Main menu

Background

မိတ္ထီလာ ဒေသထွက်ကုန်ဈေးကွက်

Tue, 02/03/2026 - 11:37 -- journal_editor

နှမ်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ် သည့် နှမ်းညိုနှင့်နှမ်းဖြူကို အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနှမ်းစိုက်ဧက ၃၂၅၉၉၀ ဧကရှိပြီး တစ်ဧက အထွက်နှုန်းမှာ ၄ ဒသမ ၇ တင်းခန့် ထွက်ရှိကြောင်း ကြေး တိုင်နှင့် မြေစာရင်းဦီးစီး ဌာန စာရင်းအရသိရသည်။
၂၀၂၆ခုနှစ် ဇန်နဝါရီလစတုတ္ထပတ်အတွင်း မြို့ပေါ်ပွဲရုံ များ၌ တစ်ပတ်လျှင်အိတ် ၅၀ ခန့် ရောင်းဝယ်လျက်ရှိကြောင်း၊ နှမ်း ညိုတစ်တင်းလျှင် ကျပ် ၉၇၅၀ဝ-၁၀ဝ၀ဝ၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့်  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း  ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် နှမ်းညို တစ် တင်းလျှင် ကျပ် ၁၀၅၀ဝ-၁၂၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ ခန့် ဈေးနှုန်း မြင့်တက် လာကြောင်း၊ဈေးနှုန်းမြင့်တက် လာရခြင်းမှာ ဈေးကွက် လက်ကျန်နည်းလာခြင်း၊ တိရစ္ဆာန် အစာဈေးမြင့်၍ ကုန်ကြမ်းဈေး  မြင့်တက်လာရခြင်း  ဖြစ် ကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ် စက်များမှ အများဆုံးဝယ်ယူကြကြောင်း သိရသည်။
ပဲစင်းငုံ
မိတ္ထီလာခရိုင်တွင်  ပဲမျိုးစုံသီးနှံများတွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသည့် ပဲစင်းငုံကို အဓိကစိုက်ပျိုးကြပြီး  မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း စသည့် လေးမြို့နယ်လုံး စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပဲစင်းငုံစိုက်ဧက ၁၀၂၂၁၁ စိုက်ပျိုးခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာန စာရင်းအရ သိရသည်။
မိတ္ထီလာမြို့  ပဲမျိုးစုံဈေးကွက်တွင် မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ်များရှိ ကျေးရွာများမှ ဈေးကွက် အတွင်း ပဲစင်းငုံများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မြို့ပေါ် ပွဲရုံများ၌   တစ်ရက်လျှင်  အိတ် ၅၀ဝ၀ ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ဖြစ် ပေါ်နေသော ပဲစင်းငုံဈေးနှုန်းမှာ ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၄၀ဝ၀-၉၅၀ဝ၀ ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် တစ်ပတ်နှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၄၅၀ဝ-၅၅၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရ သည်။
ကြက်သွန်နီ
မိတ္ထီလာဈေးကွက်တွင်    ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ကြက်သွန်နီဈေးများ မြင့်တက်လာသည်။  အဟောင်းလက် ကျန်နည်းလာခြင်းနှင့် ဝယ်လိုအားများခြင်းကြောင့်‌  ဒီဇင်ဘာ လကုန်ပိုင်းမှစ၍ ဝယ်လိုအား ပုံမှန်ရှိသည့် ပြည်တွင်းဈေး ကွက်အပြင် ပြည်ပဝယ်လိုအားကြောင့် ဈေးမြင့်လာရာ လက် ကားဈေး တစ်ပိဿာလျှင် အသစ်မှာ ကျပ် ၂၀ဝ၀- ၂၈၀ဝ အဟောင်းမှာ ကျပ် ၁၅၀ဝ-၁၈၀ဝ ရှိခဲ့သည်။ 
ဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်သွန်နီဈေးမှာ လက် ကား တစ်ပိသာလျှင် အသစ်ကျပ်  ၁၅၀ဝ၊ အဟောင်းမှာ ကျပ် ၁၂၀ဝ ဈေးဖြင့်  ဝယ်ယူနေကြောင်း ကြက်သွန်နီကုန်သည်များ ထံမှ သိရသည်။ ကြက်သွန်နီအဟောင်းမှာ အရည်အသွေး နိမ့်လာပြီဖြစ်၍  အသစ်များကိုသာ တင်ပို့နေကြောင်း၊ ယခု အခါ မိတ္ထီလာဈေးကွက်အနေဖြင့် ကြက်သွန်နီကို ပြည်ပသို့ တင်ပို့နေကြောင်း ကြက်သွန်နီပွဲရုံများမှ သိရသည်။
ထောပတ်ပဲ
မိတ္ထီလာမြို့ရှိသီးနှံစုံပွဲရုံများတွင် ဒီဇင်ဘာလကုန်ပိုင်း မှစ၍ ထောပတ်ပဲများ ဝင်ရောက်လာကြောင်း  သိရသည်။ ဒေသတွင်း တောင်သူများအနေဖြင့် ပဲမျိုးစုံ သီးနှံများတွင် ပဲစင်းငုံကို အများဆုံး စိုက်ပျိုးသော်လည်း ထောပတ်ပဲကိုလည်း နှစ်စဉ်   စိုက်ပျိုးလေ့ရှိသည်။ ထောပတ်ပဲကို မိုး/ဆောင်း နှစ်သီးစိုက်ပျိုးရာ မိတ္ထီလာခရိုင်အတွင်း မလှိုင်မြို့နယ်တွင် အများဆုံး   စိုက်ပျိုးသည်။ သီးနှံပေါ်ချိန်တွင် ဈေးကွက်၌ ဝယ်လိုအားရှိသည့်အပြင် ပဲအစိုအနေဖြင့်လည်း ဒေသတွင်း စားသုံးရန် ဝယ်လိုအားရှိခြင်းတို့ကြောင့် နှစ်စဉ်စိုက်ပျိုးခြင်း ဖြစ်သည်။
ဈေးနှုန်းအနေဖြင့် ပဲအစိုမှာ နိုဝင်ဘာနှင့် ဒီဇင်ဘာလ များတွင် တစ်ပိဿာ ကျပ် ၆၀ဝ၀-၆၅၀ဝ ရရှိခဲ့ပြီး ရင့်မှည့် ခြောက်သွေ့သည့်အချိန် ဇန်နဝါရီလ၌ တစ်တင်းလျှင် ကျပ် ၇၁၀ဝ၀-၇၂၀ဝ၀ ထိ ရောင်းချရကြောင်း တောင်သူများထံမှ သိရသည်။
ထောပတ်ပဲဈေးမှာ   ယခင်နှစ်က တစ်တင်းလျှင် တောင်သူရောင်းချရသည့်ဈေးမှာ ကျပ် ၈၂၀ဝ၀- ၈၃၀ဝ၀ ဈေးရှိခဲ့သဖြင့် ယခင်နှစ် လောက်ဈေးကောင်းမရသော်လည်း ပဲအစိုအနေဖြင့် လက်လီ ရောင်းချနိုင်ခြင်း၊ မိသားစုစားသုံး နိုင်ခြင်းတို့ကြောင့်  နှစ်စဉ် စိုက်ပျိုးကြကြောင်း ဈေးကွက်မှ သိရသည်။              

 

သင်းသင်းမြတ်၊ မြို့ရီ MDY DOCA