Main menu

Background

ခေတ်စားလာသောဖက်ရှင်ရှိုးပွဲများနှင့် မြန်မာ့ဖက်ရှင်စီးပွားရေး

Mon, 03/08/2010 - 06:02 -- Anonymous (not verified)

   ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့ လူသားများအားလုံးထဲက ဆင်းရဲချမ်းသာ  ဘယ်သူမဆို  စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြရပေမဲ့ ကမ္ဘာဦး ကျောက် ခေတ်ကထဲက ယနေ့မျက်မှောက်ခေတ်အထိ အများစုတူညီတဲ့ အချက်တစ် ချက်ကတော့  အလှအပကိုခံစားလိုခြင်းနဲ့  ပို၍ပို၍ဆန်းသစ်အောင် တီထွင်လိုခြင်းတို့ပင်ဖြစ်ပါတယ်။ ဒီစကားရဲ့အမှန်အမှားကို လက်တွေ့ဆန်းစစ်ကြည့်ချင်ပါတယ်လို့ တစ်စုံတစ်ဦးက ဆိုခဲ့ရင်တော့ဖြင့် ကမ္ဘာအနှံ့အောင်မြင်ဖြစ်ထွန်း ကျော် ကြားနေကြတဲ့ ဖက်ရှင်လောကကြီးကိုသာလက်ညှိုးထိုးပြီးသက်သေပြရမှာပါ။ ဖက်ရှင်လို့ခြုံပြီးဆိုရပေမဲ့လည်း လူတစ်ဦးရဲ့ ဆံဖျားကနေ ခြေထောက်ရဲ့ ခြေသည်းပင်မကျန် ခန္ဓာကိုယ်အနှံ့အပြားရှိသမျှ အစိတ်အပိုင်းတိုင်းကိုသေသပ်ကျနအောင်ဖန်တီးပြုပြင်လှပ အောင်ဆင်ယင်ရတဲ့ကိစ္စရပ်များပဲဖြစ်ပါတယ်။ဖက်ရှင်ဆိုတာ အဓိပ္ပာယ်ဖော် ကြည့်ရင် ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်နာတွေရဲ့ ခေတ်မီတဲ့အတွေးအခေါ်များကို အများပြည်သူကြား ဖော်ထုတ်ပြသခြင်းလို့ခေါ်ရင်  အကြမ်းဖျဉ်းတော့ ပြည့်စုံမယ်လို့ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း  ဖက်ရှင်ယဉ်ကျေးမှု ဟာ အရှိန်အဟုန်  ကောင်းကောင်းနဲ့ အောင်ပွဲခံလျက်ရှိပါတယ်။  ဖက်ရှင်ဒီဇိုင်နာများ ရဲ့ အဓိကပန်းတိုင်ကတော့ သူတိ့ု ဖန်တီး လိုက်တဲ့ ဒီဇိုင်းများကို လူအများသက်တောင့် သက်သာနဲ့နှစ်ခြိုက်စွာ ဝတ်ဆင်သုံးစွဲနိုင်ဖို့အတွက် အနုပညာမြောက် ထုတ်ကုန် တစ်ခုကို ထုတ်လုပ်တာပါပဲ... ကမ္ဘာကြီးဟာ ရွာအဆင့်ရောက်ရှိလာတဲ့အခါမှာတော့  ဖက်ရှင်မူလပင်မဖြစ်တဲ့  လန်ဒန်၊ ပဲရစ်၊ မီလန်၊နယူးယောက်၊ တိုကျိုစတဲ့နေရာ တွေကနေကမ္ဘာအနှံ့ ကို    လှိုင်းလုံးများသဖွယ် ဝင်ရောက်လာပါတော့တယ်။ ဒီလှိုင်းလုံး တွေကြားက ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အတွက် အဓိကအကျဆုံး အရေးကြီးဆုံးအလေးထားရမယ့် အချက်တစ်ချက်က တော့ ''မိမိဖန်တီး ထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းဟာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်နိုင်သလို အချိန်မရွေးပျောက်ဆုံး သွားအောင်လည်း လုပ်နိုင်တယ်'' ဆိုတဲ့ အချက်ပါပဲ။ဖက်ရှင်အစ ဘဂ္ဂဒက်က   လေ့လာကြည့်မယ်ဆိုလျှင်လည်း အနောက်တိုင်း ဖက်ရှင်အများစုဟာ သူတို့နယ်ချဲ့ခဲ့ရာ  ကိုလိုနီနယ်မြေများက ယဉ်ကျေးမှု များနဲ့ ပေါင်းစပ်ပြီး စဉ်ဆက် မပြတ် ပြုပြင်ပြောင်းလဲကာ မတူညီ ဆန်းသစ် တဲ့ ဖက်ရှင်တစ်မျိုးစီကို တီထွင်လာခဲ့တာ ယနေ့ တိုင် ဖြစ်ပါတယ်။ ဖက် ရှင်ရဲ့မူလမှာ AD ၈ ရာစုမှာ စပိန်  ဂီတ ပညာရှင် Zir Yab  ရဲ့  Clothing Style ကစခဲ့ တာပါပဲ။  Zir Yab ဟာ ဘဂ္ဂဒက်ရဲ့ ရာသီအလိုက် နေ့စဉ်ပြောင်းလဲ ဝတ်စား ဆင်ယင်မှုကို အခြေခံပြီး ပြောင်းလဲ ဆန်းသစ်လိုက်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဟန် Cordoba Spainish Style ပါပဲ။ သူ့လိုပဲ AD ၁၁ ရာစုမှာ တူရကီက ကုန်သည်တစ်ယောက်ဟာ အာရှဗဟို နှင့်အရှေ့ဖျားဒေတို့ရဲ့ ဝတ် စားဆင်ယင်မှုကို ပြုပြင် ပြောင်းလဲကာ ကိုယ် ပိုင်ဟန် ပြုခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲမှုများ နှင့်အတူ AD ၁၄ ရာစုမှာတော့  ဖက် ရှင် ပညာရှင် နှစ်ဦးဖြစ်တဲ့ Jame Laver နှင့် Fernand Braudel တို့  ဟာ အနောက်တိုင်း ဖက်ရှင် ဝတ်စုံ ကို တီထွင်ခဲ့ကြ ပါတယ်။ဘောင်းဘီအတိုကြပ်ကြပ်နဲ့ ဘောင်းဘီအရှည် Calf Length Buttocks တို့ပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရာစုနှစ်များမှာတော့ ပြင်သစ်ရဲ့ Ancien Regime fashion နဲ့ ၁၆ ရာစုက Abraham Bosse ရဲ့ French Patterns များကိုအခြေခံတဲ့ Latest Paris Style ပေါ်ပေါက်လာ ခဲ့ပါတယ်။ ဒီဖက်ရှင်ဟာ ၁၆၂၀ မှ ၁၈၀၀ ပြည့်နှစ်တိုင်အောင် အနောက်ဥရောပမှာ ခေတ်စားခဲ့ပါတယ်။၁၈၅၈မှာတော့ သမိုင်းတွင်မယ့် Fashion တစ်ခုကို အင်္ဂလန် ဖွား Charles Frederick Wonth က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အထည်ချုပ်ဆိုင်ကြီးဖွင့်လှစ်ပြီး  တီထွင်ဖန်တီးမှုတွေပြုလုပ်ခဲ့ပါတယ်။ များပြာလှတဲ့တိုးတက်တဲ့ အမြင်ပုံဏ္ဌာန်အမျိုးမျိုးကို ပေါင်း စပ်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ Street Fashion ကို ပေါ့ပေါ့ပါးပါးထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီဖက်ရှင်လုပ်ငန်းကြီးအတွက် အရေးပါတဲ့ နောက်တစ်ချက်ကတော့  Fashion Journalism ပါပဲ။ အခုခေတ်မှာတော့ မဂ္ဂဇင်း များ၊ သတင်းစာများ၊ T.V Channel များအပြင် Internet Website များကြောင့် ဖက်ရှင်လုပ်ငန်းနဲ့ဆက်စပ်ပြီး အခြားသော အလုပ် အကိုင်အခွင့်အလမ်းများလည်းပေါ်ပေါက်ခဲ့ပါပြီ။မြန်မာ့ဖက်ရှင်မော်ဒယ်လောကဘယ်ကစ   မြန်မာနိုင်ငံမှာ ၁၉၉၅-၉၆ခုနှစ်မှာ Tourism Board ကနေ မြန်မာ့ခရီးသွားနှစ်အတွက် ပြင်ဆင်ရာမှာ မော်ဒယ်လ်ပြိုင်ပွဲတွေ လုပ်လာခဲ့ပြီး အဲဒီအချိန်က မင်းသားတစ်ယောက် မင်းသမီးတစ်ယောက် ဖြစ်ဖို့ဆိုတာ ခဲယဉ်းနေတဲ့အချိန် Visit Myanmar Year လုပ်တဲ့အချိန်မှာဘဲ မြန်မာနိုင်ငံကိုပြန်လာပြီး ပထမဆုံးမော်ဒယ်အေဂျင်စီ စထောင် ခဲ့တယ်လို့ Star & Model Agency ရဲ့ ပိုင်ရှင် ကိုဂျွန်လွင်က ဆိုပါတယ်။ ''အဲဒီအချိန်ကစပြီး  မော်ဒယ်လောက ခေတ်စားလာပြီး ပြဿနာတချို့ကြောင့် ပန်မှေးမှိန်ခဲ့ပါတယ်။ မော်ဒယ်ခေတ်စား လာမှုနဲ့အတူ ဒီဇိုင်နာတွေလဲ အများကြီးပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၉ခုနှစ် မှာတော့ မော်ဒယ်လောက တော် တော်ကျယ်ပြန့်လာပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဈေးပွဲတော် လျှောက်တဲ့ မော်ဒယ်အုပ်စု တစ်အုပ်စု၊ ပွဲကြီး တွေလုပ်တဲ့ မော်ဒယ်ကတစ်အုပ်စုဖြစ်သွားပါပြီ။ ပွဲတွေများလာတော့ မော်ဒယ် ဆိုတာဘာလဲဆိုတာ တောနယ်က လူတွေကအစ သိနေကြပါပြီ'' လို့ ကိုဂျွန်လွင်က   မြန်မာမော်ဒယ် လောကရဲ့ ဖွံ့ဖြိုးတိုးတက် လာမှု ကို ပြောပြပါတယ်။    ''ကျွန်တော်က ရှိုးပွဲတွေလုပ်ပြီး အရှုံးခံပြခဲ့တယ်။ Park Royal မှာဆို တစ်နေကုန်ပွဲနှစ်ရက်ဆက်တိုက်ပြခဲ့တယ်။ မော်ဒယ် ဆိုတာ ဘာလဲသိစေချင်လို့ပါ။ ပွဲလုပ်တယ်ဆိုတာ လမ်းဘေးမှာသုံးထပ် သားပြား ၄ချပ်ရိုက်ပြီးစင်လုပ်လို့မရဘူး။ စင်ကိုအပြင် အဆင်ပိုင်းက အစ ခမ်းခမ်းနားနား လုပ်ရတယ်။ အခွေတွေရိုက်ရတယ်။ အဲဒီအခွေကိုလက်ဆောင်ပေးရတယ်။ ဒီတော့မှ လူတွေ မော်ဒယ် လောကကို သိလာတယ်'' လို့ သူဖြတ်သန်းခဲ့ရတဲ့ မော်ဒယ်အေဂျင်စီ ထူထောင်သူဘဝကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ''မော်ဒယ်ရှိုးပွဲတစ်ခုလုပ်မယ်ဆိုရင် အနဲဆုံးကုန်ကျစရိတ် ၅ သိန်း ၆ သိန်းလောက်ရှိတယ်။ ဒါပွဲသေး ကုမ္ပဏီဒင်နာ ဧည့်ခံပွဲလို ဟာမျိုးပေါ့။ ပွဲကြီးဆိုရင်တော့ မော်ဒယ်တစ်ယောက်က နှစ်သောင်း သုံးသောင်း ငါးသောင်း တချို့ တစ်သိန်းထိ ဝင်ငွေရကြပါ တယ်။ ဒါပေမဲ့ မော်ဒယ်တွေမှာလဲ အင်္ကျီ Fitting ချဖို့လုပ်ရတာ၊ ရီဟာ ဇယ်လာရတာ၊ ပွဲကြိုလာပြီး မိတ်ကပ်လိမ်းရတာ ကားခနဲ့ မကိုက်လှပါဘူး''လို့ ဆိုပါတယ်။ အဲဒီကနေတက်ပြီး ကြော်ငြာမင်းသမီးဖြစ် ရင်တော့ ဝင်ငွေကောင်းကောင်းရလာနိုင်တာပေ့ါလို့ မော်ဒယ်တွေရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကိုလည်း ရှင်းပြပါတယ်။ မော်ဒယ်အေဂျင်စီတွေအနေနဲ့ စီးပွားရေးအရဆိုရင်တော့ လက်ရှိ အခြေအနေအရမအောင်မြင်သေးကြောင်း စီးပွားရေးကောင်းလာပြီး ကုမ္ပဏီများထပ်တိုးလာကာ အရောင်းမြှင့်တင်ရေးပွဲများ လုပ်လာရင် အနာဂတ်ကာလမှာ မော်ဒယ်တွေဝင်ငွေကောင်းဖို့မျှော်လင့်ကြောင်း မော်ဒယ်များရဲ့အနာဂတ်အတွက် အကောင်းမြင် စွာနဲ့ ကိုဂျွန်လွင်ကပြောပါတယ်။မော်ဒယ်နဲ့ ဖက်ရှင်ဒီဇိုင်နာ   ''ဖက်ရှင်ဒီဇိုင်နာဆိုတဲ့ ဝေါဟာရကို မြန်မာနိုင်ငံမှာတွင်တွင်ကျယ်ကျယ်အသုံးပြုတာက ၁၉၉၇နောက်ပိုင်း Strand Hotel မှာ လုပ်တဲ့ ပြိုင်ပွဲမှာစတာပါ၊ ဒါဒုတိယအကြိမ်ကျင်းပတဲ့ပွဲပါ။ ပထမအကြိမ်က သုဝဏ္ဏက ခြံတစ်ခြံမှာလုပ်တဲ့ပွဲပါ။ ပထမအကြိမ်မှာ အိန္ဒြာကျော်ဇင် Miss ရပါတယ်၊ ဒုတိယအကြိမ်မှာ အေးဝတ်ရည်သောင်းရပါတယ်။ အဲဒီအချိန်မှာဘဲ ဖက်ရှင်ဒီဇိုင်နာဆိုတဲ့ ဝေါဟာ ရ တွင်ကျယ်အောင် မမီးငယ်နဲ့ ဒေါက်တာကျော်ဝင်းက ဒီဇိုင်နာ Contest  ပြိုင်ပွဲ ထည့်သွင်းကျင်းပပေးခဲ့ တယ်။ အဲဒီအချိန်မှာ ဖက်ရှင်ဝါသနာပါတဲ့သူတွေ ဝင်ပြိုင်ကြတယ်။ အဲဒီမတိုင်ခင်ကဆို ဒီဇိုင်နာ ဆိုရင်ဖက်ရှင်ဒီဇိုင်နာလား၊ Graphic ဒီဇိုင်နာလား မကွဲပြားဘူးပေါ့'' လို့ ဖက်ရှင်ဒီဇိုင်နာရဲ့ သမိုင်းကြောင်းကို ဒီဇိုင်နာခင်စန်းဝင်းက ရှင်းပြပါတယ်။   နောက်ပိုင်းမှာတော့ဒီဇိုင်နာဆုတွေ အများ ကြီးပေးတဲ့ ဒီဇိုင်နာ Contest တွေ အများကြီးလုပ်လာကြောင်း၊ မစ္စတာဘရိုင်ယန် ရောက်လာပြီး အကယ်ဒမီ မော်ဒယ်ပြိုင်ပွဲတွေ၊ Visit Myanmar Year 1996 ပြိုင်ပွဲတွေလုပ်ခဲ့ကြောင်း၊ အဲဒီအချိန်ကစပြီး ဒီဇိုင်နာ  တွေရဲ့ အခန်းကဏ္ဍကအရေးပါလာပြီး လူတွေကဖက်ရှင်ဒီဇိုင်နာဆိုတာ ရှိပါလားလို့အာရုံမျိုး စပြီးရခဲ့ကြောင်း  ခင်စန်းဝင်းက ဆက်ရှင်းပြပါတယ်။ ''ဈေးကွက်စီးပွား ရေးအရ လုပ်ငန်းထူထောင်တဲ့အခါ ဖက်ရှင်ရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်လာတယ်။ ဖက်ရှင်ဟာ ပါဝင် သင့်တယ်ဆိုတဲ့ အတွေးအခေါ်အယူ အဆတွေ လုပ်ငန်းရှင်တွေဆီမှာ ဝင် လာတယ်။ ဒါကြောင့် လုပ်ငန်းရှင် တွေက ဖက်ရှင်ရှိုးပွဲတွေ ကျင်းပပြီး ကုန်ပစ္စည်း  အရောင်းမြှင့်တင်မှု ကုန်ပစ္စည်းသစ်မိတ်ဆက်စသည်ဖြင့် ဆောင်ရွက်လာတာပါ။'' လို့ ဖက်ရှင် စီးပွားရေးနဲ့ အရောင်းမြှင့်တင်ရေး လုပ်ငန်းနှစ်ခု  ဆက်စပ်နေပုံကို ခင်စန်းဝင်းက ပြောပြပါတယ်။    အခုခေတ်မှာ ကလေးတွေက ဒီဇိုင်နာဖြစ်ရင် စီးပွားရေး အဆင်ပြေတဲ့ စိတ်ကူးနဲ့ဝင်လာတာတွေ ရှိတယ်။   မကြီးစန်းတို့ခေတ်က ဒီဇိုင်နာ သင်တန်းကျောင်းတွေ မရှိဘူး။ ပြည်ပမှာ သွားသင့်ဖို့ အခွင့်အရေးလဲမပေးဘူး။ ဝါသနာ ပါတာတစ်ခုတည်းနဲ့ အရင်းခံခဲ့ တာ။ အခုဆို စင်ကာပူ၊ အီတလီ၊ အမေရိက၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ငွေကြေးတတ်နိုင်ရင်   ဒီဇိုင်နာသင်တန်း သွားတက်နိုင်တဲ့ အခွင့်အရေးတွေရှိလာပြီ၊ ဒါကြောင့်နောက်ကလေးတွေကို တကယ်တတ် ကျွမ်းနားလည်တဲ့ ဒီဇိုင်နာတွေ ပေါ်ထွက်လာစေချင် တယ်။ တကယ် စိတ်ဝင်စားတဲ့သူတွေကိုသာ ဒီလောကထဲ ဝင်လာစေချင်ပါတယ် လို့ ပြောပါတယ်။    ဖက်ရှင်နှင့် ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေး၂၀၀၉ ခုနှစ်အတွင်းမှာ ကုန်ပစ္စည်းအသစ်တွေကို ဈေးကွက်တင် မိတ်ဆက်တာ၊ တချို့အလှကုန်ဈေးတွေနဲ့ ပတ်သက်ပြီး Missတို့၊ Queen တို့ရွေးတာတွေကို ခပ်စိပ်စိတ်တွေ့နေခဲ့ပါတယ်။ ဖက်ရှင်မော်ဒယ်စီးပွားရေးလုပ်ငန်းနဲ့ ကုန်ပစ္စည်းအရောင်းမြှင့်တင်တဲ့ စီးပွား လုပ်ငန်း နှစ်ရပ်ပေါင်းစည်းသွားတဲ့သင်္ကေတပါ။     ဒီနေ့ ကုန်ပစ္စည်းကြော်ငြာတွေကို လေ့လာရင် အဓိကအားဖြင့် တော့ နိုင်ငံခြားကဝင်လာတဲ့ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆေးဝါးစတာတွေကိုပဲ ကြော်ငြာနေတာပါ။ မဂ္ဂဇင်း၊ ဂျာနယ်၊ ဗီနိုင်း၊ ပိုစတာ၊ ကြော်ငြာတွေလုပ်ကြပါတယ်။ နောက်ပိုင်းမှာတော့ မော်ဒယ် တွေနဲ့ အရောင်းမြှင့်တင်ရေးတွေ Promotion Show ပွဲတွေလုပ်လာပါတယ်။ ဒါ့ပြင် တခြားအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပွဲတွေမှာလဲ စပွန်ဆာပေးပြီးတော့ ကြော်ငြာတာ၊ လက်ကမ်းကြော်ငြာဝေတာတွေလုပ်လာပါတယ်။ ဒီလိုဆောင်ရွက် မှုအမျိုးမျိုးမှာ မော်ဒယ်တွေနဲ့ ကြော်ငြာတာဖက်ရှင်ရှိုးတွေနဲ့ ကြော်ငြာတာကြောင့်  အလွယ်တကူလူသိများလာတာ၊ ဈေးကွက် ကျယ်ပြန့်လာတာတွေကိုတွေ့ရပါတယ်။    ''မော်ဒယ်တွေက သူတို့ကိုယ်တိုင်သုံးရတော့ ပစ္စည်းကောင်းရင် ဖောက်သည်ဖြစ်သွားတာပါဘဲ။ ဒါ့ပြင်ပွဲလာတဲ့ အရောင်းကိုယ် စားလှယ်သုံးစွဲသူတွေဟာ ယုံကြည်စွာစမ်းသုံးပြီး ဝယ်သူတွေကိုညွှန်ပြနိုင်ပါတယ်။ ဒါ့ပြင် မော်ဒယ်တွေမင်းသမီးတွေသုံးလာတော့ တခြားလူတွေကလဲ အလွယ်တကူဝယ်သုံးလာကြပါတယ်။ ဒါကြောင့် မော်ဒယ်တွေနဲ့ ရှိုးပွဲတွေမှာ ကြော်ငြာတာကတော့ ရှိုးပွဲတွေ မလုပ်ခင် ကထက် ဈေးကွက်အနေအထား ပိုရလာပါတယ်။ ရှိုးပွဲကြောင့် Brand ကို လူသိလာသလို ရောင်းအားလဲ ပိုတက်လာ ပါတယ်'' လို့  Aqua Lend Co.,Ltd ရဲ့ အရောင်းမြှင့်တင်ရေး မန်နေဂျာကိုဇော်ဝင်းထွန်းကပြောပါတယ်။''ကိုယ့်  ပစ္စည်းကို နယ်က ယူရောင်းတဲ့ Customer တွေအနေနဲ့ ကြော်ငြာတွေ့ရင် လူပို သိမယ်ဆိုတဲ့အတွက်  လက် ကား အရောင်းသမားတွေ အဆင်ပြေအောင်ကြော်ငြာတာပါ။ သာမန် လူတစ်ယောက်ဝတ်ပြတာထက် မင်းသမီးတစ်ယောက် ဝတ်ပြတာ ဆိုတော့ လူပိုသိတာပေ့ါ''လို့ Spike Collection ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ မဖြူဖြူစိမ်းကဆိုပါတယ်။ဖက်ရှင်နဲ့ ဂျာနယ်မဂ္ဂဇင်း ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ  ဖက်ရှင်မော်ဒယ်လောကကို ပိုပြီးကျယ်ပြန့်  ထွန်းကာလာအောင်ပံ့ပိုးတဲ့အပိုင်းမှာ ဖက်ရှင်ဂျာနယ်နဲ့ မဂ္ဂဇင်းတွေရဲ့ အခန်းကဏ္ဍက လည်း အဓိကနေရာကပါဝင်နေပါတယ်။ ဖက်ရှင်ကိုမဂ္ဂဇင်းက ကြော်ငြာသလို ဖက်ရှင်အကြောင်းနဲ့ မော်ဒယ်အကြောင်းတွေစုံလင် အောင်ပါလို့ မဂ္ဂဇင်းစောင်ရေတတ်နိုင်တာကြောင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလုပ်ငန်းလို့ဆိုရပါမယ်။    မဂ္ဂဇင်းတွေထဲမှာ ဆန်းသစ်လှပတဲ့ ဖက်ရှင်တွေ၊ မော်ဒယ်လ်၊ မင်းသမီးတွေရဲ့ အလှအပ၊ အဝတ်အစား၊ ဖိနပ်စတဲ့ အသုံး အဆောင်တွေ၊ လက်ဝတ်ရတနာတွေကိုဖော်ပြကြပါတယ်။ စာဖတ်ပရိသတ်ကလဲ ဒါကိုစိတ်ဝင်စားပါတယ်။ ဘယ်လိုဖက်ရှင်တွေ ခေတ်စားနေတယ်၊ မင်းသား မင်းသမီးမော်ဒယ်တွေ ဘာလုပ်နေတယ်ဆိုတာ သိချင်နေတာပါ။ ဒီတော့ မဂ္ဂဇင်းဂျာနယ်တွေ ဝယ်ဖတ်ကြရပါတယ်။ ဒီကဏ္ဍကြောင့် လုပ်ငန်းရှင်တွေကလဲ ကြော်ငြာအတွက် လိုအပ်တဲ့ မော်ဒယ်တွေကို ဆက်သွယ်နိုင်သလို လိုချင်တဲ့ပစ္စည်းတွေမှာယူနိုင်ကြပါတယ်။ ဒါ့ပြင် ဆယ်ကျော်သက်တွေကလဲ သူတို့နှစ်သက်တဲ့ မော်ဒယ်တွေရဲ့ ဝတ်စားဆင်ယင်မှု၊ ဘာတွေ လုပ်နေသလဲ သိချင်သလို ခေတ်မီဆန်းသစ်တဲ့ ဖန်စီပစ္စည်းတွေကို စိတ်ဝင်စားကြပါ တယ်။ လူလတ်ပိုင်း လူကြီးပိုင်းတွေ ကလဲ စိတ်ဝင်စားတာကြောင့် ရောင်းအားပိုတိုးတက်လာပါတယ်။ ဖက်ရှင်ကြောင့် ဂျာနယ်တွေ မဂ္ဂဇင်းတွေ အရောင်းသွက်သလို ဂျာနယ်မဂ္ဂဇင်းကြောင့်လဲ ဖက်ရှင်လောကနဲ့ ကုန်ပစ္စည်းရောင်းအားတွေ တိုးတက်လာစေတာကတော့ အမှန်ပါလို့ ဖက်ရှင်မဂ္ဂဇင်း ရဲ့ တာဝန်ခံအယ်ဒီတာ မဝင်းမာက ပြောပါတယ်။   ဂျာနယ်မှာ ဖက်ရှင်ကဏ္ဍကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြထားတယ်။ ဥပမာ-ရာသီအလိုက်ဝတ်စားဆင်ယင်မှု ကဏ္ဍမှာဆိုရင် မင်းသား၊ မင်းသမီးတွေ မော်ဒယ်တွေနဲ့ နွေရာသီဆို ဘယ်လိုအဝတ်အစား၊ မိုးရာသီဆို မိုးကာလှလှလေး၊ ထီးလှလှလေးစတဲ့ လှပတဲ့ပုံတွေနဲ့ ဖော်ပြပေးတယ်။ ဆောင်းရာသီဆိုရင်လည်း အနွေးထည်လှလှလေးတွေနဲ့ပေ့ါ။ ဒီကဏ္ဍကို စာဖတ်သူကလည်း မင်းသမီ၊ မင်းသား တွေ ဘယ်လိုဝတ်သလဲ စိတ်ဝင်စားသလို မင်းသမီးအချင်းချင်းကလည်း ဘယ်ဒီဇိုင်နာချုပ်တာလဲ၊ ဘယ်လိုဒီဇိုင်းလဲ စသဖြင့်ပေ့ါ လို့ Hello ဂျာနယ်ရဲ့ အယ်ဒီတာကိုဘုန်းနေလကပြောပါတယ်။ မိမိနိုင်ငံထုတ်ကုန်တွေကို ပြည်ပမှာ ဈေးကွက်ထိုးဖောက် ကြော်ငြာဖို့ ပြည်ပနိုင်ငံတွေကို သွားရောက်ပြသတဲ့ပွဲတွေမှာ မိမိနိုင်ငံထွက် တိုင်းရင်းသားရိုးရာ အဝတ်အထည်တွေ ဝတ်ဆင်ပြသ ရာမှာတော့ နိုင်ငံခြားက ကြိုက်နှစ်သက်လို့ ဝယ်ယူချင်တာကြောင့်ကမ်းလှမ်းလာခဲ့ဖူးကြောင်း၊ သုံးလအတွင်း အထည်ထောင် ဂဏန်းလိုချင်တာကြောင့် ပြည်တွင်းထုတ်လုပ်မှုကြည့်တဲ့အခါမှာတော့ ရိုးရာစနစ်နဲ့ရက်လုပ်မှုကြောင့် အချိန်မှီမလုပ်နိုင်တာ၊ အရည် အသွေးပိုင်းမှာလည်း အရောင်ကျွတ်တာ၊ ရေနဲ့ထိတဲ့အခါ ကြုံ့သွားတာတွေကြောင့် ရောင်းချခြင်းမပြုခဲ့ရဘူးလို့ ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။ ဒါကြောင့် ရိုးရာအထည်တွေကို  နိုင်ငံတကာ အဆင့်မီ အရည်အသွေးရှိအောင် ခေတ်မီနည်းပည နဲ့ ပြုပြင်မွမ်းမံပြီး နိုင်ငံခြားထိထိုးဖောက်တင်ပို့နိုင်ဖို့အတွက် ဆောင် ရွက်ဖို့လိုလာပြီဆိုတာလဲတွေ့နေရပါတယ်။   ''ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ အာဆီယံရှိုးကို သူတို့ကဖိတ်တယ်။ ကိုယ်ကစဉ်းစားတာက ကိုယ့်ရဲ့ဈေးကွက်က လတ်တလောမှာ Professional Wedding Dress ဆိုတော့ ဒါမျိုးက နိုင်ငံခြားမှာ အဆင်မပြေဘူး။ ကိုယ့်အထည်တွေ အော်ဒါအပ်ပြီး ဝတ်မဲ့လူလဲ မရှိဘူး။ ဒါကြောင့်သိပ်အားမထားခဲ့ဘူး။ ဒီနှစ် ၂၀၁၀ မှာလည်း သူတို့က ထပ်ပြီးဖိတ်တယ်။ ဒီကတာဝန်ရှိသူတွေကလည်း သွားပြဖို့ ပြောတော့ ကိုယ့်အနေနဲ့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးသွားမယ်။ ကိုယ်တတ်ထားတဲ့ ပညာအရည်အချင်းနဲ့ မြန်မာ တွေ ရဲ့ ဒီဇိုင်းပညာမသေးဘူးဆိုတာ ပြမယ်လို့ ဆုံးဖြတ်ထားတယ်။ ဧပြီလ ၁ရက်မှာထိုင်းမှာပြမှာပါ'' လို့ ဒီဇိုင်နာ ခင်စန်းဝင်းက သူ့ရဲ့ အစီအစဉ်ကို ပြောပါတယ်။ ဖက်ရှင်နဲ့ ရုပ်သံ    ဟိုအရင်က ဂီတမြူးဇစ်ဟာ အတီးသက်သက်နဲ့သာ တင်ဆက်မှုတွေရှိခဲ့တာပါ။ ဒီနောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ဂီတမှာ ဖက်ရှင် နဲ့ ပေါင်းစပ်ပြီးဖျော်ဖြေလာကြပါတယ်။ ဒီလိုပေါင်းစပ်လိုက်တာကြောင့်လဲပိုမိုမြူးကြွလာတာကိုတွေ့ရပါတယ်။ ''ကျွန်တော်တို့ နိုင်ငံမှာလဲ ဒီနောက်ပိုင်းလူငယ်တွေဟာ ဂီတမြူးဇစ်နဲ့ ဖက်ရှင်ကိုပေါင်းစပ်တင်ဆက်လာတာဟာတွေ့ကြရမှာပါ။ အထူးသဖြင့် ဖက်ရှင်နဲ့ အကတွေဟာ ပိုမိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ရှိလာပါတယ်။ လူထုအကြားမှာလဲ ပိုမိုလက်ခံလာကြပါတယ်။ လူငယ်တွေရဲ့ ကြိုးစားတီထွင်မှုရလာဒ်ကောင်းဖို့လဲ ပြောလို့ရပါတယ်။ ဒီနေရာမှာ ဂီတဆိုတဲ့အပိုင်းမှာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုနဲ့ ဂီတ မြူးဇစ် တွေဟာလဲပြောင်းလဲနေပါတယ်။ လူငယ်ထုရဲ့သံစဉ်တွေဖြစ်တဲ့ ပန်တို့၊ ဟစ်ဟော့တို့၊ အီမိုစတာတွေရှိလာ တယ်။ ဒီလိုဂီတ မြူးဇစ်တွေနဲ့ တွဲဘက်ပြီးတော့ ဝတ်စားဆင်ယင်မှုအပိုင်းက ပိုပြီး အရေးပါလာပြန်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့အနေနဲ့ ဒီ   ''ဖက်ရှင်မြူးဇစ်ဖက်စတေဘယ်လ်'' ဆိုတဲ့ အစီအစဉ်လေးကို လူငယ်တွေအတွက်ရော စိတ်ဝင်စားသူ ပရိသတ်အတွက်ပါရိုက်ကူး ပုံဖော်ဖြစ်ခဲ့တာပါ'''လို့ MRTV-4 ရဲ့ Fashion Music Festival အစီအစဉ်တာဝန်ခံ ကိုမြင့်မိုးအောင်ကဆိုပါတယ်။    အထူးသဖြင့် ဖက်ရှင်နဲ့ ဂီတကိုပေါင်းစပ်လိုက်တဲ့အခါမှာ ပိုမိုမြူးကြွလာခဲ့တာပါ။ အရင်က ဖက်ရှင်ရှိုးပွဲတွေမှာ သာမန် တီးလုံးလေးတွေနဲ့သာ လျှောက်ခဲ့ကြတာလေ။ ဒီနောက်ပိုင်းမှာ မြူးကြွတဲ့ တီးလုံးတွေနဲ့ လျှောက်လာကြတာက ကြည့်ရတာ အတော် ကွာခြားပါတယ်။ တဆက်တည်းပါလာတာက ဖက်ရှင်နဲ့ဆက်နွယ်ပြီး အကအဖွဲ့တွေ၊ တခြားပညာရှင်တွေဖြစ်တဲ့ ဆံပင် အလှဖန်တီးရှင်တွေ၊ မိတ်ကပ်အလှဖန်တီးရှင်တွေ၊ အဝတ်အစား၊ ဒီဇိုင်နာတွေ၊ ဖန်စီအလှရောင်းချသူတွေရဲ့ အခန်းကဏ္ဍဟာလဲ ပိုမိုပေါ်လွင်လာပါတယ်။ ''ဖက်ရှင်ရဲ့သဘောကိုက လူအများကို သက်ဝင်လှုပ်ရှားစေတယ်လို့လဲ ပြောနိုင်ပါတယ်။ အထူးသဖြင့် တော့ ဒီနောက်ပိုင်းမှာ တချို့သောစီးပွားရေးလုပ်ငန်းတွေကတောင် ဒီအစီအစဉ်မှာပါဝင်လာကြပါတယ်။ ဒါကလဲ ကောင်းမွန်တဲ့ ရလဒ် တစ်ခုလို့ ပြောလို့ရပါတယ်။ မိမိတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို လူအများအလွယ်တကူသိရှိနိုင်အောင် ကြော်ငြာတဲ့ လုပ်ငန်းဖြစ် တာကြောင့် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်''လို့ ကိုမြင့်မိုးအောင်က ထပ်လောင်း ဆိုပါတယ်။    ''အခုဆိုရင်ကျွန်တော်တို့ရဲ့ ''ဖက်ရှင် မြူးဇစ်ဖက်စတေဘယ်လ်''အနေနဲ့ နိုင်ငံတကာက တင်ဆက်နေတဲ့ ဖက်ရှင်တွေကို အမြဲ မျက်ခြေပြတ်မခံဘဲ ဆန်းသစ်တဲ့အသွင်အပြင်တွေနဲ့ အမြဲတမ်းကြိုးစား ရိုက်ကူးတင်ဆက်နေပါတယ်။ ဒီလို ရိုက်ကူးတင်ဆက်မှု အပိုင်းတွေမှာလဲ စီးပွား ရေး လုပ်ငန်းရှင်တွေဟာ ကျွန်တော်တို့နဲ့ပူးပေါင်းပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို လူထုကြား ပြန့်နှံ့ သိရှိသွားအောင်ကြော်ငြာလာကြတာပါ။ ဒါတင်မကဘဲ မိမိတို့အစီအစဉ်နဲ့ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေမှာ မော်ဒယ်အနုပညာရှင် တွေနဲ့ ဖက်ရှင်ဝတ်ဆင်ပြီးတင်ဆက်ပြသတာတွေ၊ မိမိတို့ရဲ့ကုန်ပစ္စည်းတွေကို မော်ဒယ်များနဲ့ ကြော်ငြာတာတွေ၊ မော်ဒယ်ရှိုးပွဲ တွေမှာ စပွန်ဆာယူပြီး ပြသတင်ဆက်တာတွေဟာလဲ အရမ်းတိုးတက်ဖွံ့ဖြိုးလာပါတယ်''လို့ ကိုမြင့်မိုးအောင်က ဖက်ရှင်စီးပွားရေးနဲ့ အရောင်းမြှင့်တင်မှုလုပ်ငန်းနှစ်ရပ် ပေါင်းစပ်လာတဲ့သဘောကိုပြောပြပါတယ်။   ''လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုတိုးတက် ပြောင်းလဲလာမှုအပိုင်းမှာတော့ပြောမယ်ဆိုရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဝတ်ဆင်လာနိုင်ကြပါပြီ။ ဘယ်နေရာဘယ်နိုင်ငံကိုပဲသွားသွား ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ဝတ်စားဆင်ယင်မှု အပိုင်းမှာ အခက်အခဲမရှိကြတော့ဘူးပေ့ါ။ တစ်ခုတော့ရှိတာပေ့ါ။ နိုင်ငံတိုင်းလူမျိုးတိုင်းမှာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ရိုးရာ ဝတ်စုံဆိုတာ ရှိသလို ဘယ်လိုပဲဝတ်စားဆင်ယင်မှုတွေ တိုးတက်ပြောင်းလဲတယ်ဆိုပါစေ သူတို့ရဲ့ရိုးရာဝတ်စုံဟာမှေးမှိန်မသွားကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ မြန်မာလူငယ်တွေရဲ့ကြားမှာလဲ ဘာတွေဘယ်လိုတိုးတက်ပြောင်းလဲပါစေ ကိုယ့်မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာဝတ်စုံ ကိုတော့ မေ့ပျောက်လို့မရဘူးလို့ ပြောချင်ပါတယ်''  ဆိုပြီးဖက်ရှင် ရေစီးကြောင်းထဲမှာ မိမိယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေ မပျောက်ဆုံးစေဖို့ ကိုမြင့်မိုအောင်က အကြံပြုပါတယ်။ဖက်ရှင်အနုပညာနဲ့ အမျိုးသားအကျိုးစီးပွား    ဂလိုဘယ်လိုက်ဇေးရှင်းခေတ် သတင်းနည်းပညာခေတ်၊ အသိပညာအခြေခံတဲ့ စီးပွားရေးခေတ်စသဖြင့် အမျိုးမျိုး ကင်ပွန်းတပ် ခံရတဲ့ ဒီနေ့ခေတ်မှာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဝတ်စားဆင်ယင်မှုတွေ၊ နေထိုင်စားသောက်မှု ပုံသဏ္ဍာန်တွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားစီးဝင်ရောယှက်နေပါတယ်။ ခေတ်ရဲ့တောင်းဆိုမှုနဲ့ပြောင်းလဲနေတဲ့အလျှင်ကို တားဆီး လို့မရနိုင်ပါဘူး။ မောင်ဗမာ၊ မယ်ဗမာခေတ်၊ လှယဉ်ကျေး မယ်ခေတ်များကို ဖြတ်သန်းခဲ့တဲ့ မြန်မာ့ဖက်ရှင်လောက ဟာလည်း ဒီနေ့ဒီအချိန်ခါမှာ Miss Toursim ခေတ်၊ Queen Oramin-F ခေတ်ကိုရောက်လာပါပြီ။ မော်ဒယ် အေဂျင်စီ သင်တန်းတွေ၊ မော်ဒယ်တွေ၊ ကြော်ကြားတဲ့ ဒီဇိုင်နာတွေ၊ ကင်မရာမင်း၊ မိတ်ကပ်ပညာရှင်၊ အစီအစဉ်တင်ဆက်သူ၊ မီးထိုး သမားစသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ နယ်ပယ်တစ်ခုအထိလည်းကျယ်ပြန့်လို့လာပါပြီ။ ဒီဖက်ရှင်မော်ဒယ် အင်အားစု ဟာ ဒီနေ့ ဒီအချိန်အခါမှာတော့ ပြည်ပကတင်သွင်းတဲ့ အခြားနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ရောင်းအားမြှင့်တင်တဲ့လုပ်ငန်း တွေမှာသာ အသုံးပြုနေပြီး မိမိနိုင်ငံထုတ်ကုန်နဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပြည်ပကို ဈေးကွက်ထိုးဖောက်ဖို့ အပိုင်းမှာတော့ အားနည်းနေတာတွေ့နေရပါတယ်။ ဒါကြောင့်မို့ မကြာခင်အနာဂတ်မှာ ယနေ့ဖွံ့ဖြိုးစပြုနေတဲ့ မြန်မာ့ဖက်ရှင် မော်ဒယ်စီးပွားရေး လုပ်ငန်းများဟာ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ မိမိနိုင်ငံရဲ့ထုတ်ကုန်တွေကို ကမ္ဘာသိအောင်တစ်ဖက်က ကြိုးပမ်းဆောင်ရွက်ရင်း တစ်ဖက်ကလည်း ပြောင်းလဲလာတဲ့ ဖက်ရှင်ရေစီးကြောင်းမှာ မိမိရိုးရာ အစဉ်အလာတွေနဲ့ အမျိုးသားရေးလက္ခဏာ  မပျောက်ပြတ် အောင် ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်းရေးသားလိုက်ရပါတယ်။