်းဝယ်ဖောက်ကားခြင်းဖြင့် နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများ  ချစ်ကြည်ရင်းနှီးမှုတိုးတက်၍ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ် ခြင်းဖြစ်သဖြင့် နယ်စပ်ဈေးအတွင်း ရောင်းချသော ကုန်ပစ္စည်းများအား အခွန်အခပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့် ပေးမည်ဖြစ်သည်။ နယ်စပ်ဈေးများဖွင့်လှစ်ရေးဆိုင်ရာနားလည်မှုစာချွန် လွှာတွင် အိန္ဒိယနိုင်ငံ Arunachal Pradesh  ပြည်နယ်၊ Pangsau  Pass နှင့် မြန်မာနိုင်ငံ  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပန်ဆောင်တို့ ထိစပ်သောနေရာတွင်  နယ်စပ်ဈေး တစ်ခုကို ကနဦးအစီအစဉ်အဖြစ်   ဖွင့်လှစ်သွားရန် သဘောတူခဲ့သည့် အပြင် အိန္ဒိယနိုင်ငံ ဘက်မှလည်း နှစ်နိုင်ငံအကြား ပထမဆုံး နယ်စပ်ဈေးကို ပန်ဆောင်မှစတင်ဖွင့်လှစ်ရန် ဆန္ဒရှိနေသဖြင့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေးနည်းလမ်း(မူကြမ်း)ကို နှစ်နိုင်ငံ ညှိနှိုင်းရေးဆွဲ သဘောတူလက်မှတ်ရေးထိုးပြီးပါက နယ်စပ်ဈေးတစ်ခုကို ပန်ဆောင်မှ စတင်ဖွင့်လှစ်သွားမည့်အစီအစဉ် များရှိနေပါသည်။ လက်ရှိတွင်လည်း မိမိတို့ဘက်   ပန်ဆောင်၌ ဆိုင်ခန်း ပေါင်း ၁၆၀ကျော်ရှိသည့် ဒေသဈေးတစ်ခုရှိနေပြီး ၁၀ ရက် လျှင်တစ်ကြိမ် ဈေးဖွင့်လှစ်ရောင်းချကြောင်း၊အလားတူအိန္ဒိယ နိုင်ငံ နမ်ပေါင်ဘက်တွင်လည်း  ဈေးတစ်ခုဖွင့်လှစ်ထားပြီး အပတ်စဉ်သောကြာနေ့တိုင်း  ဈေးဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် နှစ်နိုင်ငံအကြား နယ်စပ်ဈေးဖွင့်လှစ်ရန် မူအား ဖြင့် သဘောတူထားသည့် ချင်းပြည်နယ်အတွင်းရှိ  ငါးနေရာ အနက် လေးနေရာတွင် တံတားများတည်ဆောက်ရန် လိုအပ် နေသဖြင့် အဆိုပါနေရာများသို့  မြန်မာဘက်နှင့်အိန္ဒိယဘက် မှ ကိုယ်စားလှယ်အဖွဲ့များသည်  ၂၀၁၈ ခုနှစ်   နိုဝင်ဘာလ အတွင်း နှစ်နိုင်ငံပူးတွဲကွင်းဆင်းတိုင်းတာ၍   တံတားတည် ဆောက်မည့်  ကိုသြဒီနိတ်အမှတ်များကို နှစ်ဘက်အတည်ပြု သတ်မှတ်ခဲ့ပြီး တံတားတည်ဆောက်နိုင်ရေးဆက်လက်ညှိနှိုင်း ဆောင်ရွက်နေပါသည်။ နှစ်နိုင်ငံနယ်စပ်တွင်     ဖွင့်လှစ်မည့်ဈေးဖြစ်သည့် အလျောက် ဈေးတည်ဆောက်မည့်နေရာသည်   နယ်နိမိတ် ကိစ္စရပ်များ   တိုင်းတာသတ်မှတ်ပြီးဖြစ်ရန်လိုသည့်အပြင် လူဝင်/လူထွက်နှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း  အလေး အနက်ထား ထည့်သွင်းစဉ်းစားရန်  လိုအပ်သဖြင့် အိန္ဒိယနိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်ရာတွင်   မိမိတို့နိုင်ငံ၏လုပ်ထုံးလုပ် နည်းများနှင့် အညီဖြစ်စေရေးနှင့်  မိမိတို့နိုင်ငံနှင့်  ဒေသခံ ပြည်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းနိုင်စေရေး ရှေးရှု ဆောင်ရွက်နေပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

 

ကေခိုင်ကျော်(နှစ်နိုင်ငံ)