Main menu

Background

ဇလွန်မြို့နယ်မှ ငွေနှင်းမှိုလုပ်ငန်း

Tue, 06/09/2026 - 13:47 -- journal_editor

ယခုအခါ ငွေနှင်းမှို (Oyster Mushroom) များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်လာကြသည်။ ငွေနှင်းမှိုသည် အာဟာရတန်ဖိုးမြင့်မားပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်သည့် အတွက် နေရာအနှံ့ စိုက်ပျိုးလာကြခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင်လည်း တောင်သူလေးဦးက ငွေနှင်းမှိုကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။ 
ငွေနှင်းမှိုကို ပျိုးပြီးသား မျိုးထုပ်များဝယ်၍ စိုက်ပျိုးသူများရှိသလို ကိုယ်တိုင်မျိုးထုပ်များပျိုး၍ စိုက်ပျိုးသူများလည်းရှိသည်။ ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်နှင့် တွက်ခြေကိုက်မှု အခြေအနေများကို ဇလွန်မြို့နယ် ဖက်သောင်ကျေးရွာမှ   ကိုယ်တိုင်ငွေနှင်းမှိုမျိုးထုပ်များ  ထုတ်လုပ်စိုက်ပျိုးသူနှင့်  မေ ၂၁  ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ  ငွေနှင်းမှိုကို မျိုးထုပ်ပြုလုပ်ရန် ပြင်ဆင်ခြင်း၊ မျိုးထုပ်ပေါင်းခြင်း၊ ပေါင်းပြီး မျိုးထုပ်တွင် မျိုးစေ့ထည့်၍ပျိုးခြင်းနှင့် မှိုစိုက်ပျိုးတဲသို့ ပြောင်းရွှေ့စိုက်ပျိုးခြင်း အဆင့်များကို ပြုလုပ်ရပြီး မှိုစိုက်တဲသို့ ပြောင်းရွှေ့စိုက်ပျိုးကာ ၁၀ ရက်ခန့်ကြာလျှင် မှိုများစတင်ပွင့်လာကြောင်း ပြောကြားသည်။ မှိုမျိုးစေ့ကို ရန်ကုန်ရှိ မျိုးစေ့ဆိုင်များ၊ တောင်သူအချင်းချင်း ချိတ်ဆက်ရောင်းချမှုများမှ ဝယ်ယူရကြောင်းလည်း သိရသည်။
ငွေနှင်းမှို မျိုးထုပ်(၉၀)ပြုလုပ်ရန်အတွက် (မျိုးစေ့၊လွှစာ၊ထုံး၊ ဖွဲနု၊ထန်းလျက်၊သကြား၊ဆားခါး၊  အီးအမ်ပျော်ရည်၊ ပဲဖတ်၊ 9"_14"ပလတ်စတစ်အိတ်၊ ထင်း၊လုပ်သားခ၊ ရန်ကုန်ပို့တန်ဆာခ) စသည် တို့အတွက် စုစုပေါင်း ကုန်ကျစရိတ်  ကျပ် ၁၂၀ဝ၀ဝ ခန့် ကုန်ကျနိုင်သည်။
 မှိုစတင်ပွင့်ချိန်မှ နောက်ဆုံးမှိုခူးချိန် ငါးလအတွင်း မျိုးတစ်ထုပ်လျှင် ငွေနှင်းမှို ၅၀ ကျပ် သားခန့် ခူးယူရရှိနိုင်ပြီး မျိုးထုပ် ၉၀ အတွက် မှို ၄၅ ပိဿာ ထုတ်လုပ်နိုင်သည်။ မှိုတစ်ပိဿာလျှင် ရန်ကုန်သီရိ မင်္ဂလာဈေးအရောက် ကျပ် ၈၀ဝ၀ ဖြင့် ရောင်းချရသည့်အတွက် မှိုမျိုးထုပ် ၉၀ အတွက်  အချိန် ငါးလ အတွင်း ကျပ် ၃၆၀ဝ၀ဝ ရရှိပြီး အမြတ် ကျပ် ၂၄၀ဝ၀ဝ ခန့် ရရှိသည်။
ငွေနှင်းမှိုမျိုးထုပ် ၄၅၀ဝ စိုက်ပျိုးသူအနေဖြင့် မှိုစိုက်ပျိုးချိန် ငါးလမှ ခြောက်လအတွင်း အမြတ် ကျပ်သိန်း ၁၂၀ ခန့်ရရှိနိုင်သည်။ မှိုမျိုးထုပ် ၄၅၀ဝ စိုက်ပျိုးရန် မှိုစိုက်တဲတွင် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ ဓနိမိုး သက်ငယ်ကာ မြေစိုက်သဲခင်းတဲ နှစ်လုံးနှင့် တဲအတွင်း မျိုးထုပ်တင်ရန် ဝါးစင်လေးများ ပြုလုပ်ထားရသည်။ ငွေနှင်းမှိုစိုက်တဲအတွင်း စိုထိုင်းဆ ၈၀-၈၅ ရာနှုန်းနှင့် အပူချိန်သည် ၂၀-၃၀ စင်တီဂရိတ် အတွင်းရှိရန် လိုအပ်ပြီး လေဝင် လေထွက်ရှိသော နေရာလည်းဖြစ်ရပါမည်။ တစ်နေ့လျှင် ရေ နှစ်ကြိမ် ခန့် ဖျန်းပေးရပြီး အပူချိန် ၃၀ စင်တီဂရိတ်ထက်ကျော်ပါက မကြာခဏ ရေဖျန်းပေးရန်လိုအပ်သည်။
ငွေနှင်းမှိုသည်    အာဟာရဓာတ်အနေဖြင့် (အသားဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ထုံးဓာတ်၊ ဘီတာမင် (ဘီ-၁)၊ ဘီတာမင် (ဘီ-တူး)၊ ဘီတာမင်စီတို့ပါဝင်ပြီး မရှိမဖြစ်အာဟာရဓာတ်များ ြွကယ်ဝပြီး နှလုံးကျန်းမာရေးနှင့် ဇီဝကမ္မဖြစ်စဉ်တို့အတွက် ကောင်းမွန်ပြီး စီးပွားရေးတွက်ခြေကိုက်သဖြင့် အိမ်ထောင်စုအလိုက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သင့်သော စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။                                                                    

 မောင်မောင်မြတ်ခိုင်