Main menu

Background

ဆီးသီးခြောက်မှ တန်ဖိုးမြင့်ထုတ်ကုန် ဆီးဆန် ထုတ်လုပ်လျက်ရှိ

Tue, 02/03/2026 - 11:35 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆီးသီးခွဲစက်မှ တန်ဖိုးမြှင့် ထုတ်ကုန်ဆီးဆန်များ ထုတ်လုပ်လျက်ရှိသည်။ ဆီးဆန်ထုတ်လုပ်သည့် လုပ် ငန်းရှင်မှ လက်ရှိအချိန်တွင် ဆီးသီး ခွဲစက် သုံးလုံးဖြင့် လည်ပတ်နေကြောင်း၊ ဆီးသီးပေါ်ချိန်တွင် ဆီးသီးခြောက်ကုန်ကြမ်းများ ဝယ်ယူ၍ တစ်နှစ်ပတ်လုံး ကြိတ်ခွဲထုတ်လုပ်ကြောင်း သိရှိရသည်။ ဆီးသီးခွဲစက်တွင် အလုပ်သမား ခြောက်ဦးဖြင့် လုပ်ကိုင်နေပြီး အလုပ်သမားတစ်ဦးလျှင် တစ်ရက် ကျပ် ၈၀ဝ၀ ပေးကြောင်း သိရှိရသည်။ ဆီးသီးအစိုများ မဝယ်ဘဲ ဆီးသီးအခြောက်များကို မြို့ပေါ်ရှိပွဲရုံများမှဝယ်ယူကြောင်း၊ ယခင်နှစ်ဆီးသီးပေါ်ချိန် တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ဝယ်ရကြောင်း၊  ယခုအချိန်တွင် ဆီးသီးအခြောက်များ ဝယ်ယူ၍မရသေးကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။ 
ဆီးသီးအစို ငါးတင်း နေလှန်းလျှင် အခြောက်လေးတင်း ရရှိသည်ဟု တောင်သူများထံမှ သိရှိရကြောင်း၊ ဆီးဆန်ထုတ်လုပ်ရာတွင် ဆီးသီးခြောက် ကိုအသုံးပြု၍ ပထမဦးစွာ စက်ဖြင့် အခွံချွတ်ရကြောင်း၊ ထွက်ရှိလာသော ခွဲသားများအား အစေ့နှင့်အခွံများကို သန့်စင်ခွဲခြားပြီး ရရှိလာသော ဆီးစေ့ များကို စက်ဖြင့်ကြိတ်ခွဲရကြောင်း၊ အစေ့နှင့် ခွဲသားများကို ထပ်မံ၍ စက်ဖြင့် သန့်စင်ခွဲခြားပြီး ထွက်ရှိလာသော အမှုန်အမွှားများကို ထပ်မံသန့်စင်အောင် ပြုလုပ်၍ ကောင်းမွန်သန့်ရှင်းသော ဆီးဆန်များ ထုတ်လုပ်ကြောင်း သိရ သည်။
ဆီးသီးခြောက် တစ်တင်း (၁၆ ပိဿာ) ကြိတ်ခွဲလျှင် ဆီးဆန် ၂၅ ကျပ် သားထွက်ရှိ၍ ယခင်နှစ်က ဆီးသီးခြောက် တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ဝယ်ယူ၍ လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်မှု နည်းခဲ့ကြောင်း သိရ သည်။ 
ယခုနှစ်လာမည့် မတ်လကုန်တွင် တွင်ကျယ်စွာ ကြိတ်ခွဲရမည်ဖြစ်၍ ဆီးဆန်ဈေးနှုန်းကောင်းရရှိရန် မျှော်လင့်ထားကြောင်း၊ ရရှိလာသောဆီးဆန် များကို မန္တလေးမြို့ရှိ ကုန်သည်များထံသို့ တိုက်ရိုက်ရောင်းချကြောင်း အဆိုပါ ဆီးဆန်များကို တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုကြောင်း ဆီးဆန် ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရသည်။                                                                          

 

သူဇာကျော်(ပခုက္ကူ)