Main menu

Background

ပြည်ခရိုင်ထွက် ဝါသီးနှံ

Tue, 12/20/2022 - 12:56 -- journal_editor

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏လုပ်ငန်းဖြစ်သော စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ   ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်တွင်းကဏ္ဍ  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်း သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ချည်မျှင် ရှည်ဝါကို  ပြည်ခရိုင်ရှိ  မြို့နယ်လေးမြို့နယ်တွင်  စိုက်ပျိုးပြီး ပြည် မြို့နယ်တွင် ၃၁၂၂ ဧက၊   ပေါက်ခေါင်းမြို့နယ်တွင်  ၃၇၈၉  ဧက၊ ပန်းတောင်းမြို့နယ်တွင်  ဧက ၅၀နှင့် ရွှေတောင်မြို့နယ်တွင် ၅၂ဧက၊ စုစုပေါင်း  ၇၀၁၃ဧက စိုက်ပျိုးပြီး ဝါကြီးကို ပေါက်ခေါင်း တစ်မြို့နယ် တည်းသာ ၃၀၂၅ ဧက စိုက်ပျိုးကြောင်း သိရှိရသည်။

ဝါသီးနှံစိုက်ပျိုးထွက်ရှိမှု
ယခုနှစ်တွင် ဝါကြီး ၃၀၂၅ ဧကကို   အထွက်နှုန်းအနေဖြင့် တစ်ဧကခန့်မှန်း ၁၉၈ ပိဿာထွက်ရှိလျှင် ပိဿာချိန် ခြောက်သိန်း ကျော် ထွက်ရှိမည်ဖြစ်ပြီး ချည်မျှင်ရှည်ဝါ  ၇၀၁၃ ဧကလျှင် ခန့်မှန်း အထွက် နှုန်း အနေဖြင့် ၄၃၉ ပိဿာ ထွက်ရှိပါက  ပိဿာချိန် သိန်း ၃၀ခန့် ထွက်ရှိနိုင်ပြီး ဝါကြီးနှင့် ချည်မျှင်ရှည်ဝါ  စုစုပေါင်း ပိဿာ ချိန်ပေါင်း ၃၆ သိန်းကျော်ခန့်  ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ဝါစိုက် တောင်သူထံမှ ခန့်မှန်းသိရှိရသည်။

ကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေ
ဝါသီးနှံ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် သွင်းအားစုများ ဈေးကြီးမြင့်လာသည့်အတွက်  ယခင် နှစ်ထက် တစ်ဆကျော်ကုန်ကျခဲ့ကြောင်း သိရှိရသည်။ ဝါကြီး တစ် ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ကျပ် ၃၈၀ဝ၀ဝကျော်၊ ချည်မျှင်ရှည်ဝါအနေဖြင့် ခုနစ်သိန်းကျော် ကုန်ကျပြီး ဝါကြီးတစ်ဧက အထွက်နှုန်း ၁၉၀ ပိဿာရှိပါက တစ်ဧက ဝင်ငွေမှာ ၅၃၂၀ဝ၀ ကျပ် ရရှိပြီး အကျိုးအမြတ်အနေဖြင့် ၁၄၉၇၀ဝကျပ်၊ ချည်မျှင်ရှည်ဝါအနေ ဖြင့် တစ်ဧက ၄၃၉ပိဿာထွက်လျှင် တစ်ဧကဝင်ငွေကျပ် ၁၂၂၉၀ဝ၀ ကျော်ရရှိသည်။ အကျိုးအမြတ်အနေဖြင့် ကျပ် ၅၂၀ဝ၀ဝ ကျော်ရရှိ မည်ဖြစ်ပါ၍ ယခုအချိန်တွင်   သွင်းအားစုဈေးနှုန်းများ ကြီးမြင့်လာပြီး တစ်ဧက ကုန်ကျစရိတ်မှာ ယခင်နှစ်ထက်   ပိုခဲ့သော်လည်း ဝါစိုက် တောင်သူများအနေဖြင့် ဝါဈေးမှာ ယခင်နှစ်ထက် ဈေးကောင်းရနေ သည့်အတွက် အကျိုးအမြတ် ပိုမည်ဖြစ်သည်။

တောင်သူလက်ကျန်အခြေအနေ
နိုဝင်ဘာလဆန်းပိုင်းသည် ဝါသီးနှံများ စတင်ထွက်ပေါ်သော ကာလဖြစ်ရာ ပြည်ခရိုင်အနေဖြင့် ချည်မျှင်ရှည်ဝါများစတင်၍ ၁၃၁ ဧက ရိတ်သိမ်းပြီးဖြစ်ရာ ဝါပိဿာချိန်ပေါင်း ၅၀ဝ၀ဝကျော်ခန့် ထွက် ရှိနေပြီဖြစ်သည်။ တောင်သူများအနေဖြင့် ထွက်ရှိလာသော ဝါများ အား လက်ဝယ်မထားဘဲ ဝါကုန်သည်များ၊   ဝါဒိုင်များသို့ ချက်ချင်း ရောင်းချကြောင်း သိရသည်။  ချည်မျှင်ရှည်ဝါ ၆၈၈၂ဧက၊ ဝါကြီး ၃၀၂၅ဧက ရိတ်သိမ်းရန် ကျန်ရှိနေပြီး အဆိုပါဧကများ  ရိတ်သိမ်း ပြီးပါက ချည်မျှင်ရှည်ဝါပိဿာချိန်ပေါင်း သိန်း၃၀ကျော်နှင့် ဝါကြီး ပိဿာချိန်ပေါင်း ခြောက်သိန်းခန့်  ထပ်မံထွက်ရှိရန် ကျန်ရှိနေကြောင်း သိရှိရသည်။

ဈေးနှုန်းဈေးကွက်အခြေအနေ
ပြည်ခရိုင်တွင် ဝါဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ  စတင် ထွက်ပေါ်ချိန်က ဝါအများဆုံး စိုက်ပျိုးသည့် ပေါက်ခေါင်းမြို့နယ် တွင် ဝါကောင်းလျှင် တစ်ပိဿာ ကျပ် ၂၃၀ဝ ၊ ဝါညံ့လျှင် ကျပ် ၂၁၀ဝ ဖြင့် ဈေးစဖွင့်  ဝယ်ယူခဲ့ပြီး ယခု ၂၈၀ဝကျပ်ဈေးရပြီး   ဝါစေ့တစ် ပိဿာလျှင်  ၁၁၅၀ကျပ် ဈေးပေးဝယ်ယူလျက်ရှိကြောင်း သိရသည်။ ပြည်မြို့နယ်အနေဖြင့် ထွက်ရှိသော ဝါသီးနှံများကို  တောင်သူများ ထံမှ ရွာပွဲစားများက ဝယ်ယူ၍ ပေါက်ခေါင်းမြို့နယ်ရှိ ဝါစက်ရုံများနှင့် အောင်လံဈေးကွက်သို့  တင်ပို့ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ဝယ်ယူ၍ရရှိသော ကုန်ကြမ်းများကို ဝါဂွမ်းအဆင့်ကြိတ်ခွဲပြီး မန္တလေးနှင့်  မူဆယ်ဈေးကွက်သို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိသည်။
 
ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ
ပြည်ခရိုင်တွင် ဝါကြိတ်စက်ရုံ   သုံးရုံရှိပြီး အဆိုပါ ဝါကြိတ် စက်ရုံများမှာ ပေါက်ခေါင်းမြို့နယ်၌သာ  တည်ရှိသည်။  ဝါကြိတ် စက်ရုံသုံးရုံအနေဖြင့် ပိဿာချိန် ၁၃၁၃၀ဝခန့်ဝယ်ယူပြီး ပိဿာချိန် ၃၀ဝ၀ဝခန့်ကြိတ်ခွဲပြီးဖြစ်ရာ လက်ကျန်အနေဖြင့်ပိဿာချိန်၁၀၁၃၀ဝ ကြိတ်ခွဲရန် ကျန်ရှိနေကြောင်း သိရှိရသည်။  စက်ရုံများအနေဖြင့် ကြိတ်ခွဲပြီးသော ဝါဂွမ်းများအား ဈေးကွက်မရရှိသေး၍ ရောင်းချမှု မရှိသေးကြောင်း သိရှိရသည်။
ယခုနှစ်တွင် ဝါစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခင်နှစ် ထက် ဝါအထွက်နှုန်း လျော့နည်းလာသော်လည်း  ဈေးကောင်းများ ရရှိသည့်အတွက် ဝင်ငွေများတိုး၍ အကျိုးအမြတ်   ပိုမိုရရှိသဖြင့် နောက်လာမည့်နှစ်များတွင်  ဝါစိုက်ဧကများ  တိုးချဲ့စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်မည်ဆိုလျှင် ဝါများ အထွက်ကောင်းပြီး ဈေးကောင်းလည်း ဆက်လက်ရရှိလာမည်ဆိုလျှင် တောင်သူများအတွက် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းလာမည် ဖြစ်ကြောင်း လေ့လာသိရှိရသည်။ 
ဆုမွန်ဆွေ(ပြည်)