Main menu

Background

ရေရှည်တည်တံ့လျက်ရှိသည့် မြန်မာ့ရိုးရာ သဘာဝခေါင်းလျှော်ရည်

Thu, 08/07/2025 - 09:46 -- journal_editor

ရှေးခေတ်အခါက ဒွတ္တပေါင်မင်းကြီးသည် စစ်တိုက်ထွက်ပြီး ပြန်လာရာတွင် ပန်ထွာမင်းသမီး၏ တိုင်းပြည်သို့ တစ်ညဝင်အိပ်ခဲ့ရာ ပန်ထွာမင်းသမီးသည် မင်းကြီးအား ဘုန်းကံနိမ့်စေရန် မီးနေသည် ထမီနှင့်ရက်လုပ်ထားသည့် မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ရန် ဆက်သခဲ့ရာ  မင်းကြီးသည် ဆက်သခဲ့သည့် မျက်နှာသုတ်ပဝါကို သုတ်လိုက်သည့်အခါ ဘုန်းကံနိမ့်ပြီး နဖူးမှ မှည့်ရှင်မှာ ကွယ်ပျောက် သွားခဲ့သည်။ မင်းကြီးသည် အပြန်လမ်းတွင်  မိုးရွာသည့်အတွက် တရော်ပင်အောက်သို့ မိုးဝင်ခိုခဲ့ရာ တရော်အရည်များသည် မင်းကြီး ၏ ဦးခေါင်းထက်သို့ စီးကျလာသဖြင့် မှဲ့ရှင်ပြန်ပေါ်လာပြီး  ဓားလှံ လက်နက်များလည်း အရောင်ထွက်ခဲ့ကြောင်း အစရှိသည့် မြန်မာ့ သမိုင်း အစဉ်အလာတို့ကို လေ့လာဖတ်ရှုခဲ့ရသည်။ 
တရော်ကင်ပွန်းဂုဏ်သတ္တိ
တရော်ကင်ပွန်းသည် ဘုန်းတန်ခိုးတိုးစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံခြင်းစသည့် ဂုဏ်သတ္တိများရှိသည့်အတွက် မြန်မာ့ရိုးရာ အစဉ်အလာဖြစ်သည့် သင်္ကြန်ကာလနှစ်သစ်တွင်  ဘုရားရေသပ္ပာယ်ခြင်း၊ သင်္ကြန်ကာလ ဘိုးဘွားများအား ခေါင်းလျှော်၍ ကုသိုလ်ယူခြင်း၊  မွေးကင်းစကလေး ငယ်များ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်း၊ အိမ်သန့်ရှင်းဆေးကြော ခြင်း၊ ရဟန်းခံရှင်ပြုများတွင် ခေါင်းဆေးမင်္ဂလာပြုခြင်း အစရှိသဖြင့် ရှေးအစဉ်အလာကတည်းကပင် အသုံးပြုခဲ့ကြသည်။ 
တရော်ပင် ပေါက်ရောက်သည့် နိုင်ငံများနှင့် အသုံးဝင်ပုံ
တရော်ပင်သည်  တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊  အိန္ဒိယ၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပေါက်ရောက်သည်။ အမြင့်ပေမှာ ငါးမီတာ ကျော်ခန့်ရှိပြီး အပင်လတ်အမျိုးအစားလည်းဖြစ်သည်။ ဇူလိုင်လမှ သြဂုတ်လအထိ ပန်းပွင့်၍ သြဂုတ်လမှ ဒီဇင်ဘာလအထိ အသီးသီး သည်။  တရော်ပင်ကို အသီး၊ အရွက်နှင့် အခေါက်၊ အမြစ်တို့ကို အဓိကထားသုံးစွဲလေ့ရှိကြသည်။ တရော်ပင်တွင် ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ-၃၊ အမျှင်ဓာတ်၊ ပိုတက် စီယမ်၊ ကယ်လ်စီယမ်၊ ဖော့စရပ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ဖက်တီးအက် ဆစ်အစရှိသဖြင့် အာဟာရဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ဓာတ်ပေါင်းများ ပါဝင်သည်။ တရော်အခေါက်ကို ယားနာ ပျောက် ဆေးအဖြစ် အသုံးပြုကြသည့်အပြင် တရော်အရွက်သည် အရေပြား ရောဂါများအတွက် အလွန်ကောင်းသည်။ ထို့အပြင် သကြားကိုဖြူဖွေး အောင် ချွတ်ရာတွင်လည်း တရော်အခေါက်ကို အသုံးပြုကြသည်။ ခေါင်းလျှော်ရည်ပြုလုပ်သည့်  အခါတွင်လည်း တရော်အခေါက်ကို ကင်ပွန်းသီးနှင့်ရော၍ အသုံးပြုကြသည်။ 
ကင်ပွန်းသီးပင်၏ အသုံးဝင်ပုံ
ကင်ပွန်းသီးပင်သည် သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးဖြစ် သည်။ ကင်ပွန်းသီးသည် ချေးများ ပြောင်စင်စေသည့် သတ္တိရှိသဖြင့် အဝတ်လျှော်ခြင်း၊ လက်ဝတ်ရတနာများ အရောင်တင်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ ထို့အပြင် ဆံသားကို ကျန်းမာသန်စွမ်းစေသဖြင့် ခေါင်းလျှော်ရည်ထဲတွင်ထည့်၍ အသုံးပြုလေ့ရှိကြသည်။ ကင်ပွန်း သီးကို ရှေးယခင်ကတည်းကပင် သဘာဝဆံသား ထိန်းသိမ်းသည့် ထုတ်ကုန်များတွင် ထည့်သွင်းအသုံးပြုလေ့ရှိကြသည်။  ကင်ပွန်းသီး သည်ခေါင်းဦးရေကို အေးမြစေပြီး သဘာဝပစ္စည်းစစ်စစ်ဖြစ်သဖြင့် ဆံသားခြောက်သွေ့မှုမှလည်း ကာကွယ်ပေးသည်။ ကင်ပွန်းသီးသည် အရေပြားနှင့် ဆက်စပ်သည့် ပြဿနာများတွင် အသုံးပြုပါက အလွန် ကောင်းသည်။ အရေပြားလေးဘက်နာနှင့် နှင်းခူများကို သက်သာစေ သည်။ ကင်ပွန်းသီး၏ အရေးအပါဆုံး ဂုဏ်သတ္တိတစ်မျိုးမှာ အဆိပ် ပြေနိုင်သည့် အစွမ်းသတ္တိရှိခြင်းဖြစ်သည်။ ကင်ပွန်းသီးကို မြွေ၊ ကင်းမြီးကောက်၊ အခြားအဆိပ် ရှိ သတ္တဝါများ အကိုက်ခံရသည့်အခါ မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုလေ့ရှိကြသည်။   
တရော်ကင်ပွန်းသည် ရှေးမြန်မာမင်းများလက်ထက်ကပင် အသုံးပြုခဲ့ကြသော မြန်မာ့ရိုးရာ ခေါင်းလျှော်ရည် တစ်မျိုးပင်ဖြစ် သည်။ ယနေ့ခေတ်တွင် စက်မှုလက်မှုပညာများ ထွန်းကား လာသည် နှင့်အမျှ ဈေးကွက်တွင် ခေါင်းလျှော်ရည်များမှာ တံဆိပ်အမျိုးမျိုးကို ပါကင်ဘူးလှလှလေးများဖြင့် ရောင်းချလာသည်ကို တွေ့ရှိရသည်။ သို့သော်လည်း အချို့စားသုံးသူများသည် ဓာတုပစ္စည်းမပါဝင်သည့် သဘာဝဖြစ် ထုတ်ကုန်များကိုသာ  ဝယ်ယူသုံးစွဲကြသည့်အတွက် ဒေသထွက် သဘာဝထုတ်ကုန်များသည်လည်း ဈေးကွက်ထိုး ဖောက် နေရာယူလျက်ရှိသည်။ 
ဈေးနှုန်းဈေးကွက်
ဈေးနှုန်းဈေးကွက်အဖြင့် ၂၅၀ မီလီပါ တရော်ကင်ပွန်း ခေါင်း လျှော်ရည်  တစ်ဘူးလျှင် ကျပ် ၇၀ဝ၀ မှ ၈၀ဝ၀၊  ၅၀ဝ မီလီပါ တရော် ကင်ပွန်းခေါင်းလျှော်ရည် တစ်ဘူးလျှင် ကျပ် ၁၁၀ဝ၀ မှ ၁၁၅၀ဝ၊ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသော တရော်ကင်ပွန်း ခေါင်းလျှော်ရည် တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ မှ ၂၀ဝ၀၊ ကင်ပွန်းသီးဆပ်ပြာတစ်တုံးလျှင် ကျပ် ၃၀ဝ၀၊ ကင်ပွန်းသီးမှုန့်တစ်ထုပ်လျှင် ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ နှုန်းတို့ဖြင့် ဈေးကွက်တွင်  အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့ရှိ တရော်ခေါင်းလျှော်ရည် လုပ်ငန်းမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံ တင်ပြီးဖြစ်၍ ြှနြ လုပ်ငန်းတစ်ခုဖြစ်သည်။ လုပ်သားအင်အား အနေဖြင့် ၁၅  ဦးခန့် လုပ်ကိုင်လျက်ရှိသည်။ သဘာဝကုန်ကြမ်း ကင်ပွန်းသီးကို တောင်ကြီးမြို့၊ ပင်းတယ(ရွာငံ)တို့မှ အများဆုံးရရှိပြီး၊ တရော်ကုန်ကြမ်းကို အလေ့ကျပေါက်ရောက်သည့် နတ်မောက်မြို့ အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအနှံ့အပြားမှရရှိသည်။ 
တရော်ကင်ပွန်း ခေါင်းလျှော်ရည်သည် သဘာဝထုတ်ကုန် စစ်စစ်ဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပနိုင်ငံများ ကပါ မှာယူအသုံးပြုလျက်ရှိကြောင်းသိရသည်။ 
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသည် သဘာဝထွက်ကုန် များ အများဆုံးထွက်ရှိသည့် နိုင်ငံဖြစ်သည့်အတွက်  လုပ်ငန်းရှင်တို့ အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အခွင့်အလမ်းများစွာရှိ သည်။ 
ယခုကဲ့သို့ အခွင့်အလမ်းများရရှိသည့်အတွက်  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ဒေသတွင်း သဘာဝထွက်ကုန် များမှ တီထွင်ဖန်တီးနိုင်သည့် အခွင့်အရေးများရှိသည့်အတွက် မိမိ တို့ထုတ်ကုန်အပေါ်  ဈေးနှုန်းဈေးကွက် ပိုမိုရ ရှိရေး၊ ဈေးကွက်ထိုး ဖောက် ဝင်ရောက်နိုင်ရေး၊ ဒေသတွင်းမှသည် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သင့်ကြောင်း  ရေးသားလိုက်ရပါ သည်။ 

 

စန္ဒာစိုးလွင် (မကွေး)