ကင်းပုစွန်များမှာ အခွံမာရေနေသတ္တဝါအုပ်စုတွင် ပါဝင် သည်။ ကင်းပုစွန်ကို အင်္ဂလိပ်အမည် Mantis Shrimp)ဟုခေါ်ဆိုကြ ပြီး သိပ္ပံအမည်မှာHarpiosquillaspဟုသိရသည်။ မြိတ်ဒေသ အခေါ်မှာ ပကန်းဟုသိရသည်။ ကမ္ဘာပေါ်တွင် ကင်းပုစွန်မျိုးစိတ် ပေါင်း ၄၅၀ ကျော်ခန့်ရှိကြသည်ကို မှတ်တမ်းများ အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ကင်းပုစွန် ခုနစ်မျိုးခန့်တွေ့ရပြီး ဒေသအခေါ် အရ အဝါ၊ အစိမ်း၊ အနီ၊ အဖြူ၊ အညို၊ လိမ္မော်၊ ခရမ်းဟူ၍ဖြစ်သည်။ထိုခုနစ်မျိုးတွင်မှ အစိမ်းနှင့်အနီ နှစ်မျိုးကို ပိုမိုတွေ့ရသည်။ကင်း ပုစွန်အစိမ်းရောင်ကို အထီး/အမ ခွဲခြားဝယ်ယူကြပြီး အနီမျိုးကိုမူ အထီး/အမ မခွဲခြားဘဲ ဝယ်ယူကြသည်။
ကင်းပုစွန်များမှာ ခြေထောက်ငါးစုံပါရှိကြပြီး လက်တွင် ရှိ သောညှပ်မှာ ကြီးမားရှည်လျားကြသည်။ ညှပ်အတွင်း၌ လွှသွားပုံ ဆူးအထစ်များရှိသည်။ ကင်းနှင့်တူ၍ ကင်းပုစွန်ဟု ခေါ်ဆိုကြပြီး ကင်းမြီးကောက်၏ အမြီးနှင့်တူသော အမြီး/ပုစွန်လက်မနှင့်တူသော လက်မသဏ္ဌာန်ရှိသည့် ကင်းဟူ၍သိရသည်။ ကင်းပုစွန်ကို အထီး/ အမ ခွဲခြားရာတွင် လက်ညှပ်တိုပြီး ဝနေလျှင်အမ၊ လက်ညှပ်ရှည်ပြီး ပိန်နေလျှင်အထီးဖြစ်သည်ဟုသိရသည်။ မြိတ်/ရခိုင်/ဧရာဝတီဘက် တွင် ကင်းပုစွန်များကို ပိုမိုတွေ့ရှိရပြီး မွန်ပြည်နယ်တွင် အဝါနှင့် အစိမ်း နှစ်မျိုးကို တွေ့ရသည်။
ကင်းပုစွန်များမှာ တန်ဖိုးကြီးလှသလို ရှားလည်းရှားပါလှသည်။ကင်းပုစွန်များကို ကျားပိုက်၊ သုံးထပ်ပိုက်များတွင်ဖမ်းမိကြသလို ဒီရေ တောစပ် ဝနှင့်ရွှံ့နွံများတွင် လက်နှိုက်၍ ဖမ်းဆီးရမိတတ်ကြသည်။
နိုဝင်ဘာလနှင့် မေလအထိ ရမိတတ်ကြပြီး အထူးသဖြင့် ဆောင်းရာသီအအေးများချိန်၌ ပို၍ဖမ်းမိတတ်ကြသည်။ ကင်းပုစွန် ကို ပင်လယ်ပိုင်းနှင့် ရွှံ့နွံထူသော ကမ်းခြေရေပြင်တွင် တွေ့ရများ သည်။ အောက်ခြေရွှံ့နွံများတွင်လည်း နေလေ့ရှိကြသည်။ အစာရှာ ဖို့အတွက် တွင်းထဲမှ အပြင်သို့ အစာရှာထွက်လေ့ရှိသည်။ ရေအနက် ပေ ၄၀ ခန့်အထိ ကင်းပုစွန်များကို မြင်တွေ့နိုင်ကြသည်။
ကင်းပုစွန်များမှာ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် မျိုး ပွားသားပေါက်ကြသဖြင့် ထိုကာလ၌ ကင်းပုစွန်ဖမ်းဆီးရောင်းဝယ် စုဆောင်းခြင်းမပြုရန် ပိတ်ပင်ကာလလည်းဖြစ်သည်။ မြစ်ဝကျွန်း ပေါ် ပင်လယ်ကမ်းခြေဒေသများတွင် ကင်းပုစွန်ဖမ်းသည့် ရေလုပ် ငန်းကို ကင်းပိုက်လုပ်ငန်းဟုလည်း ခေါ်ကြသည်။
ကင်းပုစွန်သည် ချိုသောအရသာ ရှိသောကြောင့် လူကြိုက် များပြီး ဈေးကောင်းလှသည်။ ပြည်တွင်းဈေးကွက်တွင် ရန်ကုန်နှင့် နေပြည်တော်သို့ တင်ပို့ရောင်းချပြီး ထိုင်း၊ တရုတ်နိုင်ငံ များသို့ပါ တင်ပို့ရောင်းချသည့်အတွက် ပြည်ပဝင်ငွေ ရရှိနိုင်သော ပို့ကုန် တစ်မျိုးဖြစ်သည်။ ကင်းပုစွန်တစ်ကီလိုလျှင် အသေး ကျပ် ၁၅၀ဝ၀ မှ ၂၅၀ဝ၀ ထိ၊ အလတ် ကျပ် ၂၅၀ဝ၀ မှ ၄၀ဝ၀ဝ ထိ၊ အကြီး ကျပ် ၄၀ဝ၀ဝ မှ ၇၀ဝ၀ဝ ထိ အသီးသီး ဈေးနှုန်းရှိကြသည်။
ကင်းပုစွန်နှင့်ပတ်သက်၍ နာမည်ကြီး ဟင်းလျာများမှာ ကင်း ပုစွန်ပေါင်း၊ ကင်းပုစွန်ကင်၊ ကင်းပုစွန်သုပ်တို့ဖြစ်ကြသည်။ ကင်း ပုစွန်အခွံကိုလည်း ရုံးခန်း၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲထားလေ့ရှိကြကြောင်း ရေးသားလိုက်ရပါသည်။
ညိုညို (မြိတ်)
