ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အီလက်ထရွန်နစ် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်ကင်းလွတ်ခွင့် ( E-Commerce Moratorium) သည် သဘောတူညီမှုမရဘဲ ပထမဆုံးအကြိမ် သက်တမ်းကုန်ဆုံးသွားသည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ ၂၈ နှစ်ဆက်တိုက် သက်တမ်းတိုးလာနိုင်ခဲ့သော ယင်းသဘောတူညီချက်သည် ၂၀၂၆ ခုနှစ် မတ်လ ဝန်ကြီးအဆင့်ညီလာခံ(MC14) ၌ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ဤကင်းလွတ်ခွင့်သည် ဆော့ဖ်ဝဲလ်၊ ရုပ်ရှင်၊ သီချင်းနှင့် အီးဘွတ်ခ်စသည့် ဒစ်ဂျစ်တယ်ပစ္စည်းများအပေါ် အကောက်ခွန်(Custom duties) ကောက်ခံခြင်းကို ယာယီတားမြစ်ထားသည့် စည်းမျဉ်းဖြစ်သည်။ ကမ္ဘာ့အီလက်ထရွန်နစ် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၅ ထရီလီယံအနက် အများစုမှာ ရုပ်ဝတ္ထု ကုန်ပစ္စည်းများဖြစ်ပြီး ဤကင်းလွတ်ခွင့်သည် ကျန်ရှိသော ဒစ်ဂျစ် တယ်ပစ္စည်းများ၏ ကုန်သွယ်မှုတန်ဖိုးနှင့်သာ သက်ဆိုင်သည်။
MC14 ၁၄ တွင် အမေရိကန်နိုင်ငံက အမြဲတမ်းကင်းလွတ်ခွင့်ပြုလုပ်ရန် အဆိုပြုခဲ့ပြီး ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့က ထောက်ခံ ခဲ့ကြသည်။ စင်ကာပူနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံ အပါအဝင် ၁၉ နိုင်ငံကလည်း ပူးတွဲထုတ် ပြန်ချက်ဖြင့် အားပေးခဲ့သည်။ အမေရိကန်နိုင်ငံ၏ အဓိကရည်ရွယ် ချက်မှာ မက်ဂနီဖီးဆင့် ၇(Magnificent 7) ဟု သိကြသည့် ဂူဂဲလ် (Google))၊ မိုက်ခရိုဆော့ဖ် (Microsoft)၊ အမေဇုန် (Amazon)၊ မက်တာ Meta၊ အက်ပဲလ် (Apple))၊ အန်ဗီဒီယာ ( Nvidia) နှင့် တက်စလာ Tesla)) စသည့် နည်းပညာကုမ္ပဏီကြီးများအတွက် တည်ငြိမ် သော စည်းမျဉ်းတစ်ခု ဖန်တီးပေးရန်ဖြစ်သည်ဟု ဝေဖန်ကြသည်။
အဆိုပါ ကုမ္ပဏီများ၏ ၂၀၂၅ ခုနှစ် ကလောက်(ဒ်) ဝန် ဆောင်မှု (Cloud))၊ ဆော့ဖ်ဝဲလ် Software၊ အွန်လိုင်းထုတ်လွှင့်မှု (Streaming) နှင့် ဒစ်ဂျစ်တယ်ကြော်ငြာ (Digital Advertising) ကဲ့သို့ သော ဝန်ဆောင်မှုများမှ စုစုပေါင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၈ ထရီလီယံကျော်ရှိပြီး ဤအကောက်ခွန်ကင်းလွတ်ခွင့်ကို အဓိက အကျိုးခံစားနေကြရသည်။ ကင်းလွတ်ခွင့် ပျက်ပြယ်ပါက ကုန်ကျစရိတ်မြင့်တက်ကာ အမြတ်အစွန်းထိခိုက်မည်ကို စိုးရိမ်နေ ခြင်း ဖြစ်နိုင်သည်။
သို့သော် ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိက နိုင်ငံများက ကန့်ကွက်ခဲ့ပြီး အာဖရိကန်၊ ကာရေဘီယံနှင့် ပစိဖိတ် ဒေသဆိုင်ရာနိုင်ငံများအဖွဲ့(ACP) နှင့် အာဖရိကန်သမဂ္ဂ (AU) တို့ ကလည်း ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ ကြသည်။ ၎င်းတို့၏ အဓိကအကြောင်းပြချက်မှာ ဤကင်းလွတ်ခွင့်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှစ်စဉ်အခွန်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးနေရပြီး ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပြည်တွင်းမူဝါဒ ချမှတ်ခွင့် ကန့် သတ်ခံရခြင်းဖြစ်သည်။ သို့ရာတွင် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD)၏ သုံးသပ်ချက်အရ ဤကင်းလွတ်ခွင့်သည်အကောက်ခွန်ကိုသာ တားမြစ်ထားခြင်းဖြစ် ပြီး ပြည်တွင်းအခွန်ဖြစ်သည့် ထပ်တိုးတန်ဖိုးအခွန်/ ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်(VAT/ GST) ကောက်ခံခြင်းကို မတားမြစ်ထားပေ။ အင်ဒိုနီးရှားနိုင်ငံသည် နက်ဖလစ် (Netflix)၊ စပေါ့တီဖိုင်း (Spotify)၊ ဇွန်း (Zoom)တို့အပေါ် ၁၀ ရာခိုင်နှုန်း VAT ကောက်ခံနေ သည်ကို ဥပမာအဖြစ် ကြည့်နိုင်သည်။ ထို့ကြောင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအပေါ် VAT/GSTများ အစားထိုး ကောက်ခံခြင်း ဖြင့် အသားတင်ဘဏ္ဍာငွေဆုံးရှုံးမှုမှာ နည်းပါးနိုင်သည်ဟုဆိုသည်။
WTO ၏ ဆုံးဖြတ်ချက်ချမှတ်မှုသည် အဖွဲ့ဝင် ၁၆၆ နိုင်ငံလုံး ၏ ဘက်စုံသဘောတူညီမှု (Consensus) လိုအပ်ပြီး တစ်နိုင်ငံတည်း၏ ဆန့်ကျင်မှုကပင် သဘောတူညီချက်တစ်ရပ်လုံးကို တားဆီးနိုင်သည်။ ထို့ကြောင့် ဘရာဇီးနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ခိုင်မာသောဆန့်ကျင်မှုသည် သဘောတူညီ မှုကို ပျက်ပြယ်စေရန် လုံလောက်ပေသည်။WTO တွင် သဘောတူညီမှုမရသောအခါ နိုင်ငံများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှေ့ ဆက်ကြသည်။ ကမ္ဘာ့ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြု သော ၆၆ နိုင်ငံသည်WTO ပြင်ပတွင် အီလက်ထရွန်နစ် ကုန်သွယ် မှုဆိုင်ရာ သဘောတူညီချက် (ECA) ကို သီးခြားအကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်နိုင်ငံနှင့် အခြား ၂၂ နိုင်ငံက လည်း နောက်ထပ်အစည်းအဝေးအထိ ကင်းလွတ်ခွင့်ကို ဆက်ထိန်း ရန် သဘောတူကြသည်။ ဘရာဇီးနိုင်ငံသည်ပင်လျှင် တောင်အမေရိက ဘုံဈေးကွက် (Mercosur) အတွင်း၌ အခွန်မကောက်ရန် သီးခြား သဘောတူထားပြီးဖြစ်သည်။ ဤသို့ဖြင့် WTO အဖွဲ့ဝင်နိုင်ငံများကြားတွင် အနည်းဆုံး အုပ်စုသုံးစုကွဲထွက်သွားသည်။ အခွန်ဆက် မကောက်မည့် ၂၃ နိုင်ငံ၊ ECA ကို ယာယီလုပ်ဆောင်မည့် ၆၆ နိုင်ငံ နှင့် ကိုယ်ပိုင်အခွန်စည်းကြပ်မည့် ကျန်နိုင်ငံများ ဟူ၍ဖြစ်သည်။
ဤရှုပ်ထွေးသော အခြေအနေသည် ၁၉၉၅ ခုနှစ်တွင် စီးပွားရေးပညာရှင် ဂျက်ဒစ်ရှ် ဘဂ်ဝါတီ(Jagdish Bhagwati) က သတိပေးခဲ့သည့် စပါဂတီအာနိသင် သို့မဟုတ် စပါဂတီပန်းကန်လုံးအာနိသင် (Spaghetti Bowl Effect) ကို ပိုမိုဆိုးရွားစေသည်။ နိုင်ငံများသည် ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက် ((FTA) အများအပြားတွင် တစ်ပြိုင်နက် ပါဝင်ချုပ်ဆိုကြသောအခါ မတူညီသောစည်းကမ်းချက်များသည် စပါဂတီခေါက်ဆွဲမျှင်များသဖွယ် ရောယှက်၍ ရှုပ်ထွေးမှုများဖြစ်သွားနိုင်သည်ဟု ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ဤရှုပ်ထွေးမှုသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေပြီး ကုန်သွယ်မှုစရိတ်ကို မြင့်တက်စေမည်ဖြစ်သည်။
ယခင်က ပထဝီအနေအထားအရ နီးစပ်သောနိုင်ငံများကြား ချုပ်ဆိုလေ့ရှိသည့် ဒေသဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်များ (ဥပမာ-အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေ (AFTA)နှင့် နှစ်နိုင်ငံ သဘောတူညီချက်များ (ဥပမာ-အမေရိကန်-ဂျပန်ကုန် သွယ်ရေးသဘောတူညီချက်)များသာရှိခဲ့သည်။ ယခုနောက်ပိုင်းတွင် ကိစ္စတစ်ခုတည်းအတွက် သီးသန့်သဘောတူညီချက်များ (Issue-Specific Agreements) တွင်နှစ်နိုင်ငံထက်ပိုသောနိုင်ငံများ၏ ပလူရီလက်တရယ် သဘောတူညီချက်များ (Plurilateral Trade Agreements - PTAs) ပါ ပေါ်ထွက်လာခဲ့သည်။ WTO အဖွဲ့ဝင်နိုင်ငံ ပေါင်း ၈၂ နိုင်ငံ၏ သတင်းအချက်အလက် နည်းပညာသဘောတူညီချက် (ITA 1996, 2015) နှင့် MC14 အပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံ၏ အီလက်ထရွန်နစ်ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (Agreem-ent on Electronic Commerce - ECA) တို့သည် ထင်ရှားသော ပလူရီလက်တရယ် သဘောတူညီချက် (PTAs) များဖြစ်ကြသည်။
ရှေးယခင်က ကုန်သွယ်ရေးစနစ်သည် WTO ၏ စည်းမျဉ်း စည်းကမ်းများအောက်တွင် လည်ပတ်ခဲ့ရာမှ ယခုအခါ ပြင်ပတွင် သီးခြားလည်ပတ်လာသည့်ပုံစံများ ပေါ်ပေါက်လာခဲ့သည်။ မူလစပါဂတီအာနိသင်တွင် ပထဝီအနေအထားအရဒေသနှင့် နိုင်ငံ အလိုက် ကုန်သွယ်ရေးသဘောတူညီချက် အရေအတွက် များပြားခြင်း၏ အကျိုးဆက်များကို သတိပြုနိုင်ရန် ထောက်ပြခဲ့ရာမှ ယခု အခါ ပိုမိုစိုးရိမ်ဖွယ်အနေအထားသို့ရောက်ရှိလာပြီဟု ဆိုနိုင်သည်။ စပါဂတီအာနိသင်သည် သဘောတူညီချက် အရေအတွက်ကြောင့် ရှုပ်ထွေးရုံသာမက ယခုအခါ သီးခြားကိစ္စရပ်များအလိုက် သဘော တူညီချက် အမျိုးအစားကွဲပြားမှုကြောင့်ပါ ပိုမိုစိုးရိမ်ဖွယ် ဖြစ်လာပေ သည်။
ကိုးကား –OECD March 18 2026, Economic Times March 30 2026, WEF April 29 2026, Business Times (Singapore)
Background
