Main menu

Background

ပြည်ဒေသထွက် တောလက်ဖက်

Tue, 01/31/2023 - 12:55 -- journal_editor

ပြည်မြို့၏ဒေသထွက် အစားအစာတစ်ခုဖြစ်သည့် တောလက်ဖက်သည် မြန်မာနိုင်ငံတွင် ပြည်မြို့တစ်မြို့တည်းတွင်သာရရှိသည်။ အခြားမြို့ရွာများမှ မိတ်ဆွေများကို လက်ဆောင်ပေးရာတွင် မပါမဖြစ်ပါဝင်သောအစားအစာတစ်မျိုးဖြစ်သည်။ 
နိဗ္ဗိန္ဒလက်ဖက် (သို့)ပြည်လက်ဖက်(သို့) သီလရှင်လက်ဖက်(သို့) မိုးကျလက်ဖက်(သို့)တောလက်ဖက် အဆင်ပြေသလိုခေါ်ဝေါ်ကြ၍ ဒေသစာလက်ဖက်ကို သဘာဝအလျောက် ပေါက်‌ရောက်သည့် ဆေးဖက်ဝင် နရွဲရွက်၊ ကြက်တက်ရွက်ကို  တပေါင်း၊ တန်ခူးကာလမှာ ခူးဆွတ်ပြီး ရွက်နုလေးတွေကို ရေစင်အောင်ဆေး၊ ရေနွေးနှင့်ပြုတ်၊ ရေစင်အောင် သေချာပြန်ညှစ်၊ သေချာသန်စင်ထားသည့် အင်ဖက်၊ ဘန့် ဘွေးဖက်၊ တောင်စဉ်ဖက်တို့နှင့် ထုပ်၊ ဝါးနှီးဖြင့်ချည်နှောင်ပြီး လက်ဖက်လို စားလို့ကောင်း နူးညံ့သွားအောင် စဉ့်အိုး၊ ဖျဉ်းအိုးထဲတွင် မိုးရေအပြည့်နှင့်စိမ်၊ အပေါ်မှ အဖုံးကို လုံနေအောင်ပိတ်ပြီး တစ်နှစ်လုံး နှပ်ထားပြီး ရလာသောလက်ဖက်ဖြစ်သည်။
စားသုံးနည်းမှာ လက်ဖက်သားကို ဆီ၊ ငံပြာရည်၊ အရသာမှုန့် လေးတို့ဖြင့်နယ်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နှစ်ပြန်ကြော်၊ ကြက်သွန်ကြော်၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ပုစွန်ခြောက်တို့ ထည့်၍ သုပ်စားလျှင် အရသာအလွန်ကောင်းသည်။ ပုံမှန်လက်ဖက်ထက် အများကြီးနူးညံ့သည်။
တောလက်ဖက်ကို သုပ်၍စားသုံးခြင်းဖြင့် လေအောင့်၊ လေနာ မဖြစ်သည့်အပြင် လေရောဂါ ကိုသက်သာစေသည်။ အခြားရနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ အဆီကျစေခြင်း၊ဝမ်းမှန်စေခြင်း၊ သွေးတိုးကျစေခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊ လေကြေစေခြင်းတို့ပင်ဖြစ်သည်။
တောလက်ဖက်အထုပ်လေးကို ရေစိမ်ထားပြီး ရေလဲလဲပေးပါက အနည်းဆုံး ၁၀လအထိ အထားခံသည်။ တောလက်ဖက် အထုပ်တစ်ထုပ်  ဈေးနှုန်းမှာ ၅၀ဝ ကျပ်သာဖြစ်၍ အသင့်စား သော လက်ဖက် ၁၅ကျပ်သားခန့် ပါဝင်သော ဘူးတစ်ဘူးကို ကျပ် ၃၀ဝ၀ ဈေးဖြစ်၍ ယခုအခါတွင် တောလက်ဖက်ရှားပါးနေပြီဖြစ်၍ မတ်လကုန်ပြီး ဧပြီလဆန်းကျော်တွင် တောလက်ဖက် အထုပ်သစ်များပေါ်၍  ဈေးနှုန်းသည်လည်း တစ်ထုပ်လျှင်  အနည်းဆုံး ၃၀ဝ ကျပ်ဈေးဖြင့် ဈေးပြန်လည် ချိုသာလာမည်ဖြစ်ကြောင်း သိရသည်။
အေးမြတ်သီတာ(ပြည်)