Main menu

Background

၂၀၂၃ ကမ္ဘာ့စီးပွားရေးမြင်ကွင်း

Fri, 11/11/2022 - 11:33 -- journal_editor

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်ပြီး ငွေကြေးဖောင်းပွမှု  စံချိန်တင်မြင့်မားလျက်ရှိသည်။  အကျိုးဆက်အနေဖြင့် ကမ္ဘာ့စီးပွားရေး ဖရိုဖရဲဖြစ်ပြီး ကျဆင်းနေသော စီးပွားရေး တိုးတက်မှုကို ပိုမိုကြာညောင်းစေ နိုင်သည်။
ဥရောပသမဂ္ဂ (EU) ၏ စက်မှုအင်အားကြီး နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် လာမည့် ၂၀၂၃ ခုနှစ်တွင် သိသိသာသာ ကျဆင်းနိုင်သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအလားအလာသည် ဆိုးရွားလျက်ရှိကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic Co-operation and Development - OECD) က ပြောကြားထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ဥရောပ၌ ထုတ်ပြန်သည့် စစ်ပွဲ၏ ဆိုးကျိုးကို တွေ့ကြုံခံစားနေရခြင်း (Paying the Price of War)  ဟူသော အစီရင်ခံစာထဲ၌ ထိုကဲ့သို့ ပြောကြားထားခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးမြင်ကွင်းသည် မျှော်လင့်အားရဖွယ်မရှိသော စိတ်ဓာတ်ကျစရာဖြစ်သည်။ စီးပွားရေးလုပ်ငန်းယုံကြည်မှု (Business confidence)၊ သုံးစွဲနိုင်သော ဝင်ငွေ(Disposable incomes)နှင့် အိမ်ထောင်စုအသုံးစရိတ် (Household expenditure)  တို့ ဇောက်ထိုးကျဆင်းနေသည်။ အခြားတစ်ဖက်တွင် လောင်စာဆီ၊  စားနပ်ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ သိသိသာသာ မြင့်တက်နေသည်။
တစ်ကမ္ဘာလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသော ငွေကြေးဖောင်းပွမှုသည် ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး တဖြည်းဖြည်း ကျဆင်းသွားနိုင်သည်။ သို့သော်လည်း ခြွင်းချက်အနေဖြင့် ငွေကြေးဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်တွင် ဆက်လက်မြင့်မားနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော်  အလွန်အမင်း အတိုးနှုန်းမြှင့်တင်ခြင်းက ဘဏ္ဍာရေး အခြေအနေကို ပိုမိုကျပ်တည်းစေပြီး ငွေကြေးဖောင်းပွမှု ကို မကုစားနိုင်သောကြောင့်ဖြစ်သည်။
အအေးပိုမည့် ဆောင်းရာသီ၌  ဥရောပ၏ စီးပွားရေးသည် အေးစက်စက်ဖြင့် စိတ်ပျက်စရာ ကောင်းနေနိုင်သည်။ ဥရောပ၏ မြေအောက်သဘာဝဓာတ်ငွေ့သိုလှောင်မှု ကုန်ခန်းသွားပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်။ အကျိုးဆက်အနေဖြင့် ကုန်စည် ပြတ်လပ်ခြင်းနှင့် စက်မှုလုပ်ငန်းများ တုံ့ဆိုင်းခြင်းတို့ ဖြစ်ပေါ်လာ နိုင်သည်။ ဤအချက်များက နိုင်ငံများစွာအား ၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံး စီးပွားရေးကျဆင်းမှု (Recession) ဆီသို့ ရောက်ရှိစေရန် တွန်းပို့ပေးနေသည်။
ဥရောပနိုင်ငံအားလုံးသည် ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းမှုကို ပိတ်ဆို့ခြင်း(Sanctions against Russian oil)က မျှော်မှန်းထားသည်ထက် ပိုမို၍ စွမ်းအင်ပြတ်လပ်မှု ဖြစ်နိုင်သည်။ ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုသည် ရုရှားနိုင်ငံ၏ ဝင်ငွေရရှိစေသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများအနက် ထင်ရှားသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဥရောပ နိုင်ငံအားလုံး၏ ရုရှားနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ပင်ခြင်း (EU-  wide embargo)  သည် ယခု ၂၀၂၂ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဖြစ်လာနိုင်သည်။ ထိုအခါ ရုရှားနိုင်ငံမှ နေ့စဉ်တင်သွင်းနေသော ရေနံနှင့် ရေနံစိမ်း စည်နှစ်သန်းခန့်သည် ဥရောပဈေးကွက်အတွင်း ဝင်ရောက်လာ တော့မည် မဟုတ်ပေ။
ရုရှားနိုင်ငံသည် အဆိုပါရေနံစည်နှစ်သန်းကို အခြားဒေသများသို့ ပြောင်းလဲပေးပို့ခြင်းမပြုနိုင်ပါက နိုင်ငံတကာရေနံဈေးနှုန်း(International prices) မြင့်တက်မည်ဖြစ်သည်။ ထိုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ခြင်းက ယခင်ကတည်းက မတည်ငြိမ်သော စွမ်းအင်ထုတ်လုပ်မှု ကွင်းဆက်ကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ ထို့ကြောင့် OECD အစီရင်ခံစာက ၂၀၂၂ ခုနှစ် (ယခုနှစ်)တွင် ကမ္ဘာ့စီးပွားရေးသည် အရှိန်ပျောက်ဆုံးနေကြောင်း မှတ်ချက်ပြုဖော်ပြထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလနောက်ပိုင်း ကမ္ဘာ့စီးပွားရေး သိသိသာသာ ပြန်လည်ဦးမော့လာခဲ့သည်။ တစ်နည်းအားဖြင့် ရုရှားနှင့် ယူကရိန်း ပဋိပက္ခမဖြစ်ပွားမီအချိန်တွင် ကမ္ဘာ့စီးပွားရေးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ နေပြီဖြစ်သည်။
ယခုအခါ ရုရှားနှင့် ဂျာမနီနိုင်ငံတို့သည် စီးပွားရေးကျဆင်းမှု (Recession)  ဆီသို့ ရှေးရှုနေသည်။ ရုရှားနိုင်ငံ၏ စီးပွားရေးအခြေအနေသည် နိုင်ငံအားလုံးထက် ပိုမိုဆိုးရွားလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို မကြုံစဖူး ခံစားနေရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း သို့ လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း ကျဆင်းသွားနိုင်သည်။
ဂျာမနီနိုင်ငံ၏ စီးပွားရေးသည်လည်း ယခုနှစ်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အဆုံးသတ်သွားနိုင်သည်။ သို့သော်လည်း ဂျာမနီ နိုင်ငံ၏ လာမည့် ၂၀၂၃ ခုနှစ် စီးပွားရေးသည် သုည ဒသမ ၇ ရာခိုင် နှုန်းထိ ကျဆင်းနိုင်သည်။ စီးပွားရေး ကျဆင်းမှုဘေးအန္တရာယ် (Recession fears) သည် ဂျာမနီနိုင်ငံအပေါ် ကျရောက်နေပြီဖြစ် သည်။ ဂျာမနီသည် ယခုနှစ် အစောပိုင်းကာလအထိ ရုရှားဓာတ်ငွေ့ကို အမြောက်အမြား ဝယ်ယူသောနိုင်ငံဖြစ်သည်။ ယခုအခါ ဂျာမနီနိုင်ငံ သည် နောက်ထပ် သဘာဝဓာတ်ငွေ့ရောင်းချမည့် နိုင်ငံများ (Alternative Suppliers)ကို အလုအယက် ကြိုးပမ်းရှာဖွေနေရသည်။
ဂျာမနီနိုင်ငံ၏ စီးပွားရေးကျဆင်းနေကြောင်း ဖော်ပြနေသည့်လက္ခဏာရပ်များမှာ တိုးပွားနေကြောင်း ဂျာမန်ဗဟိုဘဏ်က စက်တင်ဘာလ တတိယပတ်တွင် ပြောကြားခဲ့သည်။ စီးပွားရေးကျဆင်းခြင်း (Recession) ဆိုသည်မှာ သုံးလပတ် နှစ်ပတ်ဆက်တိုက် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product - GDP) ကျဆင်းခြင်းဖြစ်သည်။
OECD ၏ လေ့လာမှုအရ အခြားသော ဥရောပနိုင်ငံများ၏ စီးပွားရေးမှာ အနည်းငယ်ကောင်းမွန်နေသည်။ ၂၀၂၃ ခုနှစ်တွင် ပြင်သစ်၊ အီတလီနှင့် စပိန်တို့၏ စီးပွားရေးသည် သုည ဒသမ ၆ ရာခိုင်နှုန်း၊ သုည ဒသမ ၄ ရာခိုင်နှုန်းနှင့် ၁  ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တိုးတက်နိုင်ကြောင်း တွေ့ရသည်။ ဖော်ပြပါ တိုးတက်မှုရာခိုင်နှုန်းများက အဆိုပါနိုင်ငံများသည်လည်း တစ်ချိန်ချိန်တွင် စီးပွားရေးကျဆင်းမှုထဲသို့ ရောက်ရှိသွားနိုင်ကြောင်း ညွှန်ပြနေသည်။ သို့သော် လည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါနိုင်ငံများ၏ စီးပွားရေးသည် အသင့်အတင့် တိုးတက်မှု (Moderate positive growth) ရှိနိုင်ကြောင်း သိရသည်။
ယူရိုဇုန်၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ  ၁ ရာခိုင်နှုန်း  တိုးတက်နိုင်ပြီး ၂၀၂၃ ခုနှစ်တွင် သုည ဒသမ ၃ ရာခိုင်နှုန်း သာ တိုးတက်နိုင်သည်။ ၂၀၂၃ ခုနှစ်တွင် ယူရိုဇုန်၏ ငွေကြေးဖောင်းပွ မှုသည် ပျမ်းမျှ ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိနိုင်သည်။ အဆိုပါနှုန်းသည် ဥရောပဗဟိုဘဏ်က လျာထားသတ်မှတ်သည့် ၂ ရာခိုင်နှုန်းထက် ၃ ဆ ပိုမိုများပြားနေသည်။
စွမ်းအင်အကျပ်အတည်း ပိုမိုဖြစ်ပွားလာပါက အားရစရာမရှိသော အဆိုပါ စီးပွားရေးခန့်မှန်းချက်များသည် ပိုမိုဆိုးရွားလာနိုင် သည်။ အဆိုပါ ခန့်မှန်းချက်များ ပတ်ပတ်လည်တွင် မသေချာမှုများ ဝန်းရံနေသည်။ လောင်စာပြတ်လပ်မှု အထူးသဖြင့် သဘာဝဓာတ်ငွေ့  ပြတ်လပ်မှု ပိုမိုပြင်းထန်လာခြင်းက ၂၀၂၃ ခုနှစ် ဥရောပ စီးပွားရေး တိုးတက်မှုကို ၁ ဒသမ ၂၅ ရာခိုင်နှုန်း အမှတ် (1.25 percentage points)  ထိ ထပ်မံကျဆင်းစေနိုင်သည်။
ဥရောပ၏ စီးပွားရေးအခြေအနေမကောင်းကြောင်းနှင့် မသေချာမှု (Uncertainty)မြင့်မားလျက်ရှိကြောင်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌက သတိပေးပြောကြားသည်။ ထို့ပြင် ဥရောပ၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်ပြီး မြင်ကွင်းကတော့ မှောင်မည်းနေတာပဲ၊ လာမယ့် သုံးလပတ်တွေမှာ စီးပွားရေးလုပ်ဆောင်ချက်တွေ သိသိသာသာ နှေးကွေးသွားနိုင်ပါတယ်ဟူ၍ ဥရောပလွှတ်တော်ရှိ လွှတ်တော်အမတ်များအား ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၏  စီးပွားရေးအလားအလာကိုလည်း OECD က သုံးသပ်ခန့်မှန်းထားသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည် သုည ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး ယူကေ (ဗြိတိန်)နိုင်ငံ၏ စီးပွားရေးသည် သုည ရာခိုင်နှုန်း (ဝ%) ဖြင့် အတက်အကျမရှိဘဲ ရပ်တန့်နေနိုင်သည်။ ဂျပန်၊ ကနေဒါ၊ အာဂျင်တီးနား၊ ဘရာဇီး၊ တောင်အာဖရိက နှင့် မက္ကဆီကိုနိုင်ငံတို့၏ စီးပွားရေးသည် အကန့်အသတ်ရှိပြီး ၂ ရာခိုင်နှုန်းအောက်သာ တိုးတက်နိုင်သည်။
ကမ္ဘာ့စီးပွားရေးကို မောင်းနှင်လျက်ရှိသော အင်ဂျင်စက်ဖြစ်သည့် တရုတ်နိုင်ငံသည် တင်းကျပ်သော သုည ကိုဗစ်ပေါ်လစီ(Zero  Covid policy)  ကို ကျင့်သုံးလျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ပြီး ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်နိုင်သည်။ အခြားတစ်ဖက် တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ စီးပွားရေးသည် စွမ်းအင်ဈေးနှုန်း မြင့်တက်နေသောကြောင့် စန်းပွင့်လျက်ရှိသည်။ ရေနံ ကြွယ်ဝသော ယင်းနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး လာမည့်  ၂၀၂၃ ခုနှစ်တွင်  ၆ ရာခိုင်နှုန်း တိုးတက်နိုင်သည်။
အားလုံးခြုံငုံသုံးသပ်ကြည့်ပါက ကမ္ဘာ့စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်ပြီး ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းသာ တိုးတက်နိုင်သည်။ ဤစီးပွားရေးအခြေအနေ ခန့်မှန်းချက်များသည် ယခင်ခန့်မှန်းချက်များ ထက် ပိုမိုနိမ့်ကျသွားကြောင်း တွေ့ရှိရသည်။
Source : euronews.com
သိန်းမြင့်ဝေ