Main menu

Background

ကျွန်းစုမြို့နယ်ရှိ ဂျင်းခရု မွေးမြူခြင်းလုပ်ငန်း

Sat, 01/10/2026 - 12:17 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်သည် မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်း ရိုးတန်းဒေသတွင်တည်ရှိပြီး ကျွန်းပေါင်း ၂၀၁ကျွန်းဖြင့် ဖွဲ့စည်းထားကာ ၁၁၂ ကျွန်းတွင် လူများ နေထိုင် ကြသည်။ ကျွန်းစုမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၆၀ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၁၈၃၈ ဒသမ ၄၈ ကျယ်ဝန်းသည်။ ကျွန်းစုမြို့နယ်တွင် ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စု ပေါင်း ၂၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၉၃ ရွာရှိသည်။ မြို့နယ်၏ အဓိက အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းအဖြစ် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး အခြားဥယျာဉ်ခြံမြေ၊ လယ်ယာလုပ်ငန်းများကိုလည်း လုပ် ကိုင်ကြသည်။ ပင်လယ်ပြင်တွင် မွေးမြူရေးလုပ်ငန်းများအဖြစ် ရေငန်ပုစွန်၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ကဏန်းမည်း၊ ကကတစ်ငါး၊ ကျောက်ငါး၊ ပင်လယ်ရေမှော်၊ စားကမာ၊ ဂျင်းခရု စသည်ဖြင့် မွေးမြူလုပ် ကိုင်ကြသည်။ အဆိုပါ မွေးမြူရေးလုပ်ငန်းများမှ ဂျင်းခရုမွေးမြူရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ်မှစ၍ လုပ်ငန်းရှင်များမှ စမ်းသပ်မွေးမြူခဲ့ကြပြီး ယခုအချိန်တွင် လုပ်ငန်းရှင်အများအပြား စိတ်ဝင်စားပြီး လုပ် ကိုင်မှု ပိုမိုများပြားလာသည့် လုပ်ငန်းတစ်ခုဖြစ်လာသည်။
ကျွန်းစုမြို့နယ်အတွင်း ဂျင်းခရုမွေးမြူခြင်းလုပ်ငန်းသည် ပိုမိုများပြားလာသည်နှင့်အညီ စနစ်တကျ မွေးမြူထုတ်လုပ်ပါက လုပ်ငန်းရှင်တို့အတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်ပြီး ၎င်းလုပ်ငန်းတွင် မှီခိုလုပ်ကိုင် ကြသူများအတွက်လည်း အကျိုးကျေးဇူးများရရှိခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိနိုင်ခြင်း၊ လူတစ်ဦးချင်းဝင်ငွေ ပိုမိုရရှိစေနိုင်ခြင်းနှင့် မွေးမြူထုတ်လုပ်ရာတွင် အခက်အခဲနှင့် အကျိုးအမြတ်ရရှိနိုင်မှုတို့ကို သိရှိနိုင်စေရန် ရေးသားခြင်းဖြစ်သည်။ 
ဂျင်းခရုသည် ယောက်သွားမျိုးနွယ်ဝင် အမျိုးအစားဖြစ်ပြီး ရွှံ့နွံထူထပ်သော နေရာတို့တွင် နေထိုင် ကျက်စားကြသည်။ ဂျင်းခရုဟုခေါ်ဆိုခြင်းသည် ဒေသအခေါ်ဖြစ်ပြီး ခရုမျိုးနွယ်ဝင် မဟုတ်ဘဲ ယောက် သွားမျိုးနွယ်ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ (ြူသသိ  ဃောူ)ဟုသိရပြီး သိပ္ပံအမည်မှာ(ွှနါငူမေခေ ါမညေသျေ) ဖြစ်သည်ဟု လေ့လာသိရှိရသည်။
ဂျင်းခရုမွေးမြူရန်  မြေနေရာရွေးချယ်ကြရာတွင် လုပ်ငန်းရှင်များမှ ပင်လယ်ပြင် ဒီရေတောများ ထူထပ်စွာ ပေါက်ရောက်သည့် ကျွန်းကမ်းခြေ ဒီရေရောက်ရာကျယ်ဝန်းပြီး ထူထပ်သန့်ရှင်း ပျော့ပြောင်း သည့် ရွှံ့နွံပြင်ရှိသော နေရာ၊ ကျွန်းပေါ်မှ ရေချိုချောင်းငယ်များ စီးဆင်းသည့်နေရာနှင့် လွတ်ကင်းသော၊ သဲလုံးဝမပါရှိဘဲ အနံ့ကင်းစင်သော ရွှံ့ပြင်၊ ဂျင်းခရုများ မွေးမြူနိုင်ခြင်း ရှိ/မရှိ အခြေအနေ ခန့်မှန်းနိုင်ရန် ရွှံ့ပြင်တွင် ကင်းပုစွန်များ တွင်းတူးနေထိုင်ခြင်း ရှိ/မရှိ၊ သဘာဝဂျင်းများ ရှိ/မရှိကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပြီး ၎င်းနေရာများကိုသာ အဓိကထားရွေးချယ်ကြပြီး မွေးမြူခြင်း၊ မွေးမြူသော ရွှံ့ပြင်သည် ဒီရေ ကျချိန်တွင် ရွှံ့ပြင်အဖြစ် မြင်တွေ့ရကာ ရေပြန်တက်ချိန်တွင် ရေအနက်မှာ နေရာအလိုက် ကွဲပြားပြီး အနည်းဆုံး ခြောက်ပေမှ ၁၅ ပေခန့်အထိရှိသော နေရာတို့တွင် မွေးမြူကြသည်။ 
လုပ်ငန်းရှင်တစ်ဦး ဂျင်းခရုမွေးမြူရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်နှစ် တစ် ရာသီအတွက် ခွင့်ပြုပေးသည့် ရွှံ့မြေဧရိယာ၃၀ဧကအတွင်း ဂျင်းခရုသား ပေါက်ပြုစုသည့် နေရာ၊ အရွယ် မရောက် ရောင်းတန်းမဝင်သည့် အရွယ်ငယ်များအတွက် နေရာ၊ အရွယ်ရောက်ပြီး ထုတ်လုပ်ရန်နေရာဟူ၍ တစ်ပိုင်းလျှင်၂ ဒသမ ၅ ဧကဖြင့် ဧက ၃၀ တွင် ၁၂ ကွက် အပိုင်းလိုက် ခွဲခြားမွေးမြူကြသည်။
ဂျင်းခရုမွေးမြူရာတွင် မြေနေရာ ရွေးချယ်ပြီးပါက မျိုးသားပေါက်ငယ်များကို ဝယ်ယူစုဆောင်းပြီး ထည့်သွင်းမွေးမြူကြရသည်။ မျိုးသားပေါက်ငယ်များသည် နှစ်စဉ်သဘာဝသားပေါက်ကုန်းများမှ နိုဝင် ဘာလနှင့် ဒီဇင်ဘာလတို့တွင်ရရှိပြီး ဧက ၃၀ ကွက်အတွင်းမှ သားပေါက်ပြုစုရန် ၂ ဒသမ ၅ ဧကကွက် နှစ်ကွက်သတ်မှတ်ကာ စုစုပေါင်း ငါးဧကအတွင်းသို့ ထည့်သွင်း၍ ၁ါု တွင် အကောင်ရေ နှစ်သောင်းနှင့် ၁၄၀ဝ ါု တွင် အကောင်ရေ သိန်း၂၈၀ ကို ထည့်သွင်းမွေးမြူကြသည်။
ပျိုးထောင်ပြီးသော အရွယ်ရောက်ဂျင်းခရုသားပေါက်များကို  ကျန်ရှိသည့် ရွှံ့မြေ ၂၅ ဧကအတွင်းသို့ ပြောင်းရွှေ့ထည့်သွင်း မွေးမြူခြင်းကိုဆောင်ရွက်ရာတွင် ပြန်လည်ခွဲယူချိန်နှစ်လခန့်ကြာမြင့်သည်။ ပျိုး ထောင်ရရှိပြီး သားပေါက်စုစုပေါင်း သိန်း ၁၄၀ ကောင် ကို ၂၅ ဧကအတွင်း ခွဲဝေထည့်သွင်းမွေးမြူခြင်း ဖြစ်သည်။ 
အဆိုပါ ဂျင်းခရုများကိုရှစ်လခန့် ရောင်းတန်းဝင်အရွယ် ရောက်ရှိအောင်မွေးမြူရပြီး ကုန်ချော ထုတ်လုပ်ရန်၊ ဈေးကွက်သို့တင်ပို့ရန်အတွက် ရောင်းတန်းဝင်ဂျင်းခရုများကို ပြန်လည်ကောက်ယူစုဆောင်း သည့်ကာလမှာ တစ်လခန့်ကြာမြင့်သည်။
ရောင်းတန်းမဝင်ဘဲ ကျန်ရှိနေသည့် ဂျင်းခရုများကို ပျိုးထောင်ကန်များအတွင်း ပြန်လည်ထည့် သွင်းမွေးမြူခြင်းကို ဆောင်ရွက်ရကာ အချိန်ကာလအားဖြင့် သုံးလခန့်ကြာ ထပ်မံမွေးမြူခြင်းဖြင့် ရောင်း တန်းဝင် ဂျင်းခရုများအဖြစ် ပြန်လည်ရရှိသည်။
ဧက ၃၀ အတွင်း ဂျင်းခရုသားပေါက်များ ထည့်သွင်းမွေးမြူချိန်မှ ရောင်တန်းဝင် ဂျင်းခရုများရရှိ အောင် မွေးမြူချိန်ထိ စုစုပေါင်း တစ်နှစ်ခွဲခန့်ကြာမြင့်သည်။
ဂျင်းခရုမွေးမြူခြင်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှုမှာ ဂျင်းခရုမွေးမြူခြင်းသည် အစာဖိုး ကုန်ကျစရိတ် လုံးဝမရှိသော်လည်း ကုန်ကျသည့်ရင်းနှီးမြှုပ်နှံမှုမှာ များပြားလှသည်။ မွေးမြူရန် မျိုးသား ပေါက်ငယ်များဝယ်ယူရာတွင် ဈေးများလွန်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အနည်းဆုံး အလုပ် သမားနှစ်ဦးကို စရိတ်ငြိမ်းငှားရမ်း အသုံးပြုရခြင်း၊ ဂျင်းခရုများ ပြန်လည်ဖော်ယူချိန်တွင် လူအင်အား များစွာ ခေါ်ယူအသုံးပြုရခြင်း စသည်ဖြင့် တစ်နှစ်ပတ်လုံးအတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များကို ကြိုတင်အရင်းပြုရသည်။ ဧက ၃၀ လုပ်ကွက် တစ်ခုအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်အားဖြင့် ကျပ် ၇၈၂ သိန်းခန့်ရှိသည်။ 
အကျိုးအမြတ်အနေဖြင့် အအောင်မြင်ဆုံး  ဧက ၃၀ လုပ်ကွက်မှ ဝင်ငွေသည် ကျပ်သိန်း ၁၅၅၀ ခန့်ရှိသဖြင့် ကျပ် ၇၆၈ သိန်းခန့်အမြတ်ရရှိကြောင်းသိရသည်။  ရေကန်တောင်ကျေးရွာရှိ လှိုင်းကြီးမော် ကုန်း ၆၇၀ ဒသမ ၁၆ ဧကမှ သားပေါက်များရရှိသည်။ 
တွေ့ကြုံရသည့်အခက်အခဲများမှာ ဂျင်းခရုအား ဖမ်းယူစားသောက်သည့် ဂျင်းစားခရု၊ ကြယ်ငါး၊ ကဗြုန်းငါး (ခ)ပင်လယ် ငါးခူ၊ ငါးလိပ်ကျောက်တို့၏ အန္တရာယ်များကို ကြုံတွေ့ရခြင်း၊ ရွှံ့နွံပြင်အတွင်း ကြဲချထားခြင်းကြောင့် ရှင်သန်မှု၊ ကြီးထွားမှုအခြေအနေများကို စနစ်တကျ မစစ်ဆေးနိုင်ခြင်း၊ ညအချိန် တွင် ဝင်ရောက်၍ အုပ်စုလိုက် ခိုးယူသည့်သူများ၏ အန္တရာယ်နှင့် ကြုံတွေ့ရခြင်းများ ရှိတတ်ကြောင်း သိရသည်။ 
သို့ဖြစ်၍ ဂျင်းခရုမွေးမြူခြင်းလုပ်ငန်းသည် ခေတ်နှင့်အညီ ရေလုပ်ငန်းလုပ်ကိုင်သူများအကြား ရေပန်းစားလာသည့်  လုပ်ငန်းတစ်ခုဖြစ်ပြီး အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ ပင်လယ်‌ရေပြင်တွင် ဒေသခံ‌ရေလုပ်သားတို့အကြား တစ်ဦးနှင့်အများ သင့်တင့်မျှတအောင် စီမံဆောင် ရွက်ကြရသည့် မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ထိုမွေးမြူရေးလုပ်ငန်းမှလည်း လုပ်ငန်းရှင်အတွက် အကျိုးအမြတ်သာမက ဒေသတစ်ခု၏ ထွက်ကုန်ပစ္စည်းအဖြစ် နိုင်ငံခြားဝင်ငွေပိုမိုရရှိစေပြီး ဒေသတွင်း ကုန်ထွက်အတွက်လည်း အကျိုးရှိစေသောလုပ်ငန်း တစ်ခုဖြစ်ကြောင်း ရေးသားအပ်ပါသည်။
   

စိုးဗြိ (ထားဝယ်)
Source: တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန