Main menu

Background

ဧရာဒေသထွက်ကွမ်းသီးနုဈေးကွက်

Tue, 08/06/2024 - 14:04 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်း အများဆုံး စိုက်ပျိုးလျက်ရှိသော ကွမ်းသီး အနုဈေးနှုန်းမှာ ယမန်နှစ် ဇူလိုင်လက တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ ဈေးနှုန်းသာရှိ၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၁၀၆၀ဝ ဈေးရရှိသဖြင့် ကွမ်းသီးစိုက်ပျိုးသော တောင်သူများ ဈေးကောင်းရလျက် ရှိကြောင်း ဈေးကွက်မှသိရသည်၊
ကွမ်းသီးအနုထွက်ရှိချိန် မတ်၊ ဧပြီလ ဈေးကွက်အတွင်း စတင်ဝင်ရောက်ပြီး ဇွန်၊ ဇူလိုင်လများတွင် အသီးလှိုင်လှိုင်ဝင်၍ သြဂုတ်လရောက်လျှင် ကွမ်းသီးအနု မထွက်ရှိသောကြောင့် အရောင်း အဝယ်ရာသီ ပြီးဆုံးသွားကြောင်း သိရသည်။ 
ကွမ်းသီးအနုထွက်ရှိချိန် တရုတ်ဝယ်လက်များမှ မြောင်းမြမြို့သို့ လာရောက်၍ မြို့ပေါ်တွင် ကိုယ် စားလှယ်ထားရှိပြီး အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူ၍ ကျေးရွာများရှိ လက်လီဒိုင်ခွဲများမှ  လာရောက်ရောင်းချ လျက်ရှိကြောင်း သိရသည်၊ 
ကွမ်းသီးအနုဝယ်ယူရာတွင် ကွမ်းသီးအဝိုင်းဝယ်ယူမှုမရှိဘဲ ဒေသအခေါ် ဥဘဲချွန်း၊ ကပ်ချွန်း၊ မျှောချွန်းပုံစံရှိပြီး အလေးချိန် ၁၉ ဂရမ် နှင့် ၃၇ ဂရမ်ကြား ကွမ်းသီးအစိမ်းအနုရောင်ကိုသာ ဝယ်ယူသည်။ အဝါ‌ရောင်ရှိသော ကွမ်းသီးများကို ဝယ်ယူမှု မရှိကြောင်း ကွမ်းသီးအနုအရောင်းအဝယ်ဖြစ်သည့် ကာလ များတွင် ကွမ်းပင်တက်သောဒေသခံများမှာ မြောင်းမြမြို့ပေါ်နှင့် ပုသိမ်၊ အခြားမြို့နယ်များသို့ ကွမ်းစိုက် ပျိုးသော တောင်သူများ၏ စိုက်ခင်းများသို့ ဈေးကွက်ဝင်သော ကွမ်းသီးအနုများကို လိုက်လံဝယ်ယူကာ လက်လီအဝယ်ဒိုင်ခွဲများသို့  လာရောက်ရောင်းချလျက် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်နေ့ ဝင်ငွေ သောင်းဂဏန်းရနေကြောင်း သိရသည်၊ 
ဧရာဝတီတိုင်းဒေသကြီးအတွင်း  ကွမ်းသီးစိုက်ဧက ၂၁၈၆၂ ရှိပြီး မြောင်းမြမြို့နယ်တွင် ၃၅၆၉ ဧက စိုက်ပျိုးလျက်ရှိသည်။ တရုတ်ဈေးကွက်အတွက် မြောင်းမြကွမ်းသီးမှာ ဝယ်လိုအားရှိ၍ ကြိုက်နှစ် သက်မှုရှိသောကြောင့် မြောင်းမြမြို့သည် ကွမ်းသီးအဓိက အရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်ဖြစ် ကြောင်း သိရသည်။ 
မြောင်းမြဝန်းကျင်ကျေးရွာများတွင် လက်လီအဝယ်ဒိုင်ခွဲ ၃၀ ခန့်ရှိပြီး ဝယ်ယူထားသော ကွမ်းသီး အနုများကို တစ်အိတ်လျှင် ပိဿာ ၃၀ ထည့်သွင်းပြီး ဇူလိုင်လအတွင်း တစ်ရက်လျှင် အိတ်ရေ ၂၀ -၃၀ နှင့်အထက် မြောင်းမြအဝယ်ဒိုင်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။                                                                                                               

မင်းမင်းဦး(ပသ)