Main menu

Background

ယင်းမာပင်ခရိုင်၏‌ဒေသထုတ်ကုန်တို့ဟူးခြောက်

Mon, 08/14/2023 - 12:14 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ခုနှစ် ကုလားပဲ  စိုက် ဧက (ဆောင်း) ၄၂၁၄၄၉ဧကရှိသည့်အနက် ယင်းမာပင်ခရိုင်တွင် ကုလားပဲစိုက်ဧက(ဆောင်း) တစ်သိန်းလေးသောင်းခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းများအရ  သိရှိရသည်။ စိုက်ပျိုးသည့် ကုလားပဲမျိုးများမှာ ဠ၂ ၊ ဠ၃ ၊ ၉၂၉ နှင့် ထိုင်ဝမ်မျိုးများဖြစ်ပြီး ကုလား ပဲခွဲခြမ်းနှင့် ကုလားပဲမှုန့်များ ပြုလုပ်ရာတွင်   ၉၂၉ ကုလားပဲကိုသာ အများဆုံးအသုံးပြုကြောင်း သိရှိရသည်။ 
ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်း ကြီးမြို့ နယ်များ၌ကုလားပဲမှုန့်ဖြင့်ပြုလုပ်သောဒေသထွက်ကုန် မြန်မာ့ရိုးရာ စားစရာတစ်မျိုးဖြစ်သည့် တို့ဟူးခြောက်မှာ နာမည်ကျော်ကြား လူသိ များသော စားသောက်ကုန်ဖြစ်သည်။  တို့ဟူးခြောက်လုပ်ငန်းလုပ် ကိုင်သည့်လုပ်ငန်းရှင်များမှာ ပုလဲမြို့နယ်တွင် ၁၀ဦး၊ ယင်းမာပင်မြို့ နယ်တွင် ငါးဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၂၀ဦး၊ စုစုပေါင်း ၃၅ဦး ခန့်ရှိပြီး လွန်ခဲ့သောနှစ်၂၀ ခန့်ကတည်းက  မိရိုးဖလာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခဲ့ရာမှ   ယခုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြကြောင်း သိရှိရသည်။ 
ယင်းမာပင်ခရိုင်အတွင်း  တို့ဟူးခြောက် ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သည့်     ကုလားပဲသီးနှံ   စိုက်ပျိုးထွက်ရှိသော်လည်း ကုလားပဲမှုန့်ကြိတ်ခွဲသည့် စက်ကြီးများမရှိသဖြင့် မုံရွာဈေးကွက်မှ ဝယ်ယူကြောင်း သိရှိရသည်။ တို့ဟူးခြောက်အပြင် ကြက်သွန်ခြောက် နှင့် ကန်စွန်းဥခြောက်များကိုလည်း ကုန်ကြမ်းရရှိမှုနှင့်   ဈေးကွက် လိုအပ်ချက်ပေါ်မူတည်၍ ထုတ်လုပ်ကြကြောင်း သိရသည်။
တို့ဟူးခြောက်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည့် ကုလားပဲမှုန့်၊ သာကူမှုန့်၊   ဟင်းခတ်မှုန့်၊ အိမ်သုံးဆားနှင့် ရေ တို့ကို အချိုးကျရောစပ်၍ ကျိုချက်ရသည်။ အရည်များ  စေးပြစ် လာပါက စတီးလင်ပန်းပြားတွင် ခပ်ပါးပါးဖြန့်ထည့်၍  အအေးခံရ သည်။ အေးပြီး အချပ်အပြားလိုက်ယူ၍ရသည့်အချိန်တွင် အချပ် အပြားလိုက် ဝါးတန်းများပေါ်တင်၍   နေလှန်းရသည်။ တစ်ရက် နေလှန်းပြီးသည့် တို့ဟူးပြားများကို စတုရန်းပုံအပြားငယ်များ ဖြတ် တောက်၍ ဖျာကြမ်း   သို့မဟုတ် တာပေါ်လင်များပေါ် တင်ကာ ခြောက်သွေ့သည်အထိ နေလှန်းပြီးလျှင်    ရောင်းတန်းဝင် တို့ဟူး ခြောက်များကို ရရှိကြောင်းသိရှိရသည်။ တို့ဟူးခြောက် ပြုလုပ်ရာ တွင် ကုန်ကြမ်းကုလား ပဲမှုန့် ၃ပိဿာနှင့် သာကူမှုန့် တစ်ပိဿာကျို ပါက တို့ဟူးခြောက် ၃ပိဿာ ၅၀ကျပ်သားရရှိပြီး လုပ်ငန်းရှင်တစ်ဦး အနေဖြင့်   တစ်ရက်လျှင် တို့ဟူးခြောက်ပိဿာ ၅၀ ခန့်ထိရအောင် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ တို့ဟူးခြောက်လုပ်ငန်းရှင်တစ်ဦး သည် တစ်ရက်လျှင် လုပ်သားအင်အား ငါးဦးမှ ရှစ်ဦးထိ အသုံးပြုရပြီး လုပ်သားတစ်ဦး တစ်ရက်လျှင် ကျပ် ၆၀ဝ၀ခန့် လုပ်အားခပေးရသည်။ ယင်းမာပင်ခရိုင်ရှိ တို့ဟူးခြောက်လုပ်ငန်းနှင့် ဆက်နွှယ်၍ လုပ်သား ၂၀ဝ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်း သိရှိ ရသည်။ 
တို့ဟူးခြောက်ပြားများကို ၁၀ကျပ်သား၊၂၀ကျပ်သား ချိန်တွယ် ပြီး ပလပ်စတစ်အိတ်/ ပလတ်စတစ်ဘူးများဖြင့်ထုပ်ပိုးကာ လုပ်ငန်း ရှင်၏ကုန်အမှတ်တံဆိပ်ကပ်၍လည်းကောင်း၊     ပိဿာချိန် ၁၀ သို့မဟုတ် ၁၅ ပိဿာကို စက္ကူဂျပ်ပုံးများတွင် ပလပ်စတစ်အိတ်ကြီးများခံထည့်၍လည်းကောင်း ဒေသတွင်းနှင့် နယ်ဝေးများသို့ တင်ပို့ ရောင်းချလျက်ရှိကြသည်။ ဈေးကွက်အတွင်း ရောင်းဈေးနှုန်းများမှာ ၁၀ကျပ်သား တစ်ထုပ်/တစ်ဘူးလျှင်   လက်လီဈေး ၁၁၀ဝ ကျပ်၊ လက်ကား ၁၀ဝ၀ကျပ်ဈေးအသီးသီးဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ တို့ဟူးခြောက်လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီးငွေကျပ်သိန်း ၂၀ ခန့် လိုအပ်ကြောင်း၊ တစ်ရက်ရင်းနှီးငွေ  ကျပ် ၂သိန်း ၅သောင်း ရင်းနှီးပါက တစ်ရက်အကျိုးအမြတ်  ကျပ်တစ်သိန်းဝန်းကျင်ခန့်ရရှိ နိုင်ကြောင်း သိရှိရသည်။   သို့သော်လည်း   လုပ်ငန်းရှင်များသည် တစ်လလျှင် ပျမ်းမျှခြင်းအားဖြင့် ၁၀ရက်ခန့်သာ  လုပ်ငန်းများကို လုပ်ကိုင်ကြပြီး ဒေသတွင်း/တိုင်းတွင်းနှင့် တိုင်းပြင်ပမှ   အမှာစာ ရရှိပါက ပိုမိုထုတ်လုပ်ကြကြောင်း သိရှိရသည်။
ယင်းမာပင်ခရိုင်အတွင်းရှိ    တို့ဟူးခြောက်လုပ်ငန်းရှင်များ သည် တို့ဟူးခြောက်လုပ်ငန်းကို  စီးပွားဖြစ်သီးသန့်ထုတ်လုပ်ခြင်း များရှိသကဲ့သို့ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင် ခြင်းများဖြစ်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် ဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလျက်ရှိကြောင်းသိရှိ ရသည်။ တို့ဟူးခြောက်လုပ်ငန်းရှင် အများစုသည် စားသုံးသူကာကွယ် ရေးဥပဒေ၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို   လိုက်ပါအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးကြောင်း သိရှိရသည်။
ယင်းမာပင်ခရိုင်၏ တို့ဟူးခြောက်လုပ်ငန်းများကို ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး (One Region One Product)အဖြစ်  သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ လိုအပ်သော အရင်းအနှီး၊ နည်း ပညာနှင့် ဈေးကွက်များကို    ချိတ်ဆက်ဖော်ဆောင်ပံ့ပိုးပေးနိုင်မည် ဆိုပါက ဒေသတွင်းမှ တို့ဟူးခြောက်လုပ်ငန်းများသည် ရေရှည်ဖွံ့ဖြိုး တိုးတက်လာပြီး ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ 

 

သန်းသန်းတင်(မုံရွာ)