Main menu

Background

ဧရာဝတီတိုင်း‌‌‌‌ဒေသထွက်ကုန်နာမည်ကြီး ဟာလဝါ

Wed, 02/05/2025 - 11:16 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ ဒေသထွက်စားသောက်ကုန်  ပုသိမ်ဟာလဝါ လုပ်ငန်းသည် နှစ်ပေါင်း ၉၀ ခန့်က စတင်ထုတ်လုပ် ရောင်းချလျက်ရှိရာ ယခုထက်တိုင် နာမည်ကြီး ရပ်တည်နေဆဲ ဖြစ်သည်။ နိုင်ငံအတွင်းရှိ မြို့အလိုက် နာမည်ကြီးထင်ရှားကျော်ကြားလျက်ရှိသော မြန်မာ့ရိုးရာ မုန့်များ တွင်  မန္တလေးမှာ ထိုးမုန့်၊ ပုသိမ်မှာ ဟာလဝါဟု ပြောစမှတ်ပြုရလောက်အောင် ပုသိမ်ဟာလဝါကို မြန်မာ တစ်နိုင်ငံလုံး ကြိုက်နှစ်သက်ကြပြီး အခါကြီးရက်ကြီး ပွဲတော်ကာလများတွင် ရဟန်း သံဃာတော်များကို လှူဒါန်းခြင်း၊ သက်ကြီးဝါကြီး ဘိုးဘွားဆွေမျိုးမိတ်သင်္ဂဟတို့ကို ပေးကမ်းလှူဒါန်းခြင်းအပြင် အလှူပွဲများ၊ နေရာယူလွှမ်းမိုးထားသော မြန်မာ့ရိုးရာမုန့်တစ်ခုဖြစ်ပြီး ပုသိမ်မြို့ဒေသခံများအတွက်လည်း ဟာလဝါ ပြုလုပ်ရောင်းချခြင်းမှာ အဓိကစီးပွားရေးတစ်ခုဟု ဆိုရမည်ဖြစ်သည်။ 
ပုသိမ်မြို့တွင် နာမည်ကြီးသည့် ဟာလဝါဆိုင်ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ၁၉၇၀ ပြည့်နှစ် တွင် စတင်ထုတ်လုပ်ရောင်းချပြီး ယခုအချိန်ထိအောင် ပုသိမ်မြို့သို့ လာရောက်လည်ပတ်သော ဧည့်သည် များ၊ ဘုရားဖူးများ၊ ပင်လယ်ကမ်းခြေသို့ လာရောက်သည့် ခရီးသွားများ အများဆုံး တန်ဖိုးထား ဝယ်ယူ လျက်ရှိသည့် ဒေသထွက်ကုန် လက်ဆောင်ပစ္စည်းအဖြစ်လည်း နာမည်ကြီးနေသည်။ ပုသိမ်ဟာလဝါ ပြုလုပ်ရန်အတွက် အဓိက ကောက်ညှင်းဆန်၊ ပေါ်ဆန်းဆန်၊ သကြား၊ ထောပတ်၊ ပဲဆီသန့်၊ အုန်းသီး၊ ရှမ်းနှမ်းတို့ကို အသုံးပြု၍ ရှမ်းနှမ်း တစ်မျိုး တည်းသာ ရန်ကုန်မှ ဝယ်ယူရပြီး ကျန်ပစ္စည်းများမှာ ပုသိမ်မြို့ တွင်း၌ပင် ဝယ်ယူ ရရှိသော ဒေသထွက်ကုန်များနှင့်သာ ပြုလုပ် ရခြင်းဖြစ်ကြောင်း ဟာလဝါဆိုင်မှ တစ် ရက်လျှင် လုပ်သား အင်အား ၈၀ ခန့်နှင့် နေ့စဉ်ဟာလဝါများ ထုတ်လုပ်လျက်ရှိပြီး လူတစ်ဦး တစ်ရက် လုပ်အားခ ကျပ် ၆၀ဝ၀ မှ ကျပ် ၈၀ဝ၀ အထိ ပေးရကြောင်း သိရသည်။ 
ဟာလဝါပြုလုပ်ရာတွင် အရည်အသွေးမီ စစ်မှန်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး သန့်ရှင်း လတ်ဆတ်သော မုန့်ဖြစ်အောင်လည်း စနစ်တကျပြုလုပ်ရောင်းချသောကြောင့် ပုသိမ်မြို့ရှိ ဟာလဝါ ဆိုင်များအနက် ပုသိမ်ဟာလဝါဆိုင်မှာ နာမည်ကြီးရခြင်းဖြစ်သည်။ ပုသိမ်ဟာလဝါကို ၁၀ ရက်အတွင်း စားသုံးနိုင်သော်လည်း ဟာလဝါဆိုင်မှ  ခုနစ်ရက်သာ အာမခံထား ရှိကြောင်း ရက်လွန်လျှင် စားသုံးရန် မသင့်ကြောင်းနှင့် ဟာလဝါ ပြုလုပ်ရာတွင်လည်း ကြာရှည်ခံနိုင်အောင် ဓာတုဗေဒပစ္စည်းများ အသုံးပြု ခြင်း၊ အရောင်ကိုလည်း ဓာတုဗေဒဆေးများ အသုံးပြုခြင်း မရှိကြောင်း သိရသည်။ 
မိုးတွင်းရာသီ၌  ခရီးသွားများနည်းပါးချိန်ဖြစ်၍ အရောင်းအဝယ် အနည်းငယ်အေးသော်လည်း ပွင့်လင်း ရာသီတွင် အရောင်းအဝယ်သွက်ကြောင်းနှင့် မတ်၊ ဧပြီလများတွင် အရောင်းအဝယ်အကောင်းဆုံး အချိန်ဟု သိရသည်။ ဝယ်လိုအားအလိုက် လုံလောက်အောင် ထုတ်လုပ်ထားရှိပြီး ဟာလဝါဆိုင်မှ ဝယ်ယူ သူများအတွက် ရေအေး၊ ရေနွေး၊ ကျား၊ မ သန့်စင်ခန်းများ စီစဉ်ထားရှိပြီး ခရီးသွားဝယ်ယူသူများအတွက် ပစ္စည်းများကို ကားပေါ်သို့ ပို့ဆောင်ပေး၍ ဘုရားဖူးကား၊ ဧည့်ကား၊ ယာဉ်မောင်းများအတွက်လည်း ပုသိမ်ဟာလဝါနှင့် ရေသန့်ဘူးများပါ လက်ဆောင်ပေးကြောင်း သိရသည်။ 
ပုသိမ်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်မှတ်တမ်းနှစ်စဉ် ပြုလုပ်ပြီး မြို့နယ်ကျန်းမာရေးမှူးမှလည်း နှစ်စဉ်စစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းတို့ကို ပြုလုပ် လျက်ရှိကြောင်း သိရသည်။ ယခင်က မြို့တွင်း၌သာ ရောင်းချမှုရှိသော်လည်း ဆိုင်ခွဲများ ထပ်မံတိုးချဲ့လျက် ရှိရာ ပုသိမ်မြို့တွင်း ကုန်သည်လမ်းတွင် တစ်ဆိုင်၊ အမှတ်(၁)ကြိုးတံတားအနီး ပုသိမ်-ချောင်းသာလမ်း၊ ကမ်းနီကျေးရွာတွင်တ စ်ဆိုင်၊ ပုသိမ်-မုံရွာ (ရေဦး) လမ်းမြတ်တိုရပ်ကွက်တွင်  တစ်ဆိုင်၊ ပုသိမ်-မုံရွာ (ရေဦး) လမ်း လေယာဉ်ကွင်းရှေ့တွင် တစ်ဆိုင်၊ ပုသိမ်-ချောင်းသာလမ်း မြို့ဝင်ဂိတ်အနီး ချောင်းသာ မြို့တွင်းတွင် တစ်ဆိုင်၊ စုစုပေါင်း ငါးဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း  သိရသည်။ 
ဟာလဝါမှာ ကောက်ညှင်းကို အခြေခံပြီး ပြုလုပ်ထားသော မြန်မာ့ရိုးရာ မုန့်တစ်ခုဖြစ်ပြီး အလှူပွဲ များ၊ ကန်တော့ပွဲများတွင်  အမြဲတမ်းပါဝင်နေသော မုန့်အမျိုးအစားတစ်ခုဖြစ်သည်။ မြန်မာ့ရိုးရာ ပုသိမ် ဟာလဝါမှာ ပုသိမ်မြို့ ကြီးနှင့်အတူ ရှင်သန်ရပ်တည်နေမည်ဖြစ်သလို ပုသိမ်မြို့၏ ဂုဏ်ဆောင် ဟာလဝါ မုန့်ကို လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။             မင်းမင်းဦး (ပသ