Main menu

Background

ကျန်မာရေးအတွက် အသုံးဝင်သည့် မြန်မာ့သင်ဖြူးဖျာ

Wed, 12/04/2024 - 11:12 -- journal_editor

သင်ဖြူးဖျာသည် မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အတွက် ကျန်းမာရေးနှင့်လည်း ညီညွတ်သည်။ ထို့ပြင်မြန်မာ့ရိုးရာ အလှူ၊ ကထိန်၊ မင်္ဂလာပွဲများတွင် မရှိမဖြစ် ပါဝင်သည့် ကုန်စည်တစ်ခုလည်းဖြစ်သည်။ သင်ပင်စိုက်ပျိုးခြင်းနှင့်သင်ဖြူးဖျာ ရက်လုပ်သည့်လုပ်ငန်းသည် အကျိုးခံစားခွင့်ရရှိရန်စောင့်ဆိုင်းရသည်မှာ အချိန်ကြာမြင့်သည်ဟု ထင်မှတ်ဖွယ်ရာရှိသော်လည်း ရေရှည်အကျိုး ခံစားခွင့်ရနိုင်သည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ထို့ပြင် စီးပွားရေးဈေးကွက်အနေဖြင့်လည်းဈေးကွက်တစ်ခုရရှိနေသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်ဒေသထွက် ထုတ်ကုန်များ တိုးတက်လာရေး၊ ပြည်ပသွင်းကုန်အစားထိုးသုံးစွဲနိုင်ရေး၊ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချ
နိုင်ရေး ဦးတည်၍ တိုးချဲ့လုပ်ကိုင်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။သင်ဖြူးဖျာရက်လုပ်ရာတွင် အသုံးပြုသော သင်အူပင်ကိုဧရာဝတီတိုင်းဒေသကြီး မြေနုကျွန်းများပေါ်တွင် အဓိကစိုက်ပျိုးကြသည်။ သင်ပင်အုပ်စုသည် ချုံပုတ်၊ ချုံနွယ်ယောင်ပင်ဖြစ်ကာပင်စည်ပျော့ပင်များ ဖြစ်ကြသည်။ သင်ပင်များကို ရှစ်ပေခြား၊တန်းခြား ၁၀ ပေခန့် စိုက်ပျိုးလေ့ရှိကြသည်။ စတင်စိုက်ပျိုးပြီးငါးနှစ်ကြာလျှင် စတင်ခုတ်ယူနိုင်ပြီး နောက်ပိုင်းတွင် သုံးနှစ်တစ်ကြိမ် ခုတ်ယူကြသည်။ အပင်သက်သက်တမ်းမှာ နှစ် ၂၀ကျော်မှ ၃၀ အထိ ရှိကြသည်။ အပင်စိုက်ပြီး ပုံမှန်ပေါင်းရှင်းမှုများပြုလုပ်ပြီး ၃ နှစ်ကြာလျှင် အပင်ကြားရှိ အလှီ အပင်ငယ်များရှင်းအောင် ဖယ်ရှားပေးရသည်။ အပင် နှစ်ဆင့်ဆိုသည်မှာ
ပုံမှန်အမြင့်မှ နောက်ထပ် တစ်ဆင့် မြင့်တက်သွားသော အပင်ကိုဆိုလိုပြီး ထိုကဲ့သို့သော အပင်များများရလေ ခုတ်ရောင်းချိန်၌ဈေးပိုရလေဖြစ်သည်။ အထူးခြားဆုံးတစ်ချက်မှာ ပိုးသတ်ဆေး၊မှိုသတ်ဆေး ကိုင်တွယ်ဖြေရှင်းမှု အလွန်နည်းပါးပြီး ရံဖန်ရံခါပေါင်းသတ်ဆေး အနည်းငယ်ကို ဖျန်းပေးရုံမှအပင် ဆေးကိုင်တွယ်ဖြေရှင်းမှု သက်သာလှသည်။သင်ပင်သည် အခြားသောစပါး၊ ပဲစသော အသီးအနှံမျိုးတို့ကဲ့သို့ အမျိုးအစားမကွဲပြားဘဲ အပင်သက်အနုအရင့်ကိုလိုက်၍သင်ခွံ၊ သင်ကြောအမာ အပျော့ကွဲပြားမှု အနည်းငယ်သာ ရှိလေသည်။ သင်ပင်ကို စိုက်ပျိုးပါက ငှက်ပျောပင်၊ ဝါးပင်တို့ကဲ့သို့ စိုက်ရသည်။ သင်ပင်များသည် မိုးရာသီ၌ တောအထူဆုံးဖြစ်၍ချုံကြီးများအဖြစ်ပေါက်ရောက်ကြသည်။ သို့ဖြစ်၍ စိုက်ပျိုးသည့်အခါတစ်ပင်နှင့်တစ်ပင်ကို သုံးပေခန့်အကွာအဝေးထား၍ စိုက်ပျိုးကြသည်။
လုပ်သားခိုင်းစေမှုအနေဖြင့် အပင်ငယ်စဉ်သာ ပေါင်းရှင်းမှု လိုအပ်ပြီး နှစ်နှစ်ကျော် အပင်အရွယ်အလိုက် ကြားတက်များရှင်းပေးရုံသာလိုအပ်သဖြင့် လုပ်သားစရိတ်ကုန်ကျမှု အလွန်နည်းပါးသည်။ မြေသြဇာအနေဖြင့် မိုးကျတစ်ကြိမ်ထည့်သွင်းပေးပါကလုံလောက်သည်။ ကြားသီးနှံအဖြစ် အစေ့ထုတ်ပြောင်း၊ ပြောင်းချို၊ နှံစား ပြောင်း၊ ပဲအမျိုးမျိုးတို့ကို သင်ပင်ငယ်စဉ် စိုက်ပျိုးနိုင်ပြီးမြေသြဇာကို ကြားသီးနှံများကိုကျွေးခြင်းဖြင့် သင်ပင်အတွက်ပါအကျိုးခံစားရစေသည်။သင်ဖြူးဖျာများ ရက်လုပ်ရာ၌ နည်းလမ်း (၆)နည်းကိုအခြေခံ၍ လုပ်ဆောင်ကြသည်။ ၎င်းတို့မှာ လိပ်ပြာတောင်ရက်နည်း၊ လက်သည်းစောင်းရက်နည်း၊ ဆန်ခါပေါက်ရက်နည်း၊ခုန်ညင်းနွယ်ရက်နည်း၊ ကြက်လျှာရက်နည်း၊ မိချောင်း ရက်နည်းတို့ဖြစ်ကြသည်။ သင်ဖြူးဖျာများကို အရွယ်အစား အမျိုးမျိုးဖြင့်ရက် လုပ်ကြသည်။ အရွယ်အစား အနုအချောကိုလိုက်၍ ဈေး နှုန်း သည်လည်း အမျိုးမျိုးရှိရာ ကတ္တီပါ၊  အခြားသောအစများဖြင့်အနားကွပ်၍ ပြုလုပ်ထားသည့် သင်ဖြူး ဖျာများသည် ခိုင်ခံ့ရုံသာမက သပ်ရပ်မှုလည်းရှိသည်။သင်ဖြူးဖျာများသည်ရက်လုပ်ပြီးစတွင် အရောင် ဖြူဖွေးနေသော်လည်း နှစ်လရှည်ကြာလာလျှင် အရောင်နီလာသည်။သင်ဖြူးဖျာရက်လုပ်ခြင်းသည် ဝင်ငွေကောင်းသော အိမ်တွင်းမှုလုပ်ငန်းတစ်မျိုးလည်းဖြစ်သည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ရှင်ပြုရဟန်းခံ၊ မင်္ဂလာဆောင်တို့၌ သင်ဖြူးဖျာသည် မပါမဖြစ်သော အသုံးအဆောင်တစ်ရပ်ဖြစ်လေရာ လူသုံးများသော ပစ္စည်းဖြစ်၍ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်မျိုးဖြစ်သည်။ ပန်းတနော်၊ ဓနုဖြူ၊ လေးမျက်နှာ၊ ဟင်္သာတ၊ မအူပင်မြို့နယ်များသည် မြန်မာနိုင်ငံ အတွင်းတွင် သင်ဖြူးဖျာထွက်ရှိသည့်အဓိကမြို့များဖြစ်သည်။သင်ခြံတစ်ဧကလျှင် ငါးနှစ်သားအရွယ်တွင် ကျပ် ၁၂သိန်းမှ ၁၅ သိန်းအထိရရှိပြီး နောက်ပိုင်းတွင်မူ သုံးနှစ်တစ်ကြိမ်ထုတ်ယူရောင်းချနိုင်သည်။ ထိန်းသိမ်းစောင့်ရှောက်မှု ကောင်းလျှင် ကောင်းသလို အထွက်နှုန်းတိုးပြီး ဝင်ငွေအတွက် မြေဧကများများ ရှိသူများအဖို့ ပြုလုပ်တည်ထောင်သင့်သော လုပ်ငန်းတစ်ခုဖြစ်သည်။
သင်ပင်များစိုက်ပျိုးခြင်းဖြင့် ဧရာဝတီကဲ့သို့သော ဒေသများအတွက် မြစ်ကမ်းပါး၊  တိုက်စာခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ တို့ကို ထိန်းသိမ်းပေးသည့်အပြင် ပတ်ဝန်းကျင် ဂေဟစနစ်ကိုလည်းထိန်းညှိပေးသည့် အပင်မျိုးဖြစ်သည်။ ထို့ ပြင် ရေပျော်ငှက်ကလေးများနေထိုင်ရာ အပင်လည်း ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြေဆီလွှာထိန်းချုပ်ရေးတို့တွင် အရေးပါသည့် အပင်တစ်မျိုးလည်းဖြစ်သည်။မြန်မာ့ရိုးရာသင်ဖြူးဖျာများသည် စက်အင်အားမပါဘဲလူတို့၏ အင်အားဖြင့် ရက်လုပ်ရသည့် ံညေိ ောိန စစ်စစ်ဖြစ်သည်။ ရေရှည်အသုံးခံပြီး ကျန်းမာရေးနှင့်ညီညွတ်သဖြင့် ရှေးယခင်နှစ် များစွာမှစ၍ ယနေ့တိုင်အောင် ကာလကြာရှည်စွာတည်တံ့လျက်ရှိသည်။ သင်ဖြူးဖျာမျာကို နေရာအနှံ့အပြားသို့တင်ပို့ရောင်းချလျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်းတွင်ရောင်းချလျက်ရှိသော လက်လီဈေးနှုန်းဈေးကွက်မှာ အနားကွပ်ထားသော တစ်ယောက်အိပ် အနံ ၂ ပေခွဲ၊ အလျား ၅ ပေခွဲ တစချပ်လျှင် ကျပ် ၂၃၀ဝ၀၊ အလျား ၅ ပေခွဲ အနံ ၃ပေ တစ်ချပ်လျှင်ကျပ် ၂၅၀ဝ၀၊ အလျား ၆ ပေ အနံ ၃ ပေခွဲ တစ်ချပ်လျှင် ကျပ်၃၁၀ဝ၀၊ အလျား ၆ ပေ အနံ ၄ ပေခွဲတစ်ချပ်လျှင် ကျပ် ၄၀ဝ၀ဝ၊အလျား ၆ ပေခွဲ၊ အနံ ၆ ပေ တစ်ချပ်လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

စန္ဒာစိုးလွင်