Main menu

Background

တောင်ငူမြို့မှ ဈေးကွက်အဝယ်လိုက်သည့် ငုသီး

Tue, 05/09/2023 - 15:07 -- journal_editor

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ ငွေလှံ အိုးကုန်းရပ်ကွက်  နိုင်နိုင်ကျော်ပွဲရုံတွင်  ငုသီးအတောင့် အမှည့် တစ်ပိဿာလျှင် ကျပ် ၈၀ဝ ဖြင့်  ဝယ်ယူနေသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်  အလေ့ကျပေါက်သော ငုပင်များရှိသကဲ့သို့ သီးသန့်စိုက်ပျိုးထားသည့် ငုပင်များလည်း ရှိသည်။ နိုင်နိုင်ကျော်ပွဲရုံသို့ ဒေသအနှံ့မှ တင်ပို့ရောင်းချရာ တစ်ရက်လျှင် ပိဿာ ၄၀ဝ ခန့် ဝယ်ယူရကြောင်း ၊ ဖေဖော်ဝါရီလမှစ၍ မေလအထိ ပုံမှန်ဝယ်ယူရကြောင်း သိရသည်။
ပွဲရုံသို့ ဝင်ရောက်လာသော ငုသီးများကို လုပ်သားများ ဖြင့် အခွံခွာကြသည်။ အခွံများခွာပြီးလျှင် အသီးအတွင်းမှ အစေ့ရောနှောလျက် အနှစ်များထွက်ရှိလာသည်။ လုပ်သား တစ်ဦး တစ်ရက်လျှင် ပိဿာ ၂၀ ခန့် အခွံခွာနိုင်သည်။ ငုသီး ကုန်ကြမ်း တစ်ပိဿာ အခွံခွာပြီးလျှင် လုပ်သားခ ကျပ် ၄၀ဝ ရသဖြင့် လုပ်သားတစ်ဦး တစ်ရက် လုပ်ခ ကျပ် ၈၀ဝ၀ရသည်။ အစေ့အနှစ်ရောများကို ကုန်ချောအဖြစ်ရရှိအောင် အစေ့ များဖယ်ထုတ်ခြင်း၊ အလုံးလိုက် ဖြစ်နေသည့် အနှစ်များကို တစ်ဖတ်ခြင်းခွာခြင်း၊  ရရှိလာသည်များကို နေလှန်းခြင်းများ ပြုလုပ်ရသည်။
ငုသီးအတောင့် တစ်ပိဿာလျှင် ကုန်ချော ၃၅ ကျပ် သားခန့် ပြန်လည်ရရှိသည်။ သန့် စင်ပြီး ငုသီးအနှစ်ဖတ်များကို တစ်ပိဿာလျှင် ကျပ်  ၈၀ဝ၀ ဖြင့် ပြန်လည်ရောင်းချရသည်။ ရန်ကုန်မြို့နှင့်  မန္တလေးမြို့များမှ ကုန်သည်များက ဝယ်ယူ သည်။ ရန်ကုန်မြို့မှ လာရောက်ဝယ်ယူသည့် ကုန်သည်များသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့ လည်းကောင်း၊ မန္တလေးမြို့မှ လာရောက်ဝယ်ယူသည့် ကုန်သည်များသည် တရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့ရောင်းချကြောင်း၊ ပြည်ပ နိုင်ငံများတွင် ငုသီး အနှစ်အဖတ်များကို တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း ပွဲရုံပိုင်ရှင် ဦးနိုင်နိုင်ကျော်၏ ပြောပြချက်အရ သိရသည်။  
မြင့်သူ (တောင်ငူ)