Main menu

Background

ကလေးဝဒေသထွက် အစားအစာ ဆီးဖျော်ရည်

Mon, 02/13/2023 - 15:54 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အတွင်းရှိ ကလေးဝမြို့မှ ထွက်ရှိသည့်  ဆီးဖျော်ရည်နှင့်မန်ကျည်းဖျော်ရည်သည် ဒေသထွက်  အစားအစာအဖြစ် လူကြိုက်များ နာမည်ကြီးလှသည်။
ကလေးဝမြို့ အမှတ်(၂)ရပ်ကွက်မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဆီးဖျော်ရည် လုပ်ငန်းရှင်  ဒေါ်သီတာထံသို့ သွားရောက်၍ ဆီးဖျော်ရည်ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို တွေ့ဆုံမေးမြန်းရာတွင်  မိမိအနေဖြင့် ဆီးသီးများကို  ဇန်နဝါရီလမှစ၍ စတင်စုဆောင်းရကြောင်း၊ ဆီးသီးကုန်ကြမ်းများကို ကလေးဝမြို့နယ်အတွင်းရှိ ကျော်ဇင်ကျေးရွာနှင့်  ကျွဲနံကျေးရွာများမှ ထွက်ရှိသည့် ဆီးချဉ်သီးများကို ဝယ်ယူရရှိသည်။ သကြားများကို  ကလေးမြို့မှတစ်ဆင့် ဝယ်ယူအသုံးပြုရသည်။ 
ကျိုချက်ရာတွင် ဆီးသီးများကို ရေစိမ်၍  စနစ်တကျ  စင်အောင်ဆေးကြောပြီးနောက် အနှစ်ကျသည်ထိ  ကျိုချက်ရသည်။ သကြားနှင့်ဆားတို့ကို သင့်တင့်ရုံထည့်ကျိုပြီး အအေးခံ၍ ပုလင်းများအတွင်း  ထည့်သွင်း ရောင်းချကြောင်း၊ ဆီးဖျော်ရည်ပုလင်းများကို ကလေးဝမြို့တွင်းနှင့် ကလေးမြို့၊ မုံရွာမြို့၊ မန္တလေးမြို့များသို့ ဒေသထွက်ဆီးဖျော်ရည်များကို လက်ဆောင်များအဖြစ် တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ဆီးဖျော်ရည် တစ်ပုလင်းလျှင် ကျပ် ၄၀ဝ၀ - ၅၀ဝ၀ ခန့် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။ 
ဆီးဖျော်ရည်လုပ်ငန်းသည်  နှစ်စဉ် ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ကြောင်းနှင့် မိရိုးဖလာ အိမ်တွင်းလက်မှု တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သောကြောင့် စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ဆီးသီး နှစ်တင်းခွဲလျှင် ဆီးဖျော်ရည် ပုလင်း  ၃၀  ရရှိပြီး တစ်နှစ်လျှင်  ဆီးဖျော်ရည် ပုလင်းပေါင်း  ၃၀ဝ၀ မှ ၅၀ဝ၀ ခန့်ထိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း  သိရှိရသည်။ 
သိမ့်သိမ့် (ကလေး)