Main menu

Background

စိုက်ပျိုးရလွယ်ပြီး အကျိုးအမြတ်များသည့် ငွေနှင်းမှို

Mon, 05/18/2026 - 12:56 -- journal_editor

ငွေနှင်းမှိုသည် စိုက်ပျိုးရလွယ်ကူသည့် မှိုတစ်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံးထွက်ရှိသဖြင့် ငွေနှင်းမှိုစိုက်ပျိုးသူများအနေဖြင့် တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ စီးပွားဖြစ်စိုက်ပျိုးရန်အတွက်သော်လည်းကောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်အတွက်သော်လည်းကောင်း၊ စာဖတ်သူများ လေ့လာသိရှိစေရန် ရေးသားတင်ပြလိုက်ရသည်။ 
ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ရန်အတွက် ရော်ဘာ၊ လွှစာမှုန့်၊ ထုံး၊ ထန်းလျက်ရည်၊ ဆားခါး၊ ဖွဲနု၊ ကုလားပဲခြမ်းမှုန့်တို့ကို အချိုးကျရောသမမွှေပြီး အလေးချိန် ၈၅ ကျပ်သားခန့်ကို ပျိုးအိတ်ထဲသို့ထည့်ကာ အပူချိန် ၁၀ဝဒီဂရီစင်တီဂရိတ်ရှိသည့် ပေါင်းဖိုထဲသို့ထည့်၍ လေးနာရီကြာ ပေါင်းရသည်။ ပေါင်းဖို၌ တစ်ခါပေါင်းလျှင် ပျိုးအိတ်အထုပ်ရေ ၁၃၀ဝ ပေါင်းနိုင်ကြောင်း သိရှိရသည်။ ပေါင်းဖိုမှ ထွက်လာသော ပျိုးအိတ်ထုပ်ထဲတွင် မှိုမျိုးတစ်ရှူးများထည့်၍ ဈေးကွက်အတွင်းသို့ တစ်ထုပ်လျှင် ကျပ် ၁၀ဝ၀ ဖြင့် တင်ပို့ရောင်းချသည်။ 
ပျိုးထုပ်တစ်ထုပ် ထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ ကျပ် ၆၀ဝ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။ ထို့ကြောင့် ပေါင်းဖိုတစ်ဖိုရှိ ပျိုးထုပ်ရေ ၁၃၀ဝ အတွက် ကုန်ကျစရိတ်မှာ ကျပ် ၇၈၀ဝ၀ဝ ဖြစ်ပြီး ရောင်းဈေးမှာတစ်ထုပ်လျှင် ကျပ် ၁၀ဝ၀ နှုန်းဖြင့် ကျပ် ၁၃၀ဝ၀ဝ၀ ရရှိရာ အမြတ် ကျပ် ၅၂၀ဝ၀ဝ ရရှိသဖြင့် တွက်ခြေကိုက်မှုရှိကြောင်း သိရှိရသည်။
မှိုစိုက်ခင်းများတွင် ပျိုးထုပ်များအား မှိုပွင့်ရန်လိုအပ်သော အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် အလင်းရောင်အနည်းငယ်ရှိသော မည်သည့်နေရာတွင်မဆိုထားရှိ စိုက်ပျိုးနိုင်သည်။ တစ်ပိုင်တစ်နိုင်အဖြစ် ရေချိုးခန်းများတွင် ချိတ်ဆွဲ ၍သော်လည်းကောင်း၊ အိမ်ခြံဝင်းအတွင်း အေးသောအရိပ်အောက်တွင် ထားရှိ၍သော်လည်းကောင်း၊ နေရောင်တိုက်ရိုက်ကျရောက်မှု၊ လေပြင်းတိုက်ခိုက်မှု၊ ပူပြင်းလွန်းသောနေရာများနှင့် ကင်းလွတ်သော နေရာများတွင်နေရာ အခြေအနေပေါ်မူတည်၍ ချိတ်ဆွဲခြင်း၊ ထောင်ထားခြင်း၊ လှဲ၍စီထပ်ထားခြင်း၊ မှိုစိုက်ခန်း သီးသန့်ပြုလုပ်ခြင်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။
ငွေနှင်းမှိုစိုက်ခန်းကို ပိုးသတ်ဆေး၊ မြေသြဇာ သိုလှောင်ထားသောအခန်းတွင်း မပြုလုပ်သင့်ပါ။ စီးပွားဖြစ် တွက်ခြေကိုက်အောင် စိုက်ပျိုးလိုသူသည် မှိုစိုက်ခန်းသီးသန့် ပြုလုပ်စိုက်ပျိုးသင့်သည်။
မှိုစိုက်ခန်းကို စိုက်ထုပ် အရေအတွက်ပေါ်မူတည်၍ အကျိုးအမြတ်အား တွက်ချက်ဆောက်လုပ်သင့်ပါသည်။ စိုက်ခန်းအတွင်း အပူချိန်ကို ထိန်းချုပ်နိုင်ရန် အမိုးအကာလုံအောင် ပြုလုပ်ရပါမည်။ လေဝင်လေထွက်ကောင်းစေရန်၊ အခန်းအတွင်း အပူချိန်ကိုထိန်းချုပ်ရန်အတွက် တံခါးများ၊ ပြတင်းပေါက်များ ပါရှိရပါမည်။ အခန်းအတွင်း စိုထိုင်းဆမပြတ်ထိန်းရန်အတွက် အခင်းတွင် သဲခင်းထားပြီး ရေလောင်း၍အမြဲစိုအောင် ပြုလုပ်ပေးရန် လိုအပ်သည်။
စိုက်ထုပ်မှငွေနှင်းမှိုအပွင့် ဖြစ်ပေါ်ရန်အတွက် လိုအပ်သောအပူချိန်မှာ ငွေနှင်းမှိုမျိုးကွဲအလိုက် အပူချိန် ၂၀-၂၈ ဒီဂရီစင်တီ ဂရိတ်တွင်ဖြစ်သော်လည်း အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်တွင် မှိုပွင့်ကြီးထွားရန် အကောင်းဆုံးဖြစ်သည်။ အခန်းအတွင်း စိုထိုင်းဆမှာ ၈၀-၈၅ ရာခိုင်နှုန်းရှိရမည်။ အလင်းရောင် အသင့်အတင့် ရှိရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းရန် လိုအပ်သည်။ 
စိုက်ခန်းအတွင်း စိုက်ထုပ်များ ထည့်သွင်းပြီးချိန်မှစ၍ နှစ်ရက်မြောက်တွင်  စိုက်ထုပ်များပေါ်သို့  ရေလောင်းပေးရပါမည်။ ရေလောင်းသည့်အခါ  စိုက်ထုပ်များပေါ်သို့ ရေမှုန်ရေမွှားများသာ လောင်းပေးရပါမည်။  အခန်းအပူချိန်မြင့်ပါက အပူချိန် လျှော့ချခြင်းအပြင် စိုက်ထုပ်များအပေါ်သို့ တစ်ရက်နှစ်ကြိမ် ရေလောင်းပေးရပါမည်။  သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆရှိသော အခန်းအတွင်းတွင် မှိုစိုက်ထုပ်များမှ မှိုထုပ်များ ၃-၄ ရက် ကြာသောအခါ မှိုအဖူးများ စတင်ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၂-၃ရက်အကြာတွင် မှိုခူးရမည့် အနေအထားသို့ ရောက်မည်ဖြစ်ပါသည်။ 
မှိုပျိုးထုပ် ၁၀ဝ၀ စိုက်ပျိုးထားသည့် စိုက်ခင်းများတွင် ပထမအကြိမ် ခူးဆွတ်ချိန်၌ ပိဿာ ၂၀  မှ ၂၅ ပိဿာအထိလည်းကောင်း၊ တစ်ပတ်ကြာလျှင် ဒုတိယအကြိမ် ခူးဆွတ်ချိန်၌ ပိဿာ ၂၀ ထိ လည်းကောင်း စသည်ဖြင့် တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ပြီး တဖြည်းဖြည်း အထွက်နှုန်း နည်းလာကြောင်း၊ တစ်နှစ်ပတ်လုံးခူးဆွတ်ရကြောင်း သိရှိရသည်။ မှိုတစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ဖြင့် လက်ကားရောင်းချကြောင်း လက်လီအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ဖြင့် ရောင်းချကြောင်း သိရှိရသည်။
ငွေနှင်းမှိုမှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် မျက်နှာသစ်ဆပ်ပြာခဲ၊  ခေါင်းလျှော်ရည်၊  ရေချိုးဆပ်ပြာ၊  လက်ဆေးဆပ်ပြာ၊  စားသောက်ကုန်များဖြစ်သည့်မှိုဘာလချောင်ကြော်၊ မှိုသနပ်၊ မှိုဆန်ပြုတ်၊ မှိုဟင်းခါး စသည်တို့ ထုတ်လုပ်ရောင်းချကြောင်း၊ ကုန်အမှာများလက်ခံရရှိပါက မြန်မာပြည်အနှံ့သို့တင်ပို့ခြင်း၊ ကုန်စည်ပြပွဲများသို့ သွားရောက်ပြသကြောင်း  မှိုစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။
သို့ဖြစ်ပါ၍ ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပျိုးထုပ်ပြုလုပ်ခြင်း၊ မှိုစိုက်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း စသည့် Supply Chain တစ်လျှောက် အဆင့်ဆင့်တွက်ခြေကိုက်မှုရှိသဖြင့် ငွေနှင်းမှိုများအား စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးသင့်ပါသည်။

မိုးမိုး(မွန်)

ကိုးကား- စိုက်ပျိုးနည်း (အစိမ်းရောင်လမ်း)

[ပျိုးပင်ထုတ်လုပ်မှု၊ မှိုထုတ်လုပ်မှုတို့အား “JJY”  မှိုစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။]