Main menu

Background

တောင်ငူမြို့နယ်မှ ထွက်ရှိသော ပြည်ပပို့ကုန် ငါးရှဉ့်

Tue, 09/26/2023 - 12:13 -- journal_editor

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူ မြို့၊ အမှတ်(၂၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ဘေးရှိ ထိပ်တန်း၊ ငါးရှဉ့်ပွဲရုံသည်  ၁၉၉၇ ခုနှစ်က တည်းက လုပ်ငန်းစတင်တည်ထောင်ပြီး   ငါးရှဉ့် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ် တိုင်ခဲ့ပြီဖြစ်သည်။      ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဉ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင်  ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေသည်။
တောင်ငူမြို့နယ်တွင် မြစ်များ၊ ချောင်းများ၊ ဆည်ကြီးများ၊ အင်းအိုင်များ   တည်ရှိနေသော ကြောင့် ငါးရှဉ့်မြှုန်းထောင်သူများအနေဖြင့် ဝင်ငွေ ရရှိနေကြသည်။ အင်းအိုင်များမှာ စီလောင်အင်း၊ မုံဇလိမ်အင်း၊     အထက်မယင်း/အောက်မယင်း အင်း၊ ယောက်သဝအင်း၊ ငါးပြားဆယ်ပေဝင်ပေါက် အင်း၊ ကျေးအင်း၊ မြစ်ကြီးပေါက်အင်း၊  ငနောက် ချောင်းအင်းနှင့် ငဒင်းအင်းတို့ဖြစ်ကြသည်။ ၎င်း အင်းများအပြင် မိုးစပါးစိုက် လယ်ကွင်းကြီး၅၈၀၆၄ ဧကရှိနေခြင်းသည် သဘာဝအလျောက်  ငါးရှဉ့် မွေးမြူထားခြင်းဖြစ်သည်။ မိုးရွာသွန်းမှုများသည့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် ငါးရှဉ့် ဝယ်ယူမှု ပိုမိုရရှိသည်ဟုသိရသည်။
ငါးရှဉ့်  လာရောက်ရောင်းချသူများသည် အနည်းဆုံး ၈၀ ကျပ်သားမှ   အများဆုံး၆ ပိဿာ အထိ လာရောက်ရောင်းချကြပါသည်။ ဈေးကွက် ဝင်သည့်     အကောင်ကြီးများကိုသာ ဝယ်ယူကြ သည်။ တစ်ရက်လျှင် ပိဿာ ၄၅၀ အထိ ဝယ်ယူရရှိ သည်။ ငါးရှဉ့်တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ ဖြင့် ဝယ်ယူသည်။     ဝယ်ယူရရှိသော ငါးရှဉ့်များကို မန္တလေးသို့ နေချင်းပို့သည်။
ငါးရှဉ့်ထည့်သည့်  ဖော့ဘူးကြီးများကိုတစ် ဆင့် ဝယ်ယူသည့် ဒိုင်ကြီးများက     ပေးပို့သည်။ မန္တလေးမြို့ရှိ  ငါးရှဉ့်ဒိုင်ကြီးများက ပို့ကုန်လိုင်စင် လျှောက်ထား၍ မူဆယ်နယ်စပ်စခန်း၊    ချင်းရွှေ ဟော်နယ်စပ်စခန်းများမှတစ်ဆင့်   တရုတ်နိုင်ငံ သို့ တင်ပို့သည်ဟု သိရသည်။   တောင်ငူမြို့နယ်မှ ထွက်ရှိသော ငါးရှဉ့်များသည် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိနေသည်ဟု သိရသည်။

မြင့်သူ (တောင်ငူ)