Main menu

Background

ပြည်မြို့နယ် ဒေသထွက် ဆူးပုပ်ရွက်

Tue, 04/25/2023 - 14:48 -- journal_editor

ဆူးပုပ်ရွက်တွင် အာဟာရဓာတ်များစွာရှိပြီး ပါဝင်သည့် အာဟာရများမှာ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ ဖောစ‌ဖရိတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ အမျှင်ဓာတ်နှင့် သံဓာတ်တို့ပါဝင်သည်။ ဆူးပုပ်ရွက်အား ပဲကြီးဟင်းချိုထဲတွင် ထည့်ချက်လေ့ရှိပြီး ဘဲဥနှင့် ဆူးပုပ်ရွက် ခေါက်ကြော် စားသောက်ကြသည်။ ဆူးပုပ်ရွက်သည်  ထမင်းစားဝိုင်းတွင် အရံဟင်းလျာအဖြစ်သာ စားသောက်ရုံသာမက  ကိုယ် ခန္ဓာအတွက်လည်း ဆေးဖက်ဝင်သည့် အပင်တစ်မျိုးဖြစ်သည်။ ဆူးပုပ်ပင်တွင် ကယ်ဆီယမ်ဓာတ် ပါဝင်သောကြောင့် သွားနှင့်ခံတွင်း ကျန်းမာစေသည်။ သွားဖုံးသွေးယိုခြင်းနှင့် ခံတွင်း၌ရှိသော ပိုးများကို သေစေနိုင်သည်။ ဆူးပုပ်ရွက် အရင်းကိုင်းများအား ကြိတ်ပြီး သောက်လျှင် ပန်းနာရင်ကြပ်ကို ပျောက်ကင်းစေသည်။ ဗီတာမင်စီ ပါဝင်သောကြောင့် ဖျားနာခြင်းနှင့် အအေးမိခြင်းများ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ ဆူးပုပ်ရွက် အနုလေးများအား တို့စားပေးပါက ကိုယ်လက်ကိုက်ခဲခြင်းကိုလည်း သက်သာစေသည်။ သံဓာတ် ပါဝင်သည့်အတွက် သွေးနီဥဆဲလ်များကို ဖြစ်ပေါ်စေပြီး သွေးအားနှင့် ကိုယ်တွင်း အောက်ဆီဂျင်ပြည့်ဝစေရန် အထောက်အကူ ဖြစ်စေသည်။
အဆစ်ရောင်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးသည်။  ဆူးပုပ်ရွက်က အစာကြေသလို အူများကို အာဟာရ စုပ်ယူနိုင်စေဖို့နဲ့ လှုပ်ရှားမှုကောင်းစေသည်။ ဆူးပုပ်ရွက်ကို ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များ စားသောက်ရန် မသင့်ပါ။ ဆူးပုပ်ရွက်သည် ကိုယ်ခန္ဓာအတွက်ကောင်းမွန်သည့် အာဟာရများပါဝင်သော်လည်း အလွန် အကျွံစားသုံးမိလျှင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်းများ ဖြစ်တတ်သည်။ ဆူးပုပ်ရွက်ပင်များအား စိုက်ပျိုးရာတွင် လွယ်ကူစွာရှင်သန်နိုင်သည်။ ဆူးပုတ်ပင်အား စီးပွားဖြစ်စိုက်ပျိုးလျှင် မြေကျင်းတူးပြီး  တစ်ပင်နှင့် တစ်ပင်အကြား တစ်တောင်လောက်ခြားပြီး စိုက်ပျိုး ရသည်။ ကျင်းအနက်ကို တစ်ပေအနက်တူးကာ နွားချေးနှင့် ယူရီးယားဓာတ်မြေသြဇာရောပြီး ထည့်ပေးရသည်။ နွေရာသီအချိန်တွင်  ဆူးပုတ်ပင်များအား ရေများများလောင်းပေးရပြီး အညွန့်များအား သုံးရက်လျှင်  တစ်ကြိမ် ခူးယူရ သည်။ ဆူးပုပ်ပင်သည် အရွက်နုများအား ရောင်းစားရနိုင်သကဲ့သို့ အပင်အားကိုင်းကူးပြီး ဈေးကွက်တွင် ရောင်းချနိုင်သည်။ ဆူးပုပ်ရွက်များအား ဈေးကွက်အတွင်း ရောင်းချရာတွင် ဆူးပုပ်ရွက် အနုလေးများ အခက်သုံးခက်ပါ  တစ်စည်း လျှင် ကျပ် ၅၀ ဖြင့် ရောင်းချသည်။
ရွှေတောင်မြို့နယ်အနီးတစ်ဝိုက်ရှိ ရွာများတွင်လည်းကောင်း၊ ပြည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် လည်းကောင်း၊ ဆူးပုပ်ပင်များအား တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချရာတွင်  ပွဲစားများမှ  လာရောက်ဝယ်ယူပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်းသိရသည်။                         

ခင်ဆွေဦး(ပြည်)