Main menu

Background

ဂုန်လျှော်အခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍနှင့် စီးပွားရေး အခွင့်အလမ်းအသစ်

Mon, 05/18/2026 - 13:05 -- journal_editor

ယနေ့ခေတ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်သည့် သဘာဝအခြေခံထုတ်ကုန်များကို လူအများစိတ်ဝင်စားမှု မြင့်တက်လာသည်နှင့်အမျှ မြန်မာ့ဂုန်လျှော်ကို အခြေခံ၍ ဖန်တီးထားသော တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများမှာ ဈေးကွက်အတွင်း နေရာရရှိလာကြောင်း သိရသည်။
ယခင်က ဂုန်နီအိတ်များကို ဆန်အိတ်၊ စပါး အိတ်၊ ကြက်သွန်အိတ်၊  ပဲ၊  နှမ်းအိတ်များအဖြစ် ထုပ်ပိုးပစ္စည်းအကြမ်းထည်များအဖြစ်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ခေတ်မီနည်းပညာနှင့် ဒီဇိုင်းများပေါင်းစပ်ကာ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်လာခြင်းသည် ကုန်ကြမ်းအတိုင်းရောင်းချခြင်းထက် အဆပေါင်းများစွာ အကျိုးအမြတ်ပိုမိုရရှိစေရုံသာမက ပြည်တွင်းအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်လည်း အလားအလာကောင်းသည့် ကဏ္ဍတစ်ခုဖြစ်လာသည်။  
ဂုန်လျှော်ပင်ကို အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ရက်ပေါင်း ၁၂၀ ခန့်ကြာသောအခါ ရိတ်သိမ်းကြသည်။ ရိတ်သိမ်းပြီး ဂုန်လျှော်ပင်စည်များကို ရေကန်သို့ မြစ်ချောင်းများ ထဲတွင် သီတင်းပတ် အနည်းငယ်ကြာအောင် စိမ်ထားရသည်။  ရေစိမ်ပြီးနောက် ပင်စည်မှ အမျှင်များကို လက်ဖြင့်ဖြစ်စေ၊ စက်ဖြင့်ဖြစ်စေ ခွာထုတ်ကာ သန့်စင်ပြီး  နေလှန်းရသည်။  ဂုန်လျှော်ကို အဆင့်ဆင့် သန့်စင်ထုတ်လုပ်ခြင်းဖြင့်ရရှိလာသော အမျှင်များကို အသုံးပြုကာ ဆန်းသစ်သော ဒီဇိုင်းများဖြင့်  အိတ်များ၊ ယပ်တောင်များ၊ အလှဆင်ပစ္စည်းများ ဖန်တီးလာကြပြီဖြစ်သည်။
၎င်းတို့အနက်  ဂုန်လျှော်၏  ခိုင်ခံ့မှုနှင့် သဘာဝ အရောင်အသွေးကို  အခြေခံကာ ဖန်စီပုတီးများ၊  ချည်ထိုးပန်းပွင့်များဖြင့် အလှဆင်ထားသည့် လက်ကိုင်အိတ်များ၊ ဈေးဝယ်အိတ်များ၊ ဂုန်လျှော်မျှင်များကို အနုစိတ်ကျစ်ကာ ပြုလုပ်ထားသည့် ယပ်တောင်များ၊ မင်္ဂလာဆောင်များကဲ့သို့သော  အခမ်းအနားများတွင်  ပြန်ကမ်းအဖြစ် အမွှေးနံ့သာခဲများ၊ သကြားလုံးများ၊ သို့မဟုတ် အမှတ်တရပစ္စည်းများထည့်ရန်အတွက် ဂုန်လျှော်အိတ်ငယ်လေးများကို ပြုလုပ်ရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွားခြင်း၊  ဂုန်လျှော်ကို  အိတ်တစ်လုံး အဖြစ် ပြောင်းလဲလိုက်ခြင်းက ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ဈေးကွက်တန်ဖိုးကို ငါးဆမှ ၁၀ ဆအထိ မြင့်တက်စေသည်။ ကုန်ကျစရိတ်တွက် ချက်ရာတွင် တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်သည့်အတွက် ကုန်ကြမ်းအပြင် အလှဆင်စရိတ်နှင့် လက်ခကိုပါ ထည့်သွင်းတွက်ချက်ရသည်။
ဂုန်လျှော်လက်ကိုင်အိတ် စုစုပေါင်းကုန်ကျစရိတ် နှင့် အမြတ်တွက်ချက်မှု
ဂုန်လျှော်အထည်(ကုန်ကြမ်း) ကျပ် ၁၅၀ဝမှ ကျပ် ၂၅၀ဝ (အိတ်တစ်လုံးစာ)
အတွင်းခံပိတ်စနှင့် ဇစ် ကျပ် ၁၀ဝ၀-၁၅၀ဝ၊ ချုပ်လုပ်ခ (လက်ခ) ကျပ် ၂၀ဝ၀-၃၀ဝ၀၊ အထွေထွေ ကျပ် ၅၀ဝ၊ စုစုပေါင်းကုန်ကျစရိတ်  ကျပ် ၅၅၀ဝ-၈၅၀ဝ၊ လက်လီရောင်းဈေး ကျပ် ၁၂၀ဝ၀ မှ ၁၈၀ဝ၀၊ လက်ကားရောင်းဈေး ကျပ်  ၉၀ဝ၀-၁၁၀ဝ၀၊ လက်ကားရောင်းချလျှင် (အမြတ်နှုန်း နည်းသော်လည်း အရေအတွက်များများရောင်းရသည်) 
ယပ်တောင်တစ်ခုအတွက် စုစုပေါင်း ကုန်ကျစရိတ်နှင့် အမြတ်တွက်ချက်မှု ဂုန်လျှော်မျှင် (ကုန်ကြမ်း) ကျပ် ၅၀ဝ မှ ၈၀ဝ၊ ယပ်တောင်အကြမ်းဝါး သို့မဟုတ် ပလတ်စတစ် ကိုယ်ထည်) ကျပ် ၅၀ဝ မှ ၈၀ဝ၊
အလှဆင်ပစ္စည်း ကျပ် ၅၀ဝ-၁၀ဝ၀၊ အထွေ ထွေအသုံးစရိတ် ကျပ်၂၀ဝ-၃၀ဝ၊  လက်မှုလုပ် အားခ ကျပ် ၁၅၀ဝ-၂၅၀ဝ၊ စုစုပေါင်း ကုန်ကျ စရိတ် ကျပ် ၃၂၀ဝ-၅၄၀ဝ၊  လက်လီရောင်းဈေး ကျပ် ၈၅၀ဝမှ ၁၂၀ဝ၀၊ မင်္ဂလာဆောင် ပြန်ကမ်း ရှုံ့အိတ်အဖြစ် ဂုန်လျှော်အိတ်ငယ် ကုန်ကျစရိတ် ကျပ်  ၁၅၀ဝ မှ ၂၅၀ဝ ထိရှိသည်။
ဒေသတွင်းရှိ အမျိုးသမီးများနှင့် လူငယ်များအတွက် လက်မှုပညာအခြေခံသော အလုပ်အကိုင် အသစ်များ ဖန်တီးပေးနိုင်ပြီး မိသားစုဝင်ငွေကိုလည်း မြှင့်တင်ပေးနိုင်သည်။ ဂုန်လျှော် တန်ဖိုးမြှင့် ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံများရှိ (သဘာဝ ပတ်ဝန်းကျင်ချစ်မြတ် နိုးသူ) Eco-friendly ဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်သည့် အလားအလာကောင်းများရှိနေကြောင်း သုံးသပ်ရရှိပါသည်။