ဟင်္သာတမြို့နယ်တွင် ရာသီပေါ်သီးနှံ နာနတ်ပင်များကို နိဗ္ဗာန်တိုက်နယ်၊ နိဗ္ဗာန်ကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ် နာနတ်စိုက်ဧက ၅၀ မှ ၆၀ ကြားစိုက်ပျိုးလျက်ရှိသည်။
တစ်ပင်လျှင် တစ်သီးသီးသော နာနတ်ပင်ကို နှစ်စဉ် မီုးဦးကျ ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်ခန့်တွင် အသီးစတင်သီးကာ နောက်နှစ်မေလလယ်ခန့်တွင် အသီးခူးခြင်းကို ဆောင်ရွက်ကြသည်။
နာနတ်ပင်တစ်ဧကတွင် အပင် ၆၅၀ဝ ခန့်ဝင်ဆန့်သည့် ဒေသမျိုးကို စိုက်ပျိုးကြသည်။ နာနတ်သီးသည် ဗီတာမင်စီကြွယ်ဝပြီး အစာအိမ်နာနှင့် လေပူထိုးခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ကာကွယ်ပေးပြီး၊ ချွဲသလိပ်ကြေခြင်း၊ အူတိုင်ကို ပျားရည်နှင့်စားသုံးပါက သန်ကျခြင်းတို့ကြောင့် ကျန်းမာရေးအတွက် သင့်တော်ပြီး ပုံမှန်စားသုံးသင့်သော သီးနှံလည်းဖြစ်သည်။ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ဒေသထွက်နာနတ်သီးများသည် အရသာကောင်းမွန်ပြီး အလုံးလည်း လှသည့်အတွက် ဧည့်သည်များကို လက်ဆောင်ပေးရန် အလေးထား ဝယ်ယူကြသော ဒေသထွက်ရာသီပေါ်သီးနှံလည်းဖြစ်သည်။
နာနတ်အပင် ၁၀ဝ၀ စိုက်ပျိုးရန် မြေပြင်ခနှင့် စိုက်ခမှာ ကျပ်တစ်သိန်း၊ ငါးသောင်းကျပ်ခန့် ကုန်ကျ၍ တစ်ဧကအပင် ၆၅၀ဝ အတွက် မြေပြင်စိုက်ပျိုးခမှာ ကျပ် ကိုးသိန်းခုနစ်သောင်းငါးထောင်ကျပ်ခန့် ကုန်ကျသည်။ နာနတ်တစ်ဧကလျှင် ကွန်ပေါင်းမြေသြဇာ တစ်အိတ်နှင့် ပုလဲမြေသြဇာတစ်အိတ်ခန့် သုံးစွဲရပြီး သွင်းအားစု အတွက် ကျပ်နှစ်သိန်းခွဲခန့် ကုန်ကျနိုင်သည်။ နာနတ်အစို့ တပင်လျှင် ကျပ် ၃၀ဝကုန်ကျသည့်အတွက် မျိုး၊ မြေပြင်၊ စိုက်ခ၊ သွင်းအား စုတို့အတွက် နာနတ်တစ်ဧက စုစုပေါင်း စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် ၃၁၇၅၀ဝ၀ ခန့် ကုန်ကျသည်။
ယခုနှစ် နာနတ်ပေါ်စအချိန် မေလတတိယပတ်တွင် စိုက်ခင်း ဈေးမှာအချင်း ခြောက်လက်မ ၊ အမြင့် တစ်ပေခန့်ရှိ နာနတ်သီးတစ်လုံးလျှင် ကျပ် ၈၀ဝ၀ ခန့်ဖြင့် ရောင်းချရလျက်ရှိသည်။ နာနတ်တစ်ဧက ဝင်ဆံ့အပင် ၆၅၀ဝ စိုက်ပျိုးမှုမှ ရောင်းတန်းဝင် အသီးလုံးရေ ပျမ်းမျှ ၅၀ဝ၀ ခန့် ထွက်ရှိနိုင်သည့်အတွက် နာနတ်တစ်ဧက ပျမ်းမျှ ဝင်ငွေမှာ ဇွန်လတွင်ရရှိသည့်ဈေးတစ်လုံး ကျပ် ၇၀ဝ၀ ဖြင့် တွက် ပါက ကျပ်သိန်း ၃၅၀ ခန့် ရရှိနိုင်သည်။
တစ်ဧကအကျိုးအမြတ် ကျပ် ၃၁၈ သိန်းခန့်ရရှိနိုင်ပြီး စတင် စိုက်ပျိုးချိန်မှ အသီးခူးချိန်ထိ တစ်နှစ်ခန့် ကြာမြင့်သည့်အတွက် နာနတ်တစ်ဧကလျှင် စိုက်ပျိုးသူတောင်သူအဖို့ တစ်လလျှင်ပျမ်းမျှ ကျပ် ၂၆ သိန်းခန့် ဝင်ငွေရရှိနိုင်သည်။ နိဗ္ဗာန်ကျေးရွာမှ နာနတ်သီးစိုက် တောင်သူများအနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ပုသိမ်မြို့နှင့် ရန်ကုန်မြို့များသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။
ယခင်နှစ် နာနတ်သီးပေါ်ချိန် ရောင်းတန်းဝင်တစ်လုံးဈေးနှုန်း ကျပ် ၅၀ဝ၀ နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၃၀ဝ၀ ကျပ်ခန့် ဈေးပိုရလျက်ရှိသည့်အတွက် နာနတ်သီးစိုက်တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
မောင်မောင်မြတ်ခိုင်
