Main menu

Background

စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့ရှိ ငရုတ်သီးတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း

Tue, 10/10/2023 - 14:51 -- journal_editor

မြန်မာလူမျိုးများသည် ဟင်းလျာချက်ပြုတ်စားသောက်ရာတွင် ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး ရသာ ခြောက်ပါး ပါဝင်အောင် ချက်ပြုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ချင်း၊ နနွင်း၊ ငရုတ်သီးမှုန့် (အကြမ်း မှုန့်၊ အနုမှုန့်)တို့သည် မပါမဖြစ် မီးဖိုချောင်သုံး စားသောက် ကုန်ပစ္စည်းများ ဖြစ်ကြသည်။ ရှေးယခင်က မြန်မာလူမျိုးများသည် ချင်း၊ နနွင်း၊ ငရုတ် သီးများကို ကိုယ်တိုင်စိုက်ပျိုးပြီး လက်ကြိတ်ဆုံများ ဖြင့် အမှုန့်ကြိတ်သည့်အဆင့်မှ အချိန်ကာလပြောင်းလဲလာသည်နှင့် အမျှ  ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီး စက်ကိရိယာများဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အမှုန့်ကြိတ်ခွဲ ထုတ်လုပ်လာ ကြသည်။
စစ်ကိုင်းခရိုင်အတွင်း နနွင်းမှုန့်၊ ချင်း၊ ဆင်တုံးမနွယ်၊ ပဲမှုန့် စသည်တို့ကို ကြိတ်ခွဲကြသည့်   အမှုန့်ကြိတ်စက် ၁၄ စက်ရှိသည့် အနက် စစ်ကိုင်းမြို့နယ်၊ အောင်သာကျေးရွာ၌ ငရုတ်သီး  တန်ဖိုးမြှင့် ထုတ်ကုန်(Value Added) ထုတ်လုပ်သည့် Snacks Mandalay Co., Ltd ၏ လုပ်ငန်းများအကြောင်း တင်ပြလိုက်ရသည်။
 Snacks Mandalay Co., Ltd ၏   လယ်ယာထွက်ကုန် သီးနှံ အမျိုးမျိုးပြုပြင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း  ဆောင်ရွက်သည့် စက်ရုံကို  လုပ်ငန်းရှင် ဒေါက်တာပြည့်ဖြိုးအေးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အောင်သာကျေးရွာရှိ မြေဧရိယာ ၅ ဒသမ ၄၆ ဧက၌ လုပ်ငန်း များ စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ စတင်ရင်းနှီးမြှုပ်နှံ မှုမှာ ငွေကျပ်သိန်း ကိုးထောင်ခန့်ဖြင့် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံမှ စက် များကို ဝယ်ယူတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်ရုံ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းတောင်သူ များ စိုက်ပျိုးထုတ်လုပ်ထားသော  လယ်ယာထွက်ကုန်ကြမ်းများကိုသာ အသုံးပြုပြီး   ထုတ်လုပ်ထားသော   တန်ဖိုးမြှင့်ကုန်ချောများအား ပြည်တွင်းရှိ စားသုံးသူများ၏ အိမ်တိုင်းသို့ ရောက်ရှိရန်ဖြစ်ကြောင်း သိရသည်။ 
၂၀၁၉ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး    ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏MIC ခွင့်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း ခရိုင်၊ စစ်ကိုင်းမြို့နယ် အောင်သာကျေးရွာ၌ စက်ရုံတည်ထောင်ပြီး စတင်လည်ပတ်ခဲ့ကြောင်းသိရသည်။ငရုတ်၊ ချင်း၊ နနွင်း၊ ချဉ်ပေါင်၊ စပါးလင် စသည့် ဟင်းခတ်အမွှေးအကြိုင်ထုတ်ကုန်များ ထုတ်လုပ်ခဲ့ ပြီး ၂၀၂၀ပြည့်နှစ်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊    မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်  ရှမ်းပြည်နယ်တို့တွင် တောင်သူများနှင့် တန်ဖိုးမြင့်ကွင်းဆက်များ ကို အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ တောင်သူများသည် မိရိုးဖလာလုပ်ငန်းအတိုင်း  သီးနှံများ နေလှန်းအခြောက်ခံခြင်းကြောင့် အဓိကပြဿာနာမှာ  မှိုတက်ခြင်း၊ ဖလံဖြူရာခိုင်နှုန်းများခြင်းများ ကြုံတွေ့လျက်ရှိကြသည်။ မိရိုးဖလာ နည်းအတိုင်း အခြောက်ခံသော သီးနှံများကို ကျန်းမာရေးရှုထောင့်မှကြည့်လျှင် စားသောက်ကုန်များ   ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဟန့်အတားတစ်ခုဖြစ် သည်ကို တွေ့ရှိရသည်။ ရိုးရာအစဉ်အလာအတိုင်း အခြောက်ခံသော နည်းလမ်းသည် ပို၍သန့်ရှင်းသော၊ ပို၍အရည်အသွေး မြင့်မားသော ထုတ်ကုန်၊ ပို၍မြန်ဆန်သော နည်းလမ်းများ မပါဝင်ကြောင်း တွေ့ရှိရ သည်။ သို့ပါ၍သီးနှံများ၏ ထုတ်လုပ်ခြင်းကွင်းဆက်များတွင် ခေတ်မီ ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုခြင်းဖြင့်   အရည်အသွေး မြှင့်ထုတ်ကုန် သို့မဟုတ် တန်ဖိုးမြှင့်ထုတ်ကုန်(Value Added)များ ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ထိ ထိုးဖောက်နိုင်မည်ဖြစ်သည်။
ကုန်ကြမ်းများကို စစ်ကိုင်းခရိုင်အတွင်း မိုးနှင့်ဆောင်း ငရုတ် စိုက်ဧက ၃၀ဝ၀ကျော်က ထွက်ရှိသော ငရုတ်သီးများအပြင် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အချိန်ရှစ်နာရီအတွင်း စက်ရုံသို့ ရောက်ရှိအောင်သယ်ဆောင်ရသည်။ ယခု ငရုတ်သီးကုန်ကြမ်း(အတောင့်) ဝယ်ယူရသည့်ဈေးနှုန်းမှာ အစို တစ်ပိဿာ ကျပ် ၃၅၀ဝ၊ အခြောက် တစ်ပိဿာ ကျပ် ၁၂၀ဝ၀ ပေါက် ဈေးနှုန်းအသီးသီးဖြင့် ဝယ်ယူရကြောင်း သိရပါသည်။  စက်ရုံသည် သီးနှံတစ်မျိုးတည်းကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ခြင်းမပြုဘဲ  ရာသီ အလိုက် သီးနှံများကို ရွေးချယ်ဝယ်ယူထုတ်လုပ်လျက်ရှိရာ  ယခုအခါ တွင် ငရုတ်သီး၊ ချင်းနှင့် နနွင်းတို့ကို   ကြိတ်ခွဲထုတ်လုပ်ကြောင်း သိရ သည်။ တောင်သူများအား အထွက်နှုန်းတိုးစေသော မျိုးများဖြန့်ဝေ ပေးခြင်း၊ နည်းပညာအားဖြင့် ရောဂါထိန်းချုပ်ခြင်း၊ မြေဆီလွှာစီမံခန့် ခွဲခြင်းတို့အတွက် ထိုင်းနိုင်ငံမှ ကျွမ်းကျင် ပါရဂူများဖြင့် တောင်သူ များကို အသိပညာ၊ အတတ်ပညာများ မျှဝေပေးပြီး ကြားပွဲစားများ၊ ကုန်စည်ဒိုင်များကိုကျော်လွန်ကာ တောင်သူထံမှ တိုက်ရိုက်ဝယ်ယူ ခြင်းလုပ်ငန်းကို  Snacks Mandalay Co., Ltd အနေဖြင့်   အကောင် အထည်ဖော် ဆောင်ရွက်လျက်ကြောင်း သိရပါသည်။
 Snacks Mandalay Co., Ltd သည် နည်းပညာအခြေခံ၍ စနစ် တကျ အခြောက်ခံခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာတွင် FDA, GMP, HACCP, ISOစသည့် နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာ၍ ထုတ်လုပ်သဖြင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေသော မှို၊ ဆိုးဆေးနှင့် မှိုဆိပ် (Aflatoxin) များကို ကောင်းစွာ ထိန်းချုပ် ထုတ် လုပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး  ထိုင်းနိုင်ငံနည်း ပညာအသုံးပြု နေရောင်ခြည်စွမ်းအင်  အခြောက်ခံရုံ (Solar Dryer Parabola Dome) ၅ရုံဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ အခြောက်ခံရုံဖြင့် လှန်းပါက သုံးရက်၊ လေးရက်ခန့်  လှန်းရသည်။ ငရုတ်အခြောက်ခံရုံတစ်လုံး၏ တန်ဖိုးမှာ ကျပ် ၁၇၈သိန်း ခန့်ရှိပြီး အခြောက်ခံစက်တစ်ရုံလျှင် ဗန်း ၁၈၀ ပါရှိသည်။    ငရုတ်သီးများ အခြောက်ခံပြီး သိုလှောင်ရုံတွင် သိမ်းဆည်းထားသည်။  ငရုတ်သီး (အကြမ်းမှုန့်၊အနုမှုန့်)ကြိတ်ခွဲခြင်းလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ၎င်းအခြောက်ခံထားသော   ငရုတ်သီးများအား  ဂက်စ်ကို အသုံးပြု သည့်အပူပေးစက်ဖြင့် ၂၄နာရီ(တစ်ရက်)ခန့်ကြာ မီးအပူချိန် အနည်း ငယ်ပေးပြီး အမှုန့်ကြိတ်စက်အတွင်းသို့ ပို့ဆောင်ကာ ကြိတ်ခွဲရာ ဖလံ ဖြူများကို သီးခြားခွဲပေးခြင်းနှင့် အရည်အသွေး   အဆင့်အတန်းမီ ငရုတ်သီးမှုန့်များကို စက်က တစ်ပြိုင်တည်း ထုတ်လုပ်ပေးကြောင်း သိရသည်။  တစ်လလျှင်   ပျမ်းမျှ ငရုတ်သီး(ခြောက်)ကုန်ကြမ်း  ၆၅၃၀ဝ ကီလိုဂရမ် အသုံးပြု၍ ကုန်ချော  ငရုတ်သီးမှုန့်(အကြမ်းမှုန့် နှင့်အနုမှုန့်) ၄၈၀ဝ၀ ကီလိုဂရမ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။ အမြဲတမ်းဝန်ထမ်း ၄၀ဦးခန့်နှင့် နေ့စားဝန်ထမ်း ၃၀ ဦးခန့်ကို အလုပ်အကိုင်   အခွင့်အလမ်းများပေးနိုင်ပြီး   အမြဲတမ်း ဝန်ထမ်းတစ်ဦးလျှင် အနည်းဆုံး ကျပ် လေးသိန်း၊ နေ့စားဝန်ထမ်း တစ်ဦးလျှင် တစ်ရက် ကျပ် ၈၀ဝ၀ နှင့် ရက်မှန်ကြေး  အပိုဆုငွေများ လည်းရရှိကြောင်း သိရသည်။
အခြောက်ခံနည်းပညာသုံး၍  စားသောက်ကုန်များကို ဘေး အန္တရာယ်ကင်းရှင်းစွာထုတ်လုပ်ထုပ်ပိုးထားခြင်း၊   အယ်လ်ဖလာ မှိုဆိပ် (ဗူ်အေသထငည) ကောင်းစွာ ထိန်းချုပ်ထုတ်လုပ်ထုပ်ပိုးထားခြင်း၊ ဓာတုဆိုးဆေးနှင့် အရောအနှောကင်းစင်ခြင်း၊ နိုင်ငံတကာ စား သောက်ကုန် စံချိန်စံညွှန်းများနှင့်အညီ  ထုတ်လုပ်ထုပ်ပိုးထားခြင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်တွင် သက်ဆိုင်ရာ နိုင်ငံတကာ အရည်အသွေး အသိအမှတ်ပြုလက်မှတ်များဖြစ်သော FDA, Halal, GMP,HACCP, ISO 22000 နှင့် EU, USDA, JAS Organic   လက်မှတ်များရရှိကြောင်း သိရသည်။
 Snacks Mandalay Co, Ltd မှ  ထုတ်လုပ်သော ငရုတ်သီးနှံနှင့် အမှုန့်အမျိုးမျိုးကို ပြည်တွင်း ဈေးကွက်အတွင်းTHREE STARS  ကြယ် သုံးပွင့် ကုန်အမှတ်တံဆိပ်ဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ Ocean,  City Mart,  Marketplace , Supermarket တို့၌ ၁၀ဝ ဂရမ်၊ ၂၀ဝဂရမ်၊ တစ်ပိဿာထုပ်စသည့်  ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ဖြန့်ချိရောင်းချ လျက်ရှိသည်။ ရောင်းဈေးနှုန်းများမှာ ၁၀ဝ ဂရမ် အထုပ်တစ်ထုပ် လျှင်ကျပ် ၂၀ဝ၀၊ တစ်ပိဿာထုတ်တစ်ထုပ် ကျပ်  ၂၁၀ဝ၀ပေါက်ဈေး နှုန်းအသီးသီးဖြင့် ‌ရောင်းချပြီး ပြည်ပဈေးကွက်အနေဖြင့်လည်း ယခု အများဆုံး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး အမှာစာပေးပို့သည့်နိုင်ငံများရှိပါကလည်း   တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။
ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီနည်းပညာနှင့်စက် ကိရိယာများဖြင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ချင်း စသည့် မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ခရိုင်အလိုက်၊ တိုင်းအလိုက် တိုး တက်များပြားလာပါက   ဒေသတစ်ခုထုတ်ကုန်တစ်မျိုးမှသည် ဒေသ စီးပွား၊နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုတစ်ဖက်တစ်လမ်းမှအထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

 

သန်းသန်းတင် (မုံရွာ)