Main menu

Background

တောင်ပေါ်ဒေသမှ ရာသီပေါ်ဒူးရင်းသီး

Tue, 06/20/2023 - 14:28 -- journal_editor

ဒူးရင်းသီးများလှိုင်လှိုင်ပေါ်သည့် ယခုကာလတွင်  ဒူးရင်းသီး ပေါသည့်မိမိတို့ တောင်ငူမြို့မှထွက်သော ကားတိုင်းလိုလိုတွင် ဒူးရင်း သီးအနံ့က မွှေးနေသည်။ မိမိတို့မြို့မှ လာရောက်သည့် ဧည့်သည်များ ဝယ်သွားသည်များရှိသလို ရပ်ဝေးဒေသမှ မိမိတို့ ဆွေမျိုးမိတ်ဆွေများ ထံသို့ လက်ဆောင်ပေးပို့ကြသည်များလည်းရှိသည်။  တောင်ငူခရိုင်၊ တောင်ငူမြို့နှင့် ဖြူးမြို့တို့တွင် ဒူးရင်းသီးများကို ဆိုင်ပေါ်တင် ရောင်း ချသူများရှိသလို ကားလေးများဖြင့်တင်၍  လှည့်လည်ရောင်းချကြ သည်များလည်းရှိသည်။  ရန်ကုန်-မန္တလေးလမ်းမပေါ် သွားလာကြ သော ကားကြီးကားငယ်တို့သည့်  ဒူးရင်းသီးဆိုင်ရှေ့၊ ဒူးရင်းသီးကား နားရောက်လျှင် ကားရပ်ပြီး ဆင်းဝယ်ကြသည်။ 
တောင်ငူခရိုင်သည် ဒူးရင်းသီးပေါများစွာ အရောင်းအဝယ်ဖြစ် နေသော်လည်း ဒူးရင်းသီးစိုက်ပျိုးသည့် ခရိုင်တော့မဟုတ်ပါ။တောင်ငူ မြို့အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ကြီးခရိုင်၊  သံတောင်ကြီး၊ သံတောင်၊ ဘောဂလိ၊ လိပ်သိုဒေသမှ  ဒူးရင်းသီးများသည် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပြီး အရောင်းအဝယ်ကောင်းသည့်တောင်ငူ မြို့သို့ ဝင်ရောက်လာသကဲ့သို့ ညောင်လေးပင်ခရိုင်၊  စစ်တောင်းမြစ် အရှေ့ဘက် ကျောက်ကြီးမြို့နယ် တောင်ပေါ်ဒေသဖြစ်သောကျောက် ကြီးနှင့် မုန်းဒေသတို့မှထွက်သော   ဒူးရင်းသီးများသည် ၎င်းဒေသ များနှင့် အနီးဆုံးဖြစ်သော ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ ဖြူးမြို့သို့ ဝင်ရောက်လာကြခြင်းဖြစ်ပါသည်။ 
ဒူးရင်းသီး၏မူရင်းဒေသသည် အရှေ့တောင်အာရှ  အီကွေတာ မိုးသစ်တောဖြစ်ပါသည်။   အင်္ဂလိပ်အမည်မှာ  Durain, ရုက္ခဗေဒ အမည်မှာ Durio zibethenus, မျိုးရင်းအမည်မှာ  Bombaceae  ဖြစ်ပါ သည်။ အီကွေတာမှတောင်နှင့်မြောက် ၁၅ ဒီဂရီအတွင်း ကောင်းမွန်စွာ ဖြစ်ထွန်းပြီး  ၁၈ ဒီဂရီအထိလည်း စိုက်ပျိုးနိုင်သည်။  မြန်မာနိုင်ငံ တွင် တနင်္သာရီတိုင်းဒေသကြီး၊   မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ တွင် ကောင်းမွန်စွာဖြစ်ထွန်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး  အရှေ့ပိုင်းတို့တွင်လည်း စီးပွားဖြစ် စိုက်ပျိုးနိုင်ပါသည်။
ဒူးရင်းသီးသည်  ပူအိုက်စွတ်စိုသော  ရာသီဥတုကို နှစ်သက် သည်။ ပျမ်းမျှအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်နှင့် ၃၀ ဒီဂရီစင်တီဂရိတ် ကြား၊ စိုထိုင်းဆ ၇၅ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၇၅ လက်မ အထက် ရသောဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော သဲနုန်း (သို့မဟုတ်) နုန်းမြေများကို နှစ်သက် သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၆၀ဝ အထိ စိုက်ပျိုးနိုင် သော်လည်း ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၀ဝ၀ အောက်တွင် သာ အသီးများ  ကောင်းစွာဖြစ်ထွန်းပါသည်။ မိုးဦးကျ ဇွန်လခန့်တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုး နိုင်ပါသည်။
ဒူးရင်းသီးမျိုး ရွေးချယ်ရာတွင် အသီးထွက်ကောင်းခြင်း၊ အမြွှာ ကြီးပြီး အသားထူ၊ အစေ့သေး၍ အရသာကောင်းခြင်း၊ စောစော သီးပွင့်ခြင်းတို့ကို   ဦးစားပေးသင့်ပါသည်။ အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး(၁)၊ ကန်ကလေး(၂)၊ ရွှေဒင်္ဂါး၊ မိချောင်း ခေါင်းများကို စိုက်ပျိုးနိုင်ပါသည်။   ဒူးရင်းပင်စိုက်ပျိုးရန်အတွက် အလျား ၃ ပေ၊ အနံ ၃ပေ၊ အနက် ၃ပေအရွယ် စိုက်ကျင်းတူးပြီး မြေခံ မြေသြဇာအဖြစ် ၁၅ါ် ၁၅ါ် ၁၅ သုံးမျိုးစပ် နို့ဆီဘူးတစ်ဘူး၊ နွားချေး ဆွေး (သို့မဟုတ်)ကြက်ချေးဆွေး နှစ်တင်း၊ မြေအောင်းပိုးသတ်ဆေး တစ်ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး တစ်ဘူးတို့ကို   အပေါ်ယံမြေနှင့် သမ အောင်ရော၍ စိုက်ကျင်းထဲထည့်ကာ တစ်လခန့်   နှပ်ထားသင့်ပါ သည်။ 
ကျန်းမာသန်စွမ်းသော တစ်နှစ် နှစ်နှစ်သား ကိုင်းဆက်ပျိုးပင် များကို မြေနှပ်ထားသော ကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝ မဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး  ပလတ်စတစ် အနက်စဖြင့် အုပ်ပေးခြင်း၊  တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်း ပေးခြင်းများ ပြုလုပ်ပေးရပါသည်။ စိုက်ပျိုးပြီး   နှစ်နှစ်သားအထိ ကျနေဒဏ် ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရပါသည်။ ဒူးရင်းပင်၏ ကျနေဘက်အခြမ်း  လေးပေ၊ ငါးပေခန့်အကွာတွင် ငှက်ပျော စိုက်ပျိုး ပေးပါက အရိပ်လည်းရ၊ ကြားဝင်ငွေလည်းရမည် ဖြစ်ပါသည်။
ဒူးရင်းပင်များကို မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများ ပြုလုပ် ပေးရသည်။ အသီးခူးပြီးချိန်တွင်  အကိုင်းရှင်းခြင်း၊  ပေါင်းမြက်ရှင်း ခြင်းများ ပြုလုပ်ပေးရပါသည်။ စက်တင်ဘာ၊  အောက်တိုဘာလများ တွင် မြေသြဇာကျွေးခြင်းကို ပြုလုပ်ပေးရပြီး နိုဝင်ဘာလမှ မိုးကျသည် အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက လေးရက်တစ်ကြိမ် သို့မဟုတ် ငါးရက်တစ်ကြိမ် လုံလောက်စွာ ပေးရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းမည်ဖြစ်ပါသည်။
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန်  အကိုင်းဖြတ် ပြုပြင်ခြင်းလည်း ပြုလုပ်ပေးရပါမည်။ ရှုပ်ထွေးနေသောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များကိုရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ် တိုင်း သတိထားရမည်မှာ ရောဂါဝင်နိုင်၍   ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေး သုတ်လိမ်းပေးရန်ဖြစ်သည်။ အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်  ရောဂါအန္တရာယ် ကာကွယ်နိုင်သည်။ အပင်ခြေအထက် သုံးပေတွင် မည်သည့်အကိုင်း မှ မရှိစေရန် ရှင်းထားရပါမည်။
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍  သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရပါမည်။ အသီးသီးပင်ဖြစ်ပါက ၁၅ါ်၁၅ါ်၁၅ မြေသြ ဇာကို တစ်ကီလိုဂရမ်မှ သုံးကီလိုဂရမ် (၆၀ ကျပ်သားမှ ၁ ပိဿာ ၅၀ ကျပ်သား)အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံ ဖြူးကျွေးခြင်း ပြုလုပ် ပြီး အပေါ်မှ ကြက်ချေး လေးတင်း၊ ငါးတင်းခန့် အုပ်ပေးရသည်။ မြေပေါ်ကျွေးရခြင်းမှာ အမြစ်ကိုမထိခိုက်စေရန်ဖြစ်သည်။ မြေသြဇာ ကို အကြိမ်ကြိမ် ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင် သည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ကောင်းမွန် သည်။ 
ဒူးရင်းသည် စပွင့်သည်မှ မှည့်သည်အထိ မျိုးအလိုက် ငါးလခွဲ မှ ခြောက်လအထိကြာသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်း မှသည် မှည့်သည်အထိ  လေးလခွဲခန့်ကြာပါသည်။ နိုဝင်ဘာ ပန်းစ ပွင့်သောအပင်မှ ဧပြီလတွင် အသီးဆွတ်ခူးနိုင်သည်။   အရောင် ပြောင်း၊ ဆူးကျဲလာလျှင် ကောင်းစွာရင့်ပါသည်။  လက်မနှင့်ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရစ် အထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်ပါသည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရ ပါမည်။ အပင်မှညြွေ့်ကသီးက အရသာပိုကောင်းပါသည်။ ဆွတ်ခူးပြီး အသီးများကို သာမန် အခန်းအပူချိန်တွင် ၁၀ရက်ခန့်ထားနိုင်ပါသည်။ ြွေကသီးမှာမူ နှစ်ရက်သုံးရက်သာ ခံပါသည်။ မြန်မာနိုင်ငံတွင် ဒူးရင်း သီးပုံမှန် ထွက်သောကာလမှာ မေ၊ ဇွန်၊ ဇူလိုင်လများ ဖြစ်ပါသည်။
ဒူးရင်းတစ်ဧကလျှင် အပင်၄၀ခန့်စိုက်ပျိုးခြင်းသည်အကောင်း ဆုံးဖြစ်ကြောင်း၊၁၀နှစ်ကြာလျှင် အသီးကောင်းစွာ သီးကြောင်း၊ဒူးရင်း တစ်ပင်လျှင် အလုံး ၅၀ မှ အလုံး ၂၀ဝအထိ သီးကြောင်း ကျောက်ကြီး မြို့နယ်မှ ဒူးရင်းစိုက်   တောင်သူတစ်ဦး၏  ပြောပြချက်အရ သိရ သည်။ တောင်ငူခရိုင်အတွင်း ဝင်ရောက်လာသည့်   သံတောင်ကြီး ဒေသထွက် ဒူးရင်းသီးများကို တောင်ငူမြို့ရှိ   ဒူးရင်းသီးဒိုင်များသို့ လည်းကောင်း၊ ကျောက်ကြီးဒေသထွက်  ဒူးရင်းသီးများကို ဖြူးမြို့ရှိ ဒူးရင်းသီးဒိုင်များသို့လည်းကောင်း    ခြံပိုင်ရှင်များက   လာရောက် ရောင်းချကြပြီး တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများက ဈေးအသီးသီး တွင် အထိုင်ပြန်လည်ရောင်းချကြပါသည်။ ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ ကျေးရွာများမှလည်း ၎င်းဒူးရင်းသီးများကို ဝယ်ယူကာ ဆိုင်ကယ်ဖြင့် သယ်ယူ၍  အမြန်လမ်းပေါ်ရှိ ခရီးသွား ကားများကို ရောင်းချကြသည်။
တောင်ငူမြို့တွင်း လက်ရှိ ဒူးရင်းသီးဈေးနှုန်းမှာ ရှယ်သီး တစ် လုံးလျှင် ၁၀ဝ၀ဝကျပ်မှ ၁၂၀ဝ၀ ကျပ်အထိရှိပါသည်။ သာမန် အသီး များမှာ အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် တစ်လုံး လျှင် ၂၅၀ဝ ကျပ်မှ ၇၅၀ဝ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေသည်။ ဒူးရင်းသီးဒိုင်များမှ  ဒူးရင်းသီးများကို နေပြည်တော်နှင့် ရန်ကုန်မြို့ များသို့လည်း  Light Truck များဖြင့် ကားစီးလုံး  တင်ပို့ရောင်းချ ရပါသည်။
 ဒူးရင်းသီးတွင် magnesium,  potassium နှင့် copper များ ပါဝင်ခြင်းကြောင့် အရိုးအဆစ်များ သန်မာစေရန် အထောက်အကူ ပြုသည်။ အသက်အရွယ်ကြီးရင့်သည့်အခါ အရိုးပါးရောဂါ မဖြစ်စေ ရန်ကိုလည်း  ကာကွယ်ပေးပါသည်။ Folic acid  ပမာဏများ မြင့်မားစွာ ပါဝင်ခြင်း၊ copper  Iron  ဓာတ်ပါဝင်ခြင်းကြောင့်  သွေးနီဥများကို ထုတ်လုပ်ပေးနိုင်ပြီး သွေးအားနည်းခြင်းကိုလည်း  ပျောက်ကင်းစေ နိုင်သည်။ organosulfur အင်ဇိုင်းပါဝင်ခြင်းကြောင့် နှလုံးသွေးကြော ဆိုင်ရာ ရောဂါများမဖြစ်စေရန် ကာကွယ်ပေးသည်။ 
ဒူးရင်းသီးတွင် ပါဝင်သည့် အမျှင်ဓာတ်သည်    သွေးတွင်းရှိ မကောင်းသည့်  ကိုလက်စထရော ကျဆင်းစေရန် အထောက်အကူ ပေးသဖြင့် နှလုံးသွေးကြောများကို ကျန်းမာစေနိုင်ပါသည်။ အစာခြေ စနစ်၏ လှုပ်ရှားမှုနှင့် အစာခြေရည်ထွက်လာရန်  လှုံ့ဆော်ပေးနိုင် ခြင်းကြောင့်  ဝမ်းချုပ်ခြင်း၊   အူလမ်းကြောင်းပိတ်ဆို့ခြင်းများကို ကာကွယ်ပေးပြီး ဝမ်းမှန်စေ၍ အစာခြေစနစ်ကို  ကောင်းမွန်စေပါ သည်။  
ဒူးရင်းသီးတွင် ပါဝင်သည့် potassium သည်   သွေးပေါင်ကို အကောင်းဆုံး ထိန်းညှိပေးသဖြင့်  သွေးတိုးရောဂါဖြစ်ခြင်း၊  ရုတ်တရက်  နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ Vitamin B, C, E များ ပါဝင်ခြင်းကြောင့် ကင်ဆာဖြစ်စေသည့် ဆဲလ်များ မဝင်ရောက်နိုင်စေရန် ကာကွယ်ပေးပါသည်။  အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း၊  အစက်အပြောက်ဖြစ်ခြင်း၊ ကြွက်သားများပြေလျော့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွားကျိုးခြင်း၊ နှလုံးရောဂါဖြစ်ခြင်းများကို  ကာကွယ်ပေးပါသည်။ ကယ်လ်လိုရီ ပါဝင်နေမှုသည် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်အလေးချိန်တိုးစေရန် အကောင်းဆုံး ထောက်ကူပေးနိုင်ပါသည်။ သို့ရာတွင် တန်လျှင်ဆေး လွန်လျှင်ဘေးဆို သကဲ့သို့ ဒူးရင်းသီးအများ ကြီးစားလျှင် ခေါင်းမူးခြင်း၊ သွေးတိုးခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းများဖြစ် နိုင်ပါသည်။ သို့ဖြစ်၍ အပူချိန်ပြင်းသည့်အချိန်တွင်  ဒူးရင်းသီးကို ချင့်ချိန်ပြီးစားရန် လိုအပ်ပါသည်။  Insulin  ကြောင့်  ဆီးချိုအပါအဝင် နာတာရှည်ရောဂါကို ကာကွယ်ပေးနိုင်သော်လည်း ဆီးချိုရောဂါရှိသူများ ဒူးရင်းသီးကို အလွန်အကျွံ မစားသုံးသင့်ပါ။ 
ဒူးရင်းသီးဟု ဆိုလိုက်သည်နှင့် စားချင်သူများရှိသလို  ဒူးရင်းသီးကို အနံ့ပင်မခံနိုင်သူများလည်း ရှိပါသည်။ လူတစ်ကိုယ် အကြိုက်တစ်မျိုး မဟုတ်ပါလား။ သို့သော် မြည်းစမ်းကြည့်လိုက်မှ၊ နူးညံ့ ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်းသိသွား၍   စွဲလမ်းသွားကြသူများ လည်းရှိသည်။ 
ဒူးရင်းသီး၏ ထူးခြားသော အရသာကြောင့်  အရှေ့တောင် အာရှ နိုင်ငံများမှာ ဒူးရင်းကို 'အသီးမှာဘုရင်' ဟု တင်စားခေါ်ဝေါ် ကြသည်။ ယခုလို ဒူးရင်းသီးပေါ်ချိန်ကာလတွင် ဒူးရင်း စိုက်ပျိုးသူများ၊ သယ်ယူပို့ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများ အလုပ်အကိုင် အဆင်ပြေ၍   စီးပွားဖြစ်ထွန်းလျက်ရှိကြောင်း   တောင်ငူဒေသမှ ရာသီပေါ် ဒူးရင်းသီးအကြောင်း လေ့လာမိသမျှကို တင်ပြလိုက်ရပါ သည်။                

Sources - 
၁။  https://greenwaymyanmar.com/
၂။   https://hellosayawon.com/
၃။    ဒူးရင်းသီး စိုက်ပျိုးသူတောင်သူများ၊ ရောင်းချသူများနှင့် 
    တွေ့ဆုံမေးမြန်းသည့် အကြောင်းအရာများ။