Main menu

Background

မုံရွာမြို့ ဒေသထုတ်ကုန် မြေပဲဆားလှော်

Mon, 07/17/2023 - 12:06 -- journal_editor

မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့များတွင် မြို့နာမည်နှင့် အတူတွဲလျက် ထင်ရှားသည့် မြန်မာ့ရိုးရာအစားအစာများမှာ မန္တလေးထိုးမုန့်၊ ပုသိမ်ဟာလဝါ၊ ပျဉ်းမနား မျှစ်ချဉ်၊ နေပြည်တော် နန်းစိန်ကိတ်၊ ကသာငါးကြီးချဉ်နှင့် ကောက်ညှင်း ကျည်တောက်၊ စစ်ကိုင်း ခိုတောင်မုန့်တီ၊ မုံရွာ မအူမြေပဲဆားလှော် စသည်ဖြင့် နာမည်ကျော်ကြားလျက်ရှိသည်။ ယင်းတို့အနက် မုံရွာမြို့နယ်  မအူကျေးရွာမှ  မြေပဲဆားလှော် ထုတ်လုပ်မှုလုပ်ငန်းအကြောင်း တင်ပြလိုက်ပါသည်။
မုံရွာမြို့နယ် မအူကျေးရွာတွင် မြေပဲဆားလှော်လုပ်ငန်းရှင် ၁၀ ဦးခန့်ရှိပြီး တစ်ရက်လျှင် မြေပဲလုံးဆန် တင်း ၃၀ဝ ခန့်လှော်ပြီး မြေပဲဆားလှော်ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ကုန်ကြမ်းဖြစ်သော မြေပဲလုံးဆန်ကို  မုံရွာကုန်စည်ဒိုင်နှင့် ကလေးခရိုင် မင်းကင်းမြို့မှ ဝယ်ယူသည်။  မြေပဲဆားလှော် ပြုလုပ်ရန် ပထမဦးစွာ မြေပဲလုံးဆန်ကို အရွယ်ညီအောင် ဆန်ခါချရွေး၍ ဖုန်သဲခဲများ ဖယ်ထုတ်သန့်စင်ရသည်။ ရွေးပြီး မြေပဲလုံးဆန်များကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ကာ  အခွံရှုံ့လာပါက  ဆယ်ယူပြီး အချိန်အနည်းငယ် နေပူလှန်းရသည်။ ထို့နောက် မြေပဲလုံးဆန်နှစ်ပြည်လျှင် ဆား ၇၅ ကျပ် သားနှုန်းဖြင့် ဒယ်အိုးတွင် ဆားများကိုထည့်ပြီး မြေပဲများထည့်ကာ လှော်ရပါသည်။ အဆက်မပြတ် မွှေပေးရ၍  ယခင်က လူလုပ်အားဖြင့် ယောက်မကြီးများ အသုံးပြုပြီး မွှေကြသော်လည်း ယခု စက်ဒလက်များဖြင့် မွှေကြသည်။ မြေပဲလုံးဆန် တစ်တင်းလှော်ပါက မြေပဲဆားလှော် တစ်တင်းခန့်ပြန်လည် ရရှိကြောင်း သိရှိရသည်။
မြေပဲဆားလှော်လုပ်ငန်း အကြီး၊ အသေးအလိုက် မြေပဲ ဆားလှော်လုပ်ငန်းကို ရက်ခြားထုတ်လုပ်ကြောင်း၊ နေ့စား လုပ်သားများအဖြစ်  အမျိုးသမီးတစ်ဦးလျှင် ကျပ် ၅၀ဝ၀ နှင့် အမျိုးသားတစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် မအူကျေးရွာရှိ မြေပဲဆားလှော်လုပ်ငန်းများသည် လုပ်သားအင်အား ၁၀ဝ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်သည်။
မြေပဲကို မြေပဲဆားလှော်၊ မြေပဲအပွကြော်၊ ကျောက်ခဲ ခေါ် မြေပဲကြက်ဥအဖြစ်  အမျိုးမျိုးထုတ်လုပ်ရောင်းချကြ သည်။ မြေပဲအပွကြော်ကို သာဂူ၊ သကြားဖြင့်ကပ်၍ ဆီဖြင့် ကြော်ခြင်းနှင့် မြေပဲကြက်ဥသည် ဂျုံမှုန့်၊ သကြားတို့ဖြင့်ကပ်၍ လှော်ခြင်းဖြစ်သည်။ ရောင်းဈေးနှုန်းများမှာ မြေပဲဆားလှော် တစ်ပြည်လျှင် ကျပ် ၆၅၀ဝ မှ ၇၅၀ဝ ကြား၊ မြေပဲအပွကြော် တစ်ပြည်လျှင်  ကျပ် ၂၅၀ဝမှ ၂၇၀ဝ ကြား၊ မြေပဲကြက်ဥတစ် ပြည်လျှင် ကျပ် ၄၂၀ဝမှ ၄၄၀ဝ ကြား  ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။ မုံရွာ-မန္တလေးကားလမ်း  မအူကျေးရွာထိပ် တွင်  ဆိုင်ခန်းခုနစ်ဆိုင်ခန့် ဖွင့်လှစ်၍ရောင်းချခြင်း၊ မုံရွာမြို့ရှိ  တန်ခိုးကြီးဘုရားများဖြစ်သော  ဗောဓိတစ်ထောင်၊  မိုးညှင်း သမ္ဗုဒ္ဓေ၊ ကျောက္ကာရွှေဂူနီဘုရားများရှိ  ဈေးဆိုင်ခန်းများနှင့် ‌ဈေးများတွင် ရောင်းချကြသည့်အပြင်  တိုင်းတွင်း၊  အခြားမြို့နယ်များ၊ ရန်ကုန်၊  မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ တာချီလိတ်စသည့်  မြို့များသို့လည်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
သန်းသန်းတင် (မုံရွာ)