Main menu

Background

မြန်မာ့ရွှေဈေး အမြင့်ဆုံးကျပ်ရှစ်သိန်းအထိ မြင့်တက်ပြီးမှ ပြန်လည်ကျဆင်း

Wed, 06/17/2015 - 19:07 -- journal_editor

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကတည်းက မြင့်တက်ခဲ့သည့် မြန်မာ့ ရွှေဈေးသည်  ယခုတစ်ပတ်တွင် ပိုမို အတက်ကြမ်းလာခဲ့ကာ ပြန်လည်ကျ ဆင်းသည့်အခါတွင်လည်း အကျကြမ်း ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေးသည် ကျပ် ၇၂၇၀၀၀ ဖြင့် ဈေးပိတ်ခဲ့ပြီး  ဈေးပြန်ဖွင့်ချိန်တွင် အဆိုပါဈေးအတိုင်းသာရှိခဲ့သည်။ သို့ သော် ဇွန် ၉ ရက်တွင် ပြည်တွင်းရွှေ ဈေးသည် ထိုနေ့တစ်နေ့တည်းမှာပင် ကျပ် ၃၄၅၀၀ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်ခဲ့ရာ ဇွန် ၁၀ရက်တွင် စံချိန်တင်အမြင့်ဆုံး ဈေးအဖြစ်  ကျပ်ရှစ်သိန်းအထိ မြင့် တက်ခဲ့သည်။
ထိုကဲ့သို့  ပြည်တွင်းရွှေဈေးများ မြင့်တက်ခဲ့သော်လည်း  ကမ္ဘာ့ရွှေဈေး မှာမူ တစ်ပတ်အတွင်း ခုနစ်ဒေါ်လာ သာမြင့်တက်ခဲ့သည်။ ပြည်တွင်းငွေလဲ နှုန်းများ မြင့်တက်ခဲ့ခြင်းနှင့်အတူ ဈေး ကစားသူများကြောင့် ပြည်တွင်း ရွှေ ဈေးများ မြင့်တက်လာရခြင်းဖြစ်သည် ဟု သုံးသပ်လျက်ရှိကြသည်။
''ရွှေဈေးတွေက နေ့ချင်းညချင်း ဆိုသလို တစ်နေ့တည်းမှာကို သုံးလေး သောင်းလောက်   မြင့်တက်နေတော့ ကုန်သည်တွေ  အရှုံးပေါ်ကြတာများ တယ်။ ဈေးကွက်က ပျက်သွားတာပေါ့။ ဈေးက မထင်မှတ်ဘဲကို အဆမတန် မြင့်တက်လာတာ။   ဈေးကစားတဲ့သူ တွေကြောင့်ရော၊ ပြည်တွင်းငွေလဲနှုန်း ပါ ရုတ်တရက်  မြင့်တက်သွားတာ ကြောင့်ရော  ခုလို ပြည်တွင်းရွှေဈေးတွေ မြင့်တက်လာရတာပါ။ အစိုးရကလည်း ပြည်တွင်းငွေလဲနှုန်းကို မထိန်းချုပ်နိုင် တဲ့အတွက် ခုလိုမျိုးဈေးကစားတဲ့သူတွေ လက်ထဲကို ရောက်သွားရတာ။ နောက် ဆုံးတော့ထိခိုက်နစ်နာတာက ပြည်သူ တွေပဲလေ။   ဒေါ်လာဈေးတက်တယ် ဆိုပြီးတော့ ကျန်တဲ့ကုန်ပစ္စည်းတွေပါ လိုက်တက်တာ။ အခြေခံစားကုန်တွေ ပါ ဈေးနှုန်းတွေ လိုက်တက်တော့  လက်လုပ်လက်စားပြည်သူတွေပဲ ဒုက္ခ ရောက်ကြရတာပဲလေ''ဟု ရွှေကုန် သည် ဦးစံမြင့်က သုံးသပ်ပြခဲ့သည်။
မြန်မာ့ရွှေဈေးသည် ၂၀၁၅ခုနှစ် အတွင်း စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် ကျပ်ရှစ်သိန်းအထိ    မြင့်တက်သွားခဲ့ သော်လည်း ဇွန် ၁၁ ရက် ရက်မှစတင် ကာ ပြန်လည်ကျဆင်းလာခဲ့သည်။ ဇွန်  ၁၂ ရက်တွင် ကျပ် ၇၃၃၀၀၀ သို့ ပြန် လည်ကျဆင်းလာခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၈ရက် က ၁၁၇၄ ဒေါ်လာရှိခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင် ၁၁၈၂ ဒေါ်လာသို့မြင့်   တက်ခဲ့သည်။
မယ်သီတာ