Main menu

Background

ပြည်ပဈေးကွက်ဝင် ကျောက်ပုစွန်(ခေါ်)ပဂဲ

Thu, 03/05/2026 - 09:56 -- journal_editor

ကျောက်ပုစွန်သည် အခွံမာသတ္တဝါမျိုးဖြစ်ပြီး အမြီး ရှည်သော အကောင်မျိုးဖြစ်သည်။ ပုစွန်တုပ်၊ ပုစွန်ဆိတ်၊ ပုစွန်ကျား၊ ပုစွန်ကျော့၊ ကဏန်း(ခေါ်)ပုစွန်လုံးနှင့် ကျောက် ပုစွန်ဟူ၍ အမျိုးမျိုးရှိကြသည်။ ယင်းတို့အနက်မှ ကျောက် ပုစွန်သည် လူကြိုက်များသဖြင့် ဒေသအတွင်းသာမက ပြည်ပ နိုင်ငံများသို့ပါ  တင်ပို့လျက်ရှိသည်။  ကျောက်ပုစွန်သည် အသက်အရှည်ဆုံး ရေသတ္တဝါများတွင်ပါဝင်၍  ကြီးမားသော အခွံမာရေနေသတ္တဝါများဖြစ်ပြီး သာမန်ပုစွန်များကဲ့သို့ပင် အခွံလဲတတ်သော သဘာဝရှိကြသည်။
အခွံမာကျောက်ပုစွန်များသည် ကျောရိုးမဲ့ရေသတ္တဝါ များဖြစ်ကြပြီး ခြေလက်ငါးစုံပါရှိကာ သုံးစုံမှာ လက်သည်းများ နှင့်ဖြစ်ပြီး ရှေ့ဆုံးလက်သည်းသည် အကြီးဆုံးဖြစ်သည်။ လက်မနှစ်ချောင်းသည် ကြီးမားလှပြီး တစ်ဖက်ကိုကြိတ်ချေရန် နှင့် တစ်ဖက်ကို ညှပ်ရန်အသုံးပြုကြသည်။ ထိခိုက်လျှင်လည်း ပြန်၍ အသားတက်နိုင်ပြီး ယင်းတို့၏ ခြေလက်များပြတ်သွား ပါကလည်း အသစ်ပြန်ထွက်သော သဘာဝအတိုင်းရှိကြ သည်။ ကျောက်ပုစွန်ကို ပင်လယ်ကမ်းရိုးတန်းဒေသများတွင် တွေ့ရလေ့ရှိပြီး ပင်လယ်ရေကြည်လင်သန့်ရှင်းသော မြိတ် ကျွန်းဒေသတစ်လျှောက်တွင်လည်း အများအပြားရရှိသည်။ 
အဓိက မြိတ်ဒေသ၊ အလယ်မန်ကျွန်းများတွင် အများ ဆုံးရရှိသည်။ ကျောက်ပုစွန်ကို တနင်္သာရီဒေသတွင် ]ပဂဲ} ဟု လည်း ခေါ်ဝေါ်ကြသည်။ ကျောက်ပုစွန်များသည် ပင်လယ် အောက်ခြေလွှာတွင် သွားလာကျက်စားလေ့ရှိပြီး နောက်ပြန် ကူးရာတွင် အလွန်လျင်မြန်ကြသည်။ အကောင်ကြီးလေ၊ အသက်ကြီးလေဖြစ်ပြီး စွမ်းအားကြီးလေဖြစ်သည်။
ကျောက်ပုစွန်များသည် အများအားဖြင့် မိုးရာသီကာလ များတွင် မျိုးပွားကြပြီး ငါးဖမ်းရာသီဖြစ်သော မိုးရာသီအကုန် ပွင့်လင်းရာသီ၌ ရေလုပ်သားများမှ နိုဝင်ဘာလမှ ဧပြီလအထိ ဖမ်းဆီးကြသည်။ ကျောက်ပုစွန်ကို မိုးတွင်းကာလ မိုးရွာသွန်း ၍ ရေချိုများပြားသည့်အချိန်တွင် ဖမ်းဆီးရရှိမှုမရှိဘဲ ဆောင်း ရာသီအအေးများချိန်နှင့် နွေရာသီ ရေငန်နှုန်းမြင့်မားချိန်၌သာ ဖမ်းဆီးရမိကြသည်။ 
ကျွန်းပတ်ဝန်းကျင်   ရေတိမ်ပိုင်း၊ ကျောက်ကြို/  ကျောက်ကြားများ၌နေထိုင် ကျက်စားကြသည်။ ကျောက်ပုစွန် ဖမ်းသော ရေလုပ်သားများသည် ပွင့်လင်းရာသီ၌ ကျောက် ပုစွန်များကို မြှုံး၊ လွှာချင်းပိုက်၊ ပဂဲပိုက်များဖြင့်ဖမ်းဆီးကြပြီး ပင်လယ်ပြင်ကျောက်ဆောင်များတွင် လည်းကောင်း၊ ဒေသ အခေါ် မြှုံးဖြင့်လည်းကောင်း ထောင်ချောက်ဆင် ဖမ်းဆီး ကြသည်။ မြှုံးထောင်ရာတွင် ပင်လယ်ကျောက်ဆောင် အောက် ခြေတွင်အစာထည့်၍ တစ်လလျှင် အနည်းဆုံး ရက် ၂၀ ခန့် ထောင်ဖမ်းကြပြီး ရက်၂၀ ကြာပြီးနောက် အနည်းဆုံး ငါး ကောင်မှ အများဆုံး အကောင် ၅၀ အထိရရှိကြသည်။ မြှုံး မှာ ဝါး(နှီး)ကို အရည်သင်ပြီး တောင်းရက်သကဲ့သို့ ရက်ကြ ကြောင်း လေ့လာတွေ့ရှိရသည်။ 
မြှုံး၏အလျားမှာ ၂ ပေခန့်ရှိပြီး   အဝမှာ  ၁ ပေခန့် ရှိသည်။ တစ်ခါထောင်လျှင် အလုံး၂၀ခန့်ထောင်ကြရသည်။ ကျောက်ပုစွန်များကို ရေပြည့်ချိန်တွင် သာမက ရေကျချိန် တွင်လည်း  ဖမ်းဆီးမှုရှိပြီး ရေသေတွင် အများဆုံး ဖော်ကြ သည်။ ကျောက်ပုစွန်တွင် ဥများပါလာပါက ပြန်လွှတ်ပေးကြ ကြောင်း သိရသည်။
ကျောက်ပုစွန်အရှင်များကို   ရန်ကုန်အအေးခန်းသို့ မတင်ပို့မီ ဖော့ပုံးထဲသို့ရေခဲခြောက်အထုပ်များထည့်ရသည်။ ဖော့ပုံးတစ်ပုံးလျှင် ကျောက်ပုစွန်အရှင်ရှစ်ပိဿာခန့် ဝင်ဆံ့ ပြီး ကျောက်ပုစွန်ကို စက္ကူဖြင့် ထုပ်ပိုးရသည်။ ၁၆နာရီခန့်ကြာ မြင့်သည်အထိ ရှင်သန်အောင်ဆောင်ရွက်တင်ပို့ကြရသည်။ ကျောက်ပုစွန်များကို ရန်ကုန်ကုမ္ပဏီများသို့ အများဆုံး တင်ပို့ ပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း  တင်ပို့လျက်ရှိ သည်။ 
ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်ရှိသော ဈေးနှုန်း များမှာ  ကျောက်ပုစွန်အရွယ်အစား  အမျိုးအစားအလိုက် တစ်ကီလိုလျှင် ကျပ် ၃၅၀ဝ၀ မှ  ကျပ် ၅၀ဝ၀ဝ အထိ ဈေးရရှိ ကြောင်း သိရသည်။ ရန်ကုန်အထိုင် ရောင်းဈေး တစ်ကီလို လျှင် ကျပ် ၇၀ဝ၀ဝ ခန့်အထိရရှိကြောင်း သိရသည်။ ကျောက် ပုစွန်တွင် အသားသာမက အခွံမာမှာလည်း လွန်စွာ အသုံး ဝင်လှသည်။  အခွံများကို အိမ်ဧည့်ခန်း၊ ရုံးခန်းများ၊  စား သောက်ဆိုင်၊ ဟိုတယ်များတွင် အလှဆင်ပစ္စည်းအဖြစ် ထား ရှိခြင်း၊  ဧည့်သည်များကို အမှတ်တရလက်ဆောင်အဖြစ်ပေး ခြင်းများ ရှိကြသည်။ အခွံမာကျောက်ပုစွန်များသည် ပရိုတင်း ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များြွကယ်ဝစွာပါရှိ၍ ကျန်းမာ ရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်သော ရေသတ္တဝါဖြစ် သည်။ 
ဘက်စုံအသုံးဝင်လှ၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပပို့ကုန်အဖြစ်လည်း ဈေးကွက်တွင် နေရာရရှိနေသဖြင့် ပို့ကုန်ဝင်ငွေရရှိနိုင်သော ရေထွက်ကုန်ဖြစ်ကြောင်းလေ့လာ၍ ရေးသားလိုက်ရပါသည်။                                  

 မာမာ(မြိတ်)