Main menu

Background

စစ်ကိုင်းမြို့ရှိ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပဲမှုန့်လုပ်ငန်းများ

Mon, 09/11/2023 - 10:45 -- journal_editor

မြန်မာလူမျိုးများသည် ကုလားပဲကို ပြုတ်စားခြင်း၊ ကြော်စား ခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ဟင်းလျာအမျိုးမျိုးအဖြစ် စားသုံးကြသည့်အပြင် ကုလားပဲကို  အမှုန့်ကြိတ်ပြီး တို့ဟူးအစို၊ တို့ဟူးအခြောက် ပြုလုပ်ရာ၌ လည်းကောင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲချက်ရာ၌ လည်း ကောင်း၊ မုန့်တီ၊ ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်   စသည်တို့ကို အသုပ်စုံများပြုလုပ်ရာ၌ လည်း ကောင်း ထည့်၍စားသောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ပေါ်၌ ရတနာ ပဲခွဲစက်နှင့် အမှုန့်ကြိတ်စက်၊  မြသီတာ၊   ရွှေကြိုးကြာ၊   မြနှင်းဆီ၊ မိုးမခနှင့် ဒေါ်စိုးဝင်း ပဲမှုန့်ကြိတ်စက်များ စုစုပေါင်း ခြောက်စက်ရှိပြီး ကုလားပဲ အကျက်မှုန့်နှင့် အစိမ်းမှုန့်များကို ထုတ်လုပ်ပြီး ဒေသတွင်း၊ တိုင်း တွင်းနှင့် တိုင်းပြင်ပသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဒေသတွင်းစိုက်ပျိုးသည့် ကုလားပဲမျိုးများမှာ ဠ၂ယ  ဠ၃ယ  ၉၂၉ နှင့် ထိုင်ဝမ်မျိုးများဖြစ်ပြီး ကုလားပဲခွဲခြမ်းနှင့် ကုလားပဲအမှုန့်များ ပြုလုပ် ရာတွင် ၉၂၉ ကုလားပဲကို အများဆုံးအသုံးပြုကြောင်း သိရသည်။ ပဲမှုန့်ကြိတ်စက် ခြောက်စက်အနက် စစ်ကိုင်းမြို့ရှိ ရတနာပဲခွဲစက်။အမှုန့်ကြိတ်စက်နှင့် ရွှေကြိုးကြာ အမှုန့်ကြိတ်စက်လုပ်ငန်းများ အကြောင်း တင်ပြလိုက်ရပါသည်။
ရတနာပဲခွဲစက်နှင့် အမှုန့်ကြိတ်စက်
ရတနာပဲခွဲစက်သည် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်၌ တည်ရှိပြီး ၂၀ဝ၀ ပြည့်နှစ်ကစတင်၍ စက်ပစ္စည်းတန်ဖိုး ရင်းနှီးငွေ ကျပ်သိန်း ၁၅၀ဝ ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကုန်ကြမ်း ၉၂၉ ကုလားပဲ လုံးကို မုံရွာကုန်စည်ဒိုင်၊ မန္တလေးကုန်စည်ဒိုင်နှင့်  ပခုက္ကူကုန်စည်ဒိုင် များက ဝယ်ယူပြီး  တစ်ရက်လျှင်  ကုလားပဲလုံး(အခွံပါ) တစ်တင်းခွဲ ဝင်အိတ် ၂၀ဝ ခန့် ခွဲခြမ်းပြုလုပ်ပြီး တစ်လလျှင် ပျမ်းမျှ ကုလားပဲလုံး တင်း ၆၆၀ဝ ခန့် ခွဲခြမ်းပြုလုပ်နိုင်ကြောင်း၊ ကုလားပဲလုံး(အခွံပါ)ကို  ခွဲခြမ်းပြုလုပ် ပါက ၇၅ ရာခိုင်နှုန်း ခွဲခြမ်းရရှိပြီး တိရစ္ဆာန်အစာ(ပဲခွံ)အဖြစ် ၂၅ ရာခိုင်နှုန်း ထွက်ရှိကြောင်းသိရသည်။
ကုလားပဲခြမ်း ခွဲရာတွင် ပထမဦးစွာ ကုလားပဲလုံးများအား ဖုန်၊ သဲ၊ ခဲများ သန့်စင်ဖယ်ရှားခြင်းနှင့် အရွယ်အစား ခွဲခြားခြင်းကို စက်တစ်လုံးတည်းက တစ်ပြိုင်တည်း ပြုလုပ်သည်။ ပဲလုံးအရွယ် အစားတူများကို  ချောမွေ့စေရန်  ပွတ်ချောစက်ဖြင့်  ပွတ်တိုက်ပြီး၊ ဆိုင်ကလုံအိုးထဲသို့ထည့်၍    မီးအပူပေးပြီးပါက   ခွဲခြမ်းစက်သို့ ပို့ဆောင်သည်။ မီးဖြင့်  အပူပေးရာတွင် လောင်စာအဖြစ် ဆီးစေ့ ခွဲခြမ်းခွံကို အသုံးပြုကြောင်း သိရသည်။ ဆီးစေ့ခွဲခြမ်းခွံကို အသုံးပြု ရခြင်းမှာ မီးခိုးမထွက်ခြင်းနှင့် ပြာမလွင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဆီးစေ့ခွဲခြမ်းခွံကို  ရွှေဘိုခရိုင်မှ  တစ်ပိဿာလျှင် ကျပ် ၂၀ဝ ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ခွဲခြမ်းစက်သည် ခွဲခြမ်းကြိတ်ခွဲ ခြင်းနှင့် အခွံချွတ်ခြင်းကို တစ်ပြိုင်တည်း ပြုလုပ်သည်။ ပြီးနောက်အခွံ ချောချွတ်စက်သို့ ထပ်မံပို့ဆောင်သည်။ ထွက်ရှိလာသောခွဲခြမ်းများ တွင် အခွံများ ကျန်ရှိနေခြင်း၊ လုံးပိန်၊ လုံးညှပ်များ ကျန်ရှိနေခြင်း မဖြစ်စေရန် ကွန်ပျူတာစနစ်ဖြင့် ခွဲခြားသန့်စင်ခြင်းလုပ်ငန်း ပြုလုပ် သည်။ သန့်စင်ပြီးသော ကုလားပဲခြမ်းများသည် ရောင်းတန်းဝင် အဆင့်သို့ ရောက်ရှိပြီဖြစ်သဖြင့် စက်ဖြင့် အိတ်အတွင်းသို့ ထည့်သွင်း ကြောင်း သိရသည်။ ရောင်းဈေးနှုန်းမှာ ကုလားပဲခြမ်း ၃၀ ပိဿာ ဝင် တစ်အိတ်လျှင် စက်ရုံလက်ကား ဖောက်သည်ဈေး ကျပ် ၁၈၃၀ဝ၀- ၁၈၉၀ဝ၀-၁၉၂၀ဝ၀ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချသည်။ 
ရတနာပဲခွဲစက်သည် ထွက်ရှိလာသော ကုလားပဲခွဲခြမ်းများကို ခွဲခြမ်းအတိုင်း ရောင်းချခြင်းအပြင် ကုလားပဲအစိမ်းမှုန့်နှင့် ကုလားပဲ အကျက်မှုန့်များကို  ထုတ်လုပ်ဖြန့်ဖြူး  ရောင်းချလျက်ရှိကြောင်း သိရှိရသည်။  ကုလားပဲ   အစိမ်းမှုန့်ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခြမ်း ပိဿာ ၆၀ ခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ပိဿာ ၁၃၀ဝ ကျော်ကိုလည်းကောင်း၊ ကုလားပဲအကျက်မှုန့် ကြိတ် ခြင်းကို တစ်ရက်လျှင် ကုလားပဲခြမ်း ပိဿာ ၅၀ ခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ပိဿာ ၁၁၀ဝ ခန့်ကိုလည်းကောင်း ကြိတ်ခွဲထုတ် လုပ်နိုင်ကြောင်း သိရသည်။ ကုလားပဲ အကျက်မှုန့် ပြုလုပ်ရာတွင် ကုလားပဲခွဲခြမ်းများကို လှော်ပြီးမှ အမှုန့်ကြိတ်ရသည်။ ကုလားပဲခြမ်း ပိဿာ ၃၀ကို အမှုန့်ကြိတ်ပါက တစ်ပိဿာခန့်လျော့ပြီး ကုန်ချော ကုလားပဲအမှုန့် ၂၉ ပိဿာခန့်ရရှိကြောင်း သိရသည်။ ကုလားပဲ အကျက်မှုန့်နှင့် ကုလားပဲအစိမ်းမှုန့်များအား ၁၀ ကျပ်သား၊ ၂၅ ကျပ်သား၊ ၅၀ ကျပ်သား အထုပ်များကို အမျိုးသမီးအလုပ်သမားများက လေလုံအောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးသည်။  ၎င်းပလပ်စတစ် အိတ်ပေါ်၌ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၌ ပြဋ္ဌာန်း ထားသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းကို ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ဖော်ပြထား ကြောင်း စိစစ်တွေ့ရှိရသည်။ ၎င်းအထုပ်ငယ်ကလေးများကို ငါး ပိဿာဝင် သို့မဟုတ် ၁၀ ပိဿာဝင် သို့မဟုတ် ၂၀ပိသာဝင် ပီနံအိတ် များဖြင့်ထုပ်ပိုး၍ ဈေးကွက်များနှင့် ဖောက်သည်များထံသို့ ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။  ကုလားပဲမှုန့်များ ထားရှိသုံးစွဲနိုင်မှု သက်တမ်းမှာ လေလုံအောင်ထားပါက  ပဲမှုန့်အကျက် ၃လ၊ ပဲမှုန့် အစိမ်း လေးလထိကြာအောင် ထားရှိနိုင်ကြောင်း သိရသည်။ ရောင်း ဈေးနှုန်းမှာ စက်ရုံလက်ကား(ဖောက်သည်)ဈေး ပဲမှုန့်အကျက် တစ် ပိဿာ ကျပ် ၇၀ဝ၀ မှ ၇၁၀ဝ ကြား၊ ပဲမှုန့်အစိမ်း တစ်ပိဿာ ကျပ် ၆၉၀ဝ ကျပ်မှ ၇၀ဝ၀ ကြား ဈေးနှုန်းများဖြင့် ရေဘိုခရိုင်အတွင်းသို့ အများဆုံး တင်ပို့ရောင်းချရပြီး၊ မန္တလေးမြို့နှင့် မြန်မာနိုင်ငံ အထက် ပိုင်းသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
ရတနာပဲခွဲစက်နှင့် အမှုန့်ကြိတ်စက်၌ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း လုပ်သား ၂၁ ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်သည်။ လုပ်အားခများအနေဖြင့် အမျိုးသမီး တစ်ဦး တစ်ရက်လုပ်ခ ကျပ် ၆၀ဝ၀မှ ကျပ် ၇၀ဝ၀ ထိ၊ အမျိုးသား တစ်ဦး တစ်ရက်လုပ်ခ ကျပ် ၈၅၀ဝ မှ ကျပ် ၁၀ဝ၀ဝ ထိ ရရှိကြောင်း သိရသည်။
ရွှေကြိုးကြာ ပဲမှုန့်ကြိတ်စက်
ရွှေကြိုးကြာ ပဲမှုန့်ကြိတ်စက်သည် စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက် ၌ တည်ရှိပြီး ၂၀၁၀ ပြည့်နှစ်ကစတင်၍ စက်ပစ္စည်းတန်ဖိုး ရင်းနှီးငွေ ကျပ်သိန်း ၅၀ဝ ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကုလားပဲ ခွဲခြမ်း များကို မန္တလေးကုန်စည်ဒိုင်မှဝယ်ယူပြီး ကုလားပဲ အစိမ်းမှုန့်ကြိတ် ခြင်းကို တစ်ရက်လျှင် ကုလားပဲခွဲခြမ်းပိဿာ ၆၀ ခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ပိဿာ ၁၃၀ဝ ကျော်ကိုလည်းကောင်း၊ ကုလားပဲ အကျက်မှုန့် ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခွဲခြမ်း ၁၀ ပိဿာ ခန့်၊ တစ်လလျှင် ပျမ်းမျှ ကုလားပဲခြမ်း ပိဿာ ၂၂၀ ကိုလည်းကောင်း ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း သိရသည်။ ကုလားပဲ အကျက်မှုန့်နှင့် ကုလားပဲ  အစိမ်းမှုန့်များအား ၁၀ ကျပ်သား၊ ၂၅ ကျပ်သား၊ ၅၀ ကျပ်သား  အထုပ်များကို  လေလုံအောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးသည်။  ထားရှိသုံးစွဲနိုင်မှု သက်တမ်းမှာ လေလုံအောင်ထားပါက  ပဲမှုန့်အကျက် သုံးလ၊ ပဲမှုန့်အစိမ်း လေးလထိကြာအောင် ထားရှိနိုင် ကြောင်း သိရသည်။ ရောင်းဈေးနှုန်းများမှာ စက်ရုံလက်ကားဈေး ပဲမှုန့်အကျက် တစ်ပိဿာ ကျပ် ၆၇၅၀ မှ ၇၀ဝ၀ ကြား၊ ပဲမှုန့်အစိမ်း တစ်ပိဿာ ကျပ် ၆၃၀ဝ မှ ၆၆၀ဝ ကြား ဈေးနှုန်းများဖြင့်  ဒေသတွင်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့နှင့် မိတ္ထီလာမြို့ များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရသည်။ အမျိုးသမီးလုပ်သား ခုနစ်ဦးအား တစ်ဦး တစ်ရက်လျှင် ကျပ် ၈၀ဝ၀ နှုန်းဖြင့် ခုနစ်ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင် ကြောင်း သိရသည်။
ရတနာပဲခွဲစက်နှင့် ရွှေကြိုးကြာပဲခွဲစက်သည် ခေတ်မီစက် များကို အသုံးပြု၍ ကုလားပဲခွဲခြမ်းနှင့် ကုလားပဲမှုန့်များကို ကြိတ်ခွဲ ကြောင်း သိရသည်။ ခရိုင်အလိုက်၊ တိုင်းဒေသကြီးအလိုက် အသေး စား၊ အငယ်စား၊ အလတ်စား (MSME) စက်မှုလုပ်ငန်းများဖြစ်သည့် ပဲခွဲစက်လုပ်ငန်း၊ ပဲမှုန့်ကြိတ်စက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေခြင်းဖြင့် ဒေသတွင်း၊ တိုင်းအတွင်း လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ပြီး ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သည်ထိ ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရာရောက် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

သန်းသန်းတင် (မုံရွာ)