Main menu

Background

ဟင်္သာတဒေသထွက် နာနတ်သီးများ ဈေးကောင်းရလျက်ရှိ

Mon, 06/02/2025 - 13:25 -- journal_editor

ဟင်္သာတမြို့နယ်တွင်  ရာသီပေါ်သီးနှံ နာနတ်ပင်များကို နိဗ္ဗာန်တိုက်နယ်၊ နိဗ္ဗာန်ကျေးရွာ တွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ် နာနတ်စိုက် ဧက ၅၀ မှ ၆၀ ကြား စိုက်ပျိုးလျက်ရှိသည်။ နာနတ် ပင်ကို နှစ်စဉ် မီုးဦးကျ ဇွန်လတွင်စတင်စိုက်ပျိုးကြ ပြီး ဒီဇင်ဘာလကုန်ခန့်တွင် အသီးစတင်သီးကာ  နောက်နှစ်  မေလလယ်ခန့်တွင် အသီးခူးခြင်းကို ဆောင်ရွက်ကြသည်။ 
နာနတ်ပင် တစ်ဧကတွင် အပင် ၆၅၀ဝ ခန့် စိုက်ပျိုးနိုင်ပြီး  ဒေသမျိုးကို   စိုက်ပျိုးကြသည်။ အပင် ၁၀ဝ၀ စိုက်ပျိုးရန် မြေပြင်ခနှင့် စိုက်ခမှာ ကျပ်တစ်သိန်းတစ်သောင်းခန့်ကုန်ကျ၍ တစ်ဧက အပင် ၆၅၀ဝ အတွက် မြေပြင်စိုက်ပျိုးခမှာ ကျပ် ၇၁၅၀ဝ၀ ခန့်ကုန်ကျသည်။ နာနတ်တစ်ဧကလျှင် ကွန်ပေါင်းမြေသြဇာ တစ်အိတ်နှင့် ပုလဲမြေသြဇာ တစ်အိတ်ခန့် သုံးစွဲရပြီး သွင်းအားစုအတွက် ကျပ် နှစ်သိန်းခွဲခန့် ကုန်ကျသည်။ 
နာနတ်အစို့ တစ်ပင်လျှင် ကျပ် ၂၅၀ ကုန် ကျသည့်အတွက် မျိုး၊ မြေပြင်၊ စိုက်ခ၊ သွင်းအားစု တို့အတွက်  နာနတ်တစ်ဧက စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ၂၅၉၀ဝ၀ဝ ခန့် ကုန်ကျသည်။ ယခု နှစ် နာနတ်ပေါ်စအချိန် မေလဆန်းတွင် အခင်း ဈေးမှာ  နာနတ်သီးတစ်လုံးလျှင် ကျပ် ၅၀ဝ၀ ခန့် ဖြင့် ရောင်းချလျက်ရှိသည်။ နာနတ်တစ်ဧကတွင် အပင် ၆၅၀ဝ စိုက်ပျိုးမှုမှ  ရောင်းတန်းဝင် အသီး လုံးရေ ပျမ်းမျှ   ၅၀ဝ၀ ခန့် ထွက်ရှိနိုင်သည့်အတွက် နာနတ်တစ်ဧက ပျမ်းမျှဝင်ငွေမှာ ကျပ်သိန်း ၂၅၀ ခန့် ရရှိနိုင်သည်။ 
တစ်ဧက  အကျိုးအမြတ် ကျပ်သိန်း ၂၂၀ ခန့် ရရှိနိုင်ပြီး စတင်စိုက်ပျိုးချိန်မှ အသီးခူးချိန်ထိ တစ်နှစ်ခန့် ကြာမြင့်သည့်အတွက် နာနတ်တစ်ဧက လျှင် စိုက်ပျိုးသူ တောင်သူအတွက် တစ်လလျှင် ပျမ်းမျှ ကျပ် ၁၈ သိန်းခန့် ဝင်ငွေရရှိနိုင်သည်။  နိဗ္ဗာန်ကျေးရွာမှ  နာနတ်သီးစိုက်  တောင်သူများ အနေဖြင့် ဒေသတွင်း ရောင်းချမှုအပြင် ပုသိမ် မြို့နှင့် ရန်ကုန်မြို့များသို့ပါ တင်ပို့ရောင်းချလျက် ရှိသည်။ ယခင်နှစ်  နာနတ်သီး ပေါ်ချိန် ရောင်း တန်းဝင် တစ်လုံးဈေးနှုန်း ကျပ် ၄၀ဝ၀ နှင့် နှိုင်း ယှဉ်ပါက ယခုနှစ်တွင် ကျပ် ၁၀ဝ၀ ခန့် ဈေးပိုရ လျက်ရှိသည့်အတွက် နာနတ်သီးစိုက် တောင်သူတို့ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။

မောင်မောင်မြတ်ခိုင်