Main menu

Background

ကင်းမွန်ပို့ကုန်မှ ပြည်ပဝင်ငွေ တိုးတက်ရရှိစေရေး ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီ

Wed, 12/03/2025 - 10:14 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်ပြီး ကမ်းရိုးတန်းအရှည်မှာ ၁၂၀ဝ ကီလိုမီတာ ရှည်လျား၍ ကျွန်းပေါင်း ၈၀ဝ ကျော်ဖြင့် မြစ်များ၊ချောင်းများ အလွန်များပြား သည့်အလျောက် ဒီရေရောက်တောများ၊ ရေချိုရေငန်စပ်ရေပြင် များ၊ ရေသယံဇာတများ ပေါများြွကယ်ဝသည့် တိုင်းတစ်တိုင်း ဖြစ်သည်။ ငါး၊ ပုစွန်၊ အအေးခန်းစက်ရုံများ၊ ငါးမှုန့်ကြိတ်စက်ရုံများ၊ ငါး၊ ပုစွန်၊ ကဏန်းပျော့   မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများနှင့်  ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများမှ ရေထွက်ပစ္စည်းများ ထုတ် လုပ်၍ ပြည်တွင်းစားသုံးရန်သာမက  နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ ရောင်းချသည်အထိ ဆောင်ရွက်လျက်ရှိသည်။
    ယခင်က ငါး၊ ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ရေဘဝဲ၊ ပင်လယ် ရေမှော်၊ ပင်လယ်ပျော့ စသည့် ရေသယံဇာတများကို စားနပ်ရိက္ခာ အဖြစ်ထုတ်ယူသုံးစွဲခဲ့ရာ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုကြောင့် ပင်လယ်ရေထွက်ပစ္စည်းများ၏ လိုအပ်ချက်မှာလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရေထွက်ပစ္စည်းအမယ်တစ်မျိုး ဖြစ်သည့် ကင်းမွန် (ပြည်ကြီးငါး)သည်လည်း တနင်္သာရီတိုင်းဒေသ ကြီးတွင်ပေါများ၍ စီးပွားရေးအရ ပြည်ပဈေးကွက်သို့ အခြောက်ခံ စနစ်ဖြင့် လည်းကောင်း၊ ရေခဲရိုက် စနစ်ဖြင့်လည်းကောင်း အေးခဲ စနစ်ဖြင့်  လည်းကောင်း၊ ရန်ကုန်၊ မန္တလေးမြို့များသို့ လည်း ကောင်း၊ မြိတ်၊ ရန်ကုန်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချကြသည်။
    ကင်းမွန်များသည် စူးရှတောက်ပသည့် အလင်းရောင်ကို ကြိုက်၍ အစုအဖွဲ့အလိုက်သွားလာ လှုပ်ရှားမှုရှိပြီး ရေပေါ်လွှာနှင့် ရေလယ်လွှာတို့တွင် နေထိုင်ကျက်စားသည့်   အမျိုးအစားဖြစ်ပြီး၊        ဇာတ်တူသားအချင်းချင်းစားသည့်  အမျိုးအစားဖြစ်သည်။ မြိတ် ဒေသတွင် ဖမ်းဆီးရမိသည့်ကင်းမွန်အရွယ်အစားမှာ ၁ လက်မ အရွယ်မှ ၁၀ လက်မအရွယ်ခန့်ရှိပြီး  ၁ လက်မမှ ၆ လက်မအရွယ် ထိ ဖမ်းဆီးရမိမှု များပြားကြောင်း သိရှိရသည်။
    ကုမ္ပဏီများ၊ အအေးခန်းစက်ရုံများမှ ဆိုဒ် ၄ လက်မအထက် ကင်းမွန်များကို ဦးစားပေးဝယ်ယူကြသည်။ ကင်းမွန်များကို 
အောက်တိုဘာလမှ  စတင်ဖမ်းဆီးကြပြီး နိုဝင်ဘာလနှင့်ဒီဇင်ဘာ လတို့တွင် ရာသီဥတုကောင်းမွန်၍ပိုရရှိသည်။ မြိတ်ဒေသတွင် ကမ်းနီးကင်းမွန် ဖမ်းဆီးလှေ ၁၃၀ ခန့်ရှိ၍   ကင်းမွန်ကုန်ကြမ်း ရရှိမှု  အနေအထားကောင်းမွန်ကြောင်း သိရှိရသည်။  မြိတ်ဒေသ အတွင်း ဖမ်းဆီးရရှိသည့် အရွယ်အစားဆိုဒ်အလိုက် ကင်းမွန်ဈေး နှုန်း ကွဲပြားသည်။ 
ကင်းမွန်များကို ငါးမျှားချိတ်ဖြင့်ဖမ်းဆီးခြင်း၊  ဒယဥ့်ဆွဲပိုက် ဖြင့် ဖမ်းဆီးခြင်း၊ ဝိုင်းချုပ်ပိုက်ဖြင့်မီးထွန်းမြှူဆွယ်၍ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းကွက်များတွင် ဖမ်းဆီးကြသည်။  ကင်းမွန်များကို ဖမ်းဆီးသည့်ကာလမှာ သီတင်းကျွတ်လမှ  တန်ခူးလ  အောက်တို ဘာလမှ ဧပြီလအထိ များသောအားဖြင့် ဖမ်းဆီးကြသည်။နေ့ ဘက်နှင့်ညဘက်၊ လသာ၊ လပြည့်ညများတွင် အလင်းရောင် စုစည်းမှုမရှိဘဲ ပြန့်ကျဲနေသဖြင့်ကင်းမွန်ဖမ်းဆီးရမိမှု နည်းပါး၍  တွက်ချေမကိုက်ဖြစ်တတ်သည်။ ကင်းမွန်အများအပြား မီးထွန်း၍  စုစည်းဖမ်းဆီးနိုင်မည့် လရောင်နည်းပါးသည့် လမိုက်ညများတွင် ပိုမိုဖမ်းဆီးကြပြီး တစ်လလျှင် ၁၈ ရက်ခန့် လုပ်ကိုင်ကြသည်။ ဖမ်းဆီးရမိသော ကင်းမွန်များအား အရွယ်အစားအလိုက်  ရွေး ချယ်၍ ပလတ်စတစ်ဗန်းတွင်ထည့်ပြီး ဗန်းပေါ်တွင် ပလတ်စတစ် အုပ်၍ ရေခဲကတ်အတွင်း (သို့မဟုတ်) ရေခဲပုံးအတွင်း ထည့်၍ ရေခဲရိုက် သိမ်းဆည်းသည်။
    ကင်းမွန်ဖမ်းဆီးရရှိမှုအပေါ်မူတည်၍ ဖမ်းဆီးလျက် သုံး ရက်မှ  ခုနစ်ရက်အတွင်း ဖမ်းဆီးရမိသည့် ကင်းမွန်များအား ဈေး ကွက်ရှိရာ မြိတ်မြို့ပေါ်ရှိအအေးခန်းများ၊ ကုမ္ပဏီများနှင့် ဈေး ကြီးများသို့ လာရောက်ရောင်းချကြသည်။ ကမ်းနီးကင်းမွန်ဖမ်းလှေ တစ်ခေါက်၏ ပျမ်းမျှ ကုန်ကျစရိတ်မှာ ရေလုပ်သား ၁၇ ဦး လစာ ဒီဇယ်ဆီ၊ ရေခဲ၊ ရိက္ခာအစို၊ အခြောက်အပါအဝင် ကျပ် ၃၀ဝ၀ဝ၀ဝ၀ ခန့် ကုန်ကျ၍ တစ်လတစ်ခေါက်တွင် တစ်ခါတစ်ရံ ကင်းမွန်ထိမိနည်းပါးပါက ရှုံးပြီး ထိမိများပါက စရိတ်နုတ်ပြီး ကျပ် ၂၀ဝ၀ဝ၀ဝ၀  မှ ကျပ် ၂၅၀ဝ၀ဝ၀ဝ အထိ အကျိုးအမြတ်ရရှိသည်။ 
    ကင်းမွန်များကို  မြိတ်မီးပြတိုက်အနီးရှိ သစ်ယာတောင်၊ သမီးလှ ကျွန်း အနောက်၊ လေးကျွန်း၊ ဇလိုင်းကျွန်း၊ ဗကာ့ဒွေးကျွန်း၊ လင်း လွန်းကျွန်း၊ ညောင်ဝိုင်းကျွန်း၊ မီးစိမ်းကျွန်း၊ ဒုံးကျွန်း၊ ကွမ်းသီး ကျွန်း၊ စူဠာကျွန်း၊ ပြင်စဘုကျွန်းအနောက်ဘက်၊ သဘော ဘုတ်ကျွန်း၊  ကျောက်ငါးကုန်း စသည့်နေရာများတွင် ဖမ်းဆီးကြ သည်။ 
သို့ဖြစ်ပါ၍ ရေရှည်စဉ်ဆက်မပြတ် ဖမ်းဆီး ထုတ်လုပ်နိုင်ရေး အတွက် ကင်းမွန်ငယ်များလွှတ်ထွက်နိုင်သည့် ပိုက်အိတ်သည် ပိုက်ကွက်တစ်လက်မ ထားခြင်း၊ ဒယဥ့်ဆွဲ ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီး ပါက ကင်းမွန်သေးများ လွတ်ထွက်နိုင်သည့် ကိရိယာများတပ်ဆင် သင့်ခြင်း၊ ကင်းမွန်းများ သားပေါက်ရာသီကို  စနစ်တကျသတ်မှတ် လိုက်နာပေးခြင်းဖြင့် ကင်းမွန်မျိုးသုဉ်းမှုမှ  ကာကွယ်နိုင်ပါသည်။ 
ရေလုပ်သားများလည်း ရေရှည်အလုပ်အကိုင် အခွင့်အလမ်း တည်တံ့စေပြီး ပြည်ပနိုင်ငံများသို့ ပို့ကုန်တစ်ခုအဖြစ်တင်ပို့ပြီး နိုင်ငံတော်အတွက်   ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်သောလုပ်ငန်း တစ်ခုဖြစ်ကြောင်း ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။

 

မိုးသီသီ (မြိတ်)