
တရုတ်သိပ္ပံပညာရှင်များသည် ဂျယ်လီကဲ့ သို့ အရည်ဖြည့်ရသည့် လစ်သီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်ခဲ့ရာ လက်ရှိအချိန်၌ အောင်မြင် ခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၄ ရက်က ရေးသားဖော်ပြထားသည်။
ပုံမှန်သုံးနေကြဖြစ်သည့် လစ်သီယမ်အိုင်းယွန်း ဘက်ထရီများသည် ပေါက်ကွဲမှုဖြစ်ပေါ်ကာ မီးလောင်မည့်အန္တရာယ်ရှိနေခြင်းကို ယခုအသစ် တီထွင်လိုက်သည့် လစ်သီယမ်ဘက်ထရီက ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဂျယ်လီကဲ့သို့ အရည်ဖြည့်ရသည့် လစ်သီယမ်ဘက်ထရီများသည် ယခင်အသုံးပြုနေကြ ဘက်ထရီများထက် သုံးဆပိုမိုကြာရှည်စွာ သုံးစွဲနိုင်မည်ဖြစ်သကဲ့သို့ လျှပ်စစ်မော်တော်ကားများနှင့် ဒရုန်းများ၏သက်တမ်းကိုလည်း သုံးဆတိုးစေ နိုင်မည်ဟု ဆိုသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုအရ ဂျယ်ပေါ်လီမာ အီလက်ထရွန်နစ် အသစ်ဖြင့် လစ်သီယမ် ဘက်ထရီများတွင် စွမ်းရည် ၉၂ ရာခိုင်နှုန်း ထိန်းထားနိုင်မှုကို ပြသခဲ့ကြောင်း၊ ထို့ပြင် လစ်သီယမ် အိုင်းယွန်းဘက်ထရီ ပေါက်ကွဲမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် ရှာဖွေမှုတွင် ရွေးချယ်စရာတစ်ခု ထပ်တိုးပေးဆောင်နိုင်ခဲ့ကြောင်း၊ လစ်သီယမ်အိုင်းယွန်းဘက်ထရီ၏ သက်တမ်းကို သုံးဆ တိုးစေပြီး မီးလောင်နိုင်သည့်အန္တရာယ်ကို လျှော့ချနိုင်သည့် နည်းပညာသစ်ကိုလည်း တီထွင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်တစ်ဦး ဖြစ်သူ ပါမောက္ခ Yu Le က ပြောသည်။
ဘက်ထရီ၏ ဓာတုဗေဒအဖြေကို ဂျယ်လီကဲ့သို့ ညီညွတ်မှုရှိသော ဒြပ်စင်အသစ်ဖြင့် အစားထိုးသည့် နည်းပညာသည် တရုတ်နိုင်ငံ၏ ထွန်းကားလာသော လျှပ်စစ်မော်တော်ကားလုပ်ငန်းတွင် အလျင်အမြန် အသုံးချနိုင်တော့မည်ဟု သုတေသီများက ထပ်မံပြောခဲ့သည်။
လစ်သီယမ် ဘက်ထရီများ တီထွင်နိုင်မှုနှင့် ပတ်သက်ပြီးBeijing University of Chemical Technology မှ ပါမောက္ခ Yu Le နှင့် တွဲဖက် ပါမောက္ခ Li Nianwu တို့ဦးဆောင်၍ လေ့လာမှု အသေးစိတ်ပြုလုပ်ကာ တီထွင်အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း Advanced Functional Materials ဂျာနယ်တွင် ဖော်ပြခဲ့သည်။
သုတေသီများသည် ဘက်ထရီအသစ်၏ ထိန်းသိမ်းမှုစွမ်းဆောင်ရည်ကို တိုင်းတာရန် အတွက် စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ ရသည်ဟု ဆိုသည်။
လက်ရှိ လျှပ်စစ်မော်တော်ကားများတွင် အသုံးပြုနေသည့် ဘက်ထရီများသည် ယခုအသစ် တီထွင်လိုက်သည့် မော်ဒယ်နှင့် ဆင်တူသော်လည်း ဘက်ထရီစွမ်းဆောင်ရည်ကို မြှင့်တင်ရန် မော်ဒယ်သစ်တွင် ပိုထူသော ဂျယ်လီ အလွှာကို အသုံးပြုထားကြောင်း၊ ဒီဇိုင်းအသစ်သည် သာမန်ထက် ပိုထူနေသော်လည်း အသုံးပြုသူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။
Source; Xinhua
စိုင်းဗညား