Main menu

Background

ဈေးကွက်အတွင်း ဖြန့်ချိတော့မည့် ဓနုဖြူ အုန်းချိုမွှေး

Tue, 05/09/2023 - 12:05 -- journal_editor

မအူပင်ခရိုင်သည်  ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ ငါး၊ ပုစွန်နှင့်သဘာဝသယံဇာတများ ထွက်ရှိပြီး ဒေသထွက် ကုန်မျိုးစုံဖြစ်သည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရုံသာမက တစ်မူထူးခြား စိတ်ဝင်စားစရာကောင်း သော အုန်းချိုမွှေး (အရည်သောက်) စိုက်ပျိုးရေးခြံ၏ ရည်မှန်းချက်နှင့် ဈေးကွက်အနေအထားကို ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဖုန်းဆိုး တောင်  ကျေးရွာအုပ်စုရှိ  ဦးဇော်မင်းဦး  (Alloy Co,Ltd.)  က  ယိုးဒယားအုန်းချိုမွှေး  စိုက်ပျိုးထားရှိ အကောင်အထည်ဖော်မှုအား လေ့လာသိရှိခဲ့ရသည်။
ယိုးဒယား အုန်းချိုမွှေး စိုက်ပျိုးထုတ်လုပ်မှုကို မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်ကျေးရွာ အုပ်စု ကွင်းအမှတ် (၁၃၃)  သံလွင်ငူကွင်းအတွင်းရှိ ဧရိယာ ဧက ၁၈၀ တွင် ၂၀၂၁ ခုနှစ်ကစတင် စိုက်ပျိုး ခဲ့ပြီး ၂၀၂၂ ခုနှစ်ထိ စိုက်ပျိုးပြီးစီးမှု ဧကပေါင်း ၁၂၀ ရှိခဲ့ရာ တစ်ဧကပျမ်းမျှ ၉၅ ပင် စိုက်ပျိုးခဲ့ပြီး ကွမ်းသီး ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးခဲ့ကြောင်း လေ့လာ သိရှိခဲ့သည်။
အုန်းချိုမွှေး (အရည်သောက်) စိုက်ပျိုးရေးခြံ၏ အဓိက ရည်မှန်းချက်နှင့် ဈေးကွက်အနေအထားမှာ မြန်မာနိုင်ငံသားများနှင့် ပြည်ပခရီးသွား ဧည့်သည် များ၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေးနှင့် ညီညွတ်သော အုန်းချိုမွှေးများ သောက်သုံးရန်အတွက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသအတွင်း လူငယ်များ ၏  ကြိုးစားအားထုတ်မှုနှင့်   ကျွမ်းကျင်မှုအလိုက် ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ အား  အုန်းချိုမွှေး(အရည်သောက်)ကို ချိုမြိန်စွာ သောက်သုံးနိုင်ရေး  ရည်ရွယ်ထားရှိကာ အုန်းချိုမွှေး စိုက်ခင်းအား အခြေပြုပြီး ဒေသ၏ သာယာလှပမှုအား သဘာဝအဆင့်မြှင့်  အပန်းဖြေစခန်းတစ်ခုအဖြစ် တည်ဆောက်ထားရှိပေးရန် ရည်မှန်းထားရှိပြီး ဆောင် ရွက်ခြင်း၊  ပြည်တွင်းအုန်းချိုမွှေး (အရည်သောက်) သောက်သုံးမှုအတွက် အဓိကထား ထုတ်လုပ်ထားရှိ မည်ဖြစ်ပြီး လုံလောက်သော သုံးစွဲမှုထက် ကျော်လွန် ထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက်တစ်ခု ပေါ်ပေါက် လာစေရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း (Alloy Co,Ltd.) မှ ဦးဇော်မင်းဦး၏ ပြော ကြားချက်အရ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ် ရေးများ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ဆက်စပ်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များပါ သွားလာမှု လွယ်ကူလာသည့် အတွက် ဒေသထွက်ကုန်များ ဈေးကွက်ရရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မှု  အားကောင်းလာမှုအပေါ်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင် ကျေးရွာအုပ်စုရှိ အုန်းချိုမွှေး (အရည်သောက်) လုပ်ငန်းသည်  သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့်အပြင်  သာယာလှပခြင်း၊  စားသုံးသူများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးနှင့် ညီညွတ်သည့် အုန်းချိုမွှေးများထုတ်လုပ်မည့် အစီအမံများ အကြောင်းကို လေ့လာတွေ့ရှိရသည်။
မအူပင်ခရိုင်သို့ ဖြတ်သန်းသွားလာမည့် ခရီးသွားလုပ်သား  ပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ် အရည်အသွေးပြည့်မီ အရသာကောင်းသည့် အုန်းချိုမွှေးများကို ဈေးကွက်အတွင်း ဖြန့်ချိတော့မည့် အခြေအနေကောင်းများကို (Alloy Co,Ltd.) မှ ဦးဇော်မင်းဦးက ရှင်းလင်းပြောပြခဲ့သည်။
Consumer(MT)