Main menu

Background

ကန့်ဘလူ ဒေသထုတ်ကုန်အိမ်တွင်းလက်မှုလုပ်ငန်းဝါးနှီးဖျာ

Thu, 08/31/2023 - 11:00 -- journal_editor

မြန်မာလူမျိုးများ၏ အိမ်သုံးပစ္စည်းများအနက် အခင်းအဖြစ် အသုံးပြုသော ဖျာအမျိုးမျိုးရှိရာ   သင်ဖြူးဖျာ၊  ဝါးနှီးဖျာ၊ ပလတ် စတစ်ဖျာများ စသည်ဖြင့် အကြမ်း/အနု အမျိုးမျိုးကို သုံးစွဲကြ သည်။  မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာများကို အများ အပြား ရက်လုပ်ကြပြီး    မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ဆားလင်းကြီးမြို့နယ်၌ သင်ဖြူးဖျာ ရက်လုပ်ခြင်းနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဝါးနှီးဖျာများ ကိုရက်လုပ်ခြင်းများရှိသည့်အနက်   ကန့်ဘလူမြို့နယ်  ဝါးနှီးဖျာ အိမ်တွင်းမှုလုပ်ငန်းအကြောင်း တင်ပြလိုက်သည်။ ကန့်ဘလူမြို့နယ် သပြေသာကျေးရွာသည်   အိမ်ထောင်စု ၂၅၀ခန့်ရှိပြီး  စိုက်ပျိုးရေးလုပ်ငန်းကို အဓိက  အသက်မွေးဝမ်း ကျောင်းအဖြစ် လုပ်ကိုင်သည့်အပြင်   အိမ်ထောင်စု ၆၀ ခန့်သည်  အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သော ဝါးနှီးဖျာရက်လုပ်သည့်လုပ်ငန်း ကို လွန်ခဲ့သော   နှစ်ပေါင်း ၃၀ခန့်က   စတင်လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါသည်။
ဝါးနှီးဖျာရက်လုပ်ရန် အဓိကကုန်ကြမ်းမှာ ဝါးဖြစ်ပြီး  ဝါး အမျိုးမျိုးရှိသော်လည်း ဝါးနှီးဖျာ ရက်လုပ်ရာတွင်  မျှင်ဝါးတစ်မျိုး တည်းကိုသာ အသုံးပြုရကြောင်း သိရသည်။  ဝါးကုန်ကြမ်းများ ရရှိရန် တောင်သူများသည်  ဆောင်းရာသီ၌ ကောလင်းမြို့နယ်၊ တောင်ပုံတောစခန်းသို့ စားအိုးစာခွက်များဖြင့် ရက်ပေါင်းများစွာ တောထဲတွင် တဲထိုးနေပြီး မျှင်ဝါးများကို ခုတ်ကာ နှီးဖြာကြရသည်။  ၁၁ တောင် ခန့်ရှည်ပြီး သက်တမ်းရင့်သော ဝါးပင်များကို ရှာဖွေ ခုတ်ယူကြသည်။ ဝါးတစ်လုံးလျှင် နှီးကြမ်းရှစ်စိတ်ခွဲပြီး  ဝါးနှီးဝယ် သည့် ပွဲရုံများသို့    လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ နှီးကြမ်းအစိတ် ၈၀ တစ်စည်းလျှင် ၈၃၀ဝ ကျပ်၊ အစည်း ၃၀ ပါ လှည်းတစ်စီးလျှင် ကျပ်နှစ်သိန်းငါးသောင်း ပေါက်ဈေးဖြင့် ရောင်း ချသည်။ ပွဲရုံများသည် ဆောင်းရာသီ(ဝါးရင့်ချိန်)တွင် နှီးကြမ်းများ ဝယ်ယူပြီး    တစ်နှစ်ပတ်လုံး ဝါးနှီးဖျာ ရက်လုပ်နိုင်ရန်အတွက် စုဆောင်းထားရှိရသည်။ 
ဝါးနှီးဖျာလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များသည် ရရှိ လာသော နှီးကြမ်းများကို   ဖျာရက်လုပ်နိုင်ရန်အတွက်  နှီးကြမ်း တစ်ပင်ကို ဖျာရက်လုပ်နိုင်ရန်  အလွှာလေးလွှာ ခွဲထုတ်ရသည်။  အမျိုးသားတစ်ဦးသည် တစ်ရက်လျှင် နှီးကြမ်းတစ်စည်းခွဲ လွှာနိုင် ပြီး တစ်ရက် လုပ်အားခ ကျပ် ၄၀ဝ၀/၅၀ဝ၀ ရရှိသည်။  ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် နှီးကြမ်းများကို တစ်ညရေစိမ်ရသည်။ ပြီးနောက် နှီးကြမ်းတစ်ပင်ကို  ဖျာရက်လုပ်နိုင်သည့် နှီးချော လေးပင်ရအောင် လွှာရသည်။ ရရှိလာသော  နှီးချောများကို နာရီ အနည်းငယ် ရေထပ်စိမ်ပြီးမှ  ဖျာစတင်၍ ရက်လုပ်ရသည်။ အလျား လေးတောင်ထွာ၊ အနံ သုံးတောင်ထွာ ဖျာတစ်ချပ်လျှင် နှီးသားအပင်ရေ ၈၀မှ၉၀ခန့် အသုံးပြုသည်။ ဒေသအခေါ်အားဖြင့် နှီးသား နှစ်ပင်ကို တစ်ဖီဟုခေါ်ပြီး ဖျာတစ်ချပ်လျှင် အဖီ  ၄၀ မှ ၄၅ ဖီခန့် အသုံးပြုသည်။  ဖျာရက်သည့်လုပ်ငန်းကို နွေရာသီနှင့် ဆောင်းရာသီတွင်  အများဆုံး ရက်လုပ်ကြသည်။ မိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသဖြင့် ဖျာရက်ခြင်း လုပ်ငန်းကို လူနည်းစုသာ လုပ်ကိုင်ကြသည်။   ဖျာရက်လုပ်သူအများစုမှာ      အမျိုးသမီးများဖြစ်ကြပြီး အလျား လေးတောင်ထွာ၊  အနံ သုံးတောင်ထွာ ဖျာတစ်ချပ်လျှင်  လုပ်အားခ ၈၀ဝ ကျပ်ရရှိပြီး တစ်ရက်လျှင် လေးချပ်မှ ငါးချပ်ထိ ရက်လုပ်နိုင်ကြောင်း သိရသည်။ ရရှိလာသော နှီးသားဖျာ(ဝါးဝမ်း ဗိုက်သား) တစ်ချပ်လျှင် ပေါက်ဈေး ကျပ်ခြောက်ထောင်မှ ကျပ် ရှစ်ထောင်ထိ၊ နှီးချောဖျာ(ဝါးအပြင်သား)တစ်ချပ်လျှင် ပေါက်ဈေး  ကျပ် တစ်သောင်းမှ ကျပ်တစ်သောင်း သုံးထောင်ထိ  ဈေးနှုန်းအသီး သီးဖြင့် ရောင်းချကြကြောင်း သိရှိရသည်။ သပြေသာကျေးရွာရှိ  လုပ်ငန်းရှင်နှစ်ဦးမှ ဝါးနှီးကုန်ကြမ်း ဝယ်ယူစုဆောင်းကာ ဒေသခံ လုပ်သားများဖြင့် နှစ်စဉ် ဖျာရက်လုပ်ချိန်၌ ဖျာရက်လုပ်ပြီး ဈေး ကွက်များသို့   တင်ပို့ရောင်းချသည့်   လုပ်ငန်းနှင့်ဆက်နွှယ်၍  လုပ်သား ၁၂၀ ဦးခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင် ကြောင်း သိရှိရသည်။
ထွက်ရှိလာသော ကုန်ချော   ဝါးနှီးဖျာများကို ဒေသတွင်း ‌ဖောက်သည်များထံ ‌ ရောင်းချခြင်းနှင့် အများဆုံး  တင်ပို့သည့်ဈေး ကွက်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး   လက်ဖက်လုပ်ငန်းလုပ်ကိုင် သည့်  လက်ဖက်တောင်သူ၊  လက်ဖက်ခြံပိုင်ရှင်များက  အများဆုံး ဝယ်ယူသုံးစွဲကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူ  ၇၀ ရာခိုင်နှုန်းသည် ဝါးနှီးဖျာများကို  အိမ်ဦးခန်း၊ ဧည့်ခန်းများတွင်  ခင်း၍အသုံးပြုခြင်း၊ ဝါးနှီးဖျာများဖြင့် သီးနှံများ အခြောက်လှန်းခြင်း စသည်ဖြင့်  အသုံး ပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပါသည်။ ဖျာတစ်ချပ် ကို အသုံးပြုနိုင်သည့်ကာလမှာ တစ်နှစ်မှ နှစ်နှစ်ထိသာ  သုံးစွဲနိုင် သဖြင့်  တောင်သူကြီး အိမ်ထောင်တစ်စုလျှင် တစ်နှစ်လျှင် အနည်း ဆုံး ဖျာအသစ် နှစ်ချပ်/သုံးချပ် ဝယ်ယူလေ့ရှိကြသည်။  စက်မှုနည်းပညာဖြင့် ထုတ်လုပ်ထားသော ပလပ်စတစ်ဖျာ များ၊ ဖော့ဖျာများ၊  ပလပ်စတစ် ကော်ဇောများ၊ ဖယောင်းဖျာများ စသည်ဖြင့်  ဈေးကွက်သို့ ဝင်‌ရောက်လျက်ရှိပါသည်။  မည်သို့ပင် ဖြစ်စေ ဝါးဖြင့် ရက်လုပ်သော ဝါးနှီးဖျာများသည် သဘာဝအအေး ဓာတ်ကို ပေးနိုင်စွမ်းရှိသဖြင့်  ကျေးလက်နေ တောင်သူများကတော့  ဝါးနှီးဖျာများကို  နှစ်ခြိုက်စွာ သုံးစွဲနေလျက်ရှိရာ ဝါးနှီးဖျာရက်လုပ် သည့် လုပ်ငန်းသည်လည်း တိမ်ကောပပျောက်ခြင်းမရှိဘဲ နှစ်စဉ် ရက်လုပ်ရောင်းချနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

သန်းသန်းတင် (မုံရွာ)