" နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့" ခေါင်းစဉ်ဖြင့် မြန်မာ့ဆန်စပါးညီလာခံ -၂၀၂၂ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) ၌ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ယင်းညီလာခံကို အပိုင်းခြောက်ပိုင်းဖြင့် ကျင်းပခဲ့သည်။ ထိုအပိုင်း ခြောက်ပိုင်းအနက်မှ ဒုတိယနေ့အစီအစဉ်ဖြစ်သော အပိုင်း(၅)တွင် ဆန်စပါး ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးကဏ္ဍ ခေါင်းစဉ်ဖြင့် ဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးကြရာ ဦးသန်းအောင်ကျော် (အဖွဲ့ ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က ခေတ်အလိုက် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခဲ့မှု အခြေအနေနှင့် သင်ခန်း စာများအကြောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးသန်းအောင်ကျော်က ဆန်စပါး သမိုင်းကြောင်းများအား အပိုင်း (၉)ပိုင်းဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး အပိုင်း (၁)အနေဖြင့် ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေး ရာ မြန်မာနိုင်ငံကို အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၄-၁၈၂၆)၊ ဒုတိယစစ်ပွဲ (၁၈၅၂) အပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်ကြိုးစားပြီး ၁၈၈၆ ခုနစ် ဇန်နဝါရီ ၁ ရက်တွင် ဗြိတိသျှဘုရင်မပိုင် နယ်မြေအဖြစ် သတ်မှတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အပိုင်း (၂)တွင် ကိုလိုနီ ခေတ် လယ်ယာစိုက်ပျိုးမြေများ တိုးချဲ့ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ရာ ထိုခေတ်တွင် ဗြိတိသျှနယ်ချဲ့အရင်းရှင်တို့သည် မြန်မာဘုရင်ထံ မှ အုပ်ချုပ်မှုအာဏာကို လုယူသိမ်းပိုက်ပြီး တည်ရှိနေဆဲ ပဒေသရာဇ် စီးပွားရေးအဆောက်အအုံကို ဖျက်သိမ်းခြင်းမပြုဘဲ ထိုစီးပွားရေး အဆောက်အအုံပေါ်တွင် နယ်ချဲ့အရင်းရှင် စီးပွားရေးစနစ်ကို တစ်စတစ်စ ကြီးထွားအောင်ဖန်တီးခဲ့ပြီး ဗြိတိသျှ အရင်းရှင်များအတွက် တပ်မက်မှုအရှိဆုံး လုပ်ငန်းသည် ဆန်စပါး တိုးချဲ့ထုတ်လုပ်ရောင်း ချရေးပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့ရန်အတွက် အထက်မြန်မာပြည်မှ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့လာပြီး လယ်လုပ်ကြသူများအပေါ် အစိုးရက နှစ်နှစ်တိုင်တိုင် တိုင်းသူ ပြည်သားများအပေါ်တွင် ကောက်ခဲ့သော သဿမေဓခွန် လွတ်ငြိမ်း ခွင့်ပြုပေးကြောင်း၊ အိန္ဒိယမှ အမျိုးသားများကို မြန်မာနိုင်ငံသို့ခေါ် ယူခဲ့ကြောင်း၊ ၁၉၀၆ ခုနှစ်မှစ၍ ၁၉၃၇ ခုနစ်ထိ အိန္ဒိယမှ ပြောင်းရွှေ့ လာသူဦးရေမှာ ၁၀ ဒသမ ၄၂၃ သန်းရှိကြောင်း ဆွေးနွေးခဲ့သည်။
လယ်ယာမြေများတိုးချဲ့ရန်အတွက် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းအနေဖြင့် အောက်မြန်မာပြည်တွင် ရေကာတာ ငါးခု၊ အထက်မြန်မာပြည်တွင် ဆည်ကြီး ငါးခု တည်ဆောက်ခဲ့ပြီး စိုက်ပျိုးမြေများ နှစ်အလိုက် တိုးတက်လာကြောင်း၊ ၁၈၅၂-၁၈၅၃ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ ဧကခြောက်သိန်းရှိရာမှ ၁၉၂၂-၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ ဧက ၈၉၁၆၀ဝ၀ အထိ တိုးတက်လာ ကြောင်း၊ စပါးစိုက်ပျိုးမှုတွင်လည်း ၁၈၉၀ ပြည့်နှစ်တွင် အောက် မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံ စုစုပေါင်း ဧက ၅၇၅၅၀ဝ၀ ရှိရာ မှ ၁၉၄၀-၁၉၄၁ ခုနှစ်တွင် စပါးစိုက်ပျိုးဧက ၁၂၅၁၈၄၉၉ ထိရှိလာ ကြောင်းကို နှစ်အလိုက် အသေးစိတ်စာရင်းများဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဂျပန်ခေတ် လယ်ယာမြေအခြေအနေအကြောင်း ဆွေးနွေးတင်ပြရာတွင် ဂျပန်ခေတ်မတိုင်မီက မြန်မာနိုင်ငံ၏ စပါး စိုက်ဧကသည် ၁၂သန်းကျော်ရှိခဲ့ပြီး စပါးတန်ချိန် ခုနစ်သန်းကျော် ထွက်ရှိရာမှ ဂျပန်ခေတ်တွင် စပါးစိုက်ဧက ခြောက်သန်းသာရှိခဲ့ပြီး စပါးအထွက်တန်ချိန် နှစ်သန်းကျော်အထိ လျော့ကျလာခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေးပြန်လည်ထူထောင်ရန် ဆင်းမလား စီမံကိန်း ရေးဆွဲခဲ့ပြီး ဥပဒေငါးရပ် ပြဋ္ဌာန်းခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် စစ်ပြီးခေတ်တွင် ဆန်စပါးလုပ်ငန်းကို ပြန်လည် ထူထောင်မှုပြုလုပ်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးတွင် စပါး၊ နှမ်းလျင်၊ နှမ်းကြီး၊ မြေပဲတို့ကို ဧကတိုးချဲ့စိုက်ပျိုးခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
လွတ်လပ်ရေးရယူရန် အကြိုပြင်ဆင်သည့်ကာလတွင် မြန်မာ နိုင်ငံ၏ စီးပွားရေးကွန်ဖရင့်မှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးနှင့် နှစ်နှစ်စီမံကိန်းကို ချမှတ်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း လယ်ယာမြေ ဝေငှရေးနှင့်ပတ်သက်၍ ထည့်သွင်းရေးဆွဲခဲ့ကြောင်း သိရှိရသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၂-၁၉၅၃ ခုနှစ်အထိ အောက်မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသည့် ခရိုင် ၁၃ ခရိုင်၌ စိုက်ပျိုးမြေဧကပေါင်း ၉ ဒသမ ၆၈ သန်းတွင် ကိုယ်တိုင် စိုက်ပျိုးခြင်းမရှိသည့် မြေရှင်များလက်ဝယ်၌ ဧက ၇ဒသမ ၁၅ သန်း ခန့်ရှိကာ စိုက်ပျိုးသူများလက်ဝယ်တွင် ၂ဒသမ ၅၃ သန်းသာရှိ ကြောင်း၊ စုစုပေါင်းလယ်ယာမြေ၏ ၇၄ ရာခိုင်နှုန်းနီးပါးမှာ မြေရှင် များလက်ဝယ်တွင် ရှိနေကြောင်း၊ မြေရှင်များ၏ ပိုင်ဆိုင်မှုတွင် တိုင်း ရင်းသား မြေရှင်များကဧက ၄ ဒသမ ၈၄ သန်းနှင့် ချစ်တီးများ၏ လက်ဝယ်တွင် ဧက ၂ဒသမ ၃၁သန်းရှိကြောင်း ဆွေးနွေးတင်ပြခဲ့ သည်။
ကိုလိုနီခေတ် မြန်မာ့ဆန်စပါး ပြည်ပတင်ပို့မှုအပိုင်းတွင် ၁၈၃၀ ပြည့်နှစ်၌ စပါးစိုက်ပျိုးသော ဧရိယာဧကပေါင်း ၆၆၀ဝ၀ ရှိရာမှ ၁၉၀ဝ ပြည့်နှစ်တွင် ဧရိယာဧကပေါင်း ၆၅၇၈၀ဝ၀ အထိ တိုးတက် ခဲ့ပြီး စပါးဈေးနှုန်းများလည်း ကောင်းမွန်လာခဲ့ကြောင်း၊ ဤသို့ စပါးဈေး ကောင်းမွန်ခြင်းနှင့် စပါးစိုက်ဧက တိုးတက်လာခြင်းတို့ သည် မြန်မာ့ဆန်စပါးလုပ်ငန်းကို ဖွံ့ဖြိုးလာစေကြောင်း၊ ဤဖွံ့ဖြိုး မှု၏ အဓိကအကြောင်းရင်းမှာ ၁၈၆၉ ခုနှစ်တွင် ဖောက်လုပ်ပြီးစီး ခဲ့သော စူးအက်တူးမြောင်းကြောင့်ဖြစ်ကြောင်း၊ ဤ စူးအက်တူး မြောင်းကြောင့် မြန်မာနိုင်ငံမှ အနောက်ဥရောပတိုက်နှင့် အရှေ့ အလယ်ပိုင်းဒေသများသို့ သင်္ဘောဖြင့် ခရီးသွားလာမှု ခရီးမိုင် တိုတောင်းစေပြီး အန္တရာယ်နည်းကာ စရိတ်လည်း သက်သာသဖြင့် အနောက်ဥရောပသို့ မြန်မာ့ဆန်များ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း အောက်ဖော်ပြပါဇယားဖြင့် တင်ပြခဲ့ကြောင်း သိရသည်။
အပိုင်း (၄) တွင် ကိုလိုနီခေတ် မြန်မာ့ဆန်စပါးလုပ်ငန်း၏ အဓိက ဦးဆောင်အဖွဲ့အစည်းများအကြောင်း ဆွေးနွေးရာတွင် ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ အိန္ဒိယအစိုးရသည် ၁၉၁၈ ခုနှစ်တွင် ဆန်အုပ်ချုပ်ရေးအဖွဲ့ (Rice Control Board) ကို တည် ထောင်၍ မြန်မာနိုင်ငံမှဆန်များကို ပြည်ပနိုင်ငံများသို့ တိုက်ရိုက် ရောင်းချခွင့်မပြုဘဲ ဆန်အုပ်ချုပ်ရေးအဖွဲ့ကသာ ရောင်းချရကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့သည် ပြည်တွင်းစပါး ဝယ်ဈေးနှုန်းများကို သတ်မှတ်ပေးကြောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၈၀ ဈေးသတ်မှတ်၍ ယင်းသတ်မှတ် ဈေးဖြင့် စပါးမရောင်းလျှင် ဤကန့်သတ်ဈေးနှုန်းဖြင့် သိမ်းယူနိုင် ကြောင်း၊ ဆန်အုပ်ချုပ်ရေးအဖွဲ့သည် ပြည်ပကုန်ဝယ်သူနှင့် စာချုပ် ချုပ်ဆို၍ ပြည်တွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်ကြီးများထံမှ လိုအပ်သော ဆန်ကို သင်္ဘောအပေါ်အရောက် (Free on Board) စနစ်ဖြင့် တင်ဒါတင်သွင်းစေ၍ ဝယ်ယူစေကြောင်း၊ ၁၉၂၀ ပြည့်နှစ် တွင် အိန္ဒိယနိုင်ငံမှအပ အခြားနိုင်ငံများသို့ ဆန်တန်ချိန် ကိုးသိန်း တင်ပို့ခဲ့ခြင်းအတွက် အမြတ်နှင့် အတိုးရငွေ ကျပ်ကိုးကုဋေခွဲကျော် ရရှိခဲ့ပြီး အိန္ဒိယသို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၃ သိန်းအတွက် မြန်မာအစိုးရက အမြတ်ငွေမရခဲ့သည့်အပြင် ကျပ် ၁၃ ကုဋေ ဆုံးရှုံး နစ်နာခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆန်အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ဆောင် ချက်မှာ မြန်မာနိုင်ငံထက် အိန္ဒိယနိုင်ငံအတွက် အကျိုးရှိစေရေးကို ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရ၍ ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် ဆန်အုပ်ချုပ်ရေးအဖွဲ့ကို ဖျက် သိမ်းခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ အိန္ဒိယအစိုးရက မြန်မာနိုင်ငံ ဆန်အုပ်ချုပ်ရေး အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီးနောက် ၁၉၂၁ ခုနှစ်တွင် ဘူလင်ဂျာပူးလ် (Bullinger-Pool)) အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဘူလင်ဂျာပူးလ်အဖွဲ့ တွင် ဆန်စပါးရောင်းဝယ်ရေးကို ကြီးကျယ်စွာလုပ်ကိုင်သော ကုမ္ပဏီကြီး လေးခုဖြစ်သည့် စတီးဘရားသားကုမ္ပဏီ (Steel Brothers)၊ ဘူးလော့ ဘရားသားကုမ္ပဏီ (Bulloch Brothers) ၊ အယ်လာမန်အာရကန် ဆန်နှင့် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ (Ellerman’s Arncan Rice and Trading Company) နှင့် အင်္ဂလိုဘားမားဆန်ကုမ္ပဏီ (The Anglo Burma Rice Company Limited) တို့ပါဝင်ကြကြောင်း၊ ၎င်း အဖွဲ့က ပြည်ပသို့ နှစ်စဉ်တင်ပို့သည့် ဆန်တန်ချိန် စုစုပေါင်း၏ ၃၅ ရာခိုင် နှုန်းကို တင်ပို့ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
၁၉၂၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ဘူလင်ဂျာပူးလ် အဖွဲ့သည် ၁၉၄၁ ခုနှစ်အထိ မြန်မာ့ဆန်စပါးရောင်းဝယ်ရေး လောက တွင် မင်းမူခြယ်လှယ် လုပ်ကိုင်ခဲ့ပြီး ထိုကာလသည် ကမ္ဘာပေါ်တွင် မြန်မာ့ဆန်စပါးရောင်းဝယ်ရေး ဆန်အများဆုံး တင်ပို့ရောင်းချသော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် မြန်မာလယ်သမားများ မှာ ြွေကးတင်မှုကြောင့် လယ်ယာများကို လယ်မလုပ်သူများထံ အပ်နှံ ရသော အခြေအနေ ဆိုက်ရောက်ခဲ့ကြောင်း၊ ဆန်စပါးဈေး အဆ မတန်ကျဆင်းခဲ့သဖြင့် စားဝတ်နေရေး ကျပ်တည်းလာကြကြောင်း ဆွေးနွေးခဲ့သည်။
၁၉၄၁ ခုနှစ်ခန့်အထိ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန် အများအပြား ဝယ်ယူသောနိုင်ငံဖြစ်ခဲ့ပြီး အာရှတိုက်တွင် စစ်အန္တရာယ် ကြောင့် ဂျပန်အစိုးရပိုင်ပစ္စည်းများ ထိန်းကွပ်မှုပြုရသောအခါ ဂျပန် များ ပျောက်ကွယ်သွားကြပြီး စပါးဆန်ဈေးနှုန်းများလည်း ကျဆင်း လာကြောင်း၊ ဤအခြေအနေများအရ ၁၉၄၁ ခုနှစ် အောက်တိုဘာ တွင် ဆန်အုပ်ချုပ်ရေးအဖွဲ့ (Rice Control Ordinance 1941) ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းအဖွဲ့သည် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံ သို့ ကူးစက်ခါနီးတွင် စတင်အသက်ဝင်ခဲ့သည့်အဖွဲ့ဖြစ်၍ မည်သည့် လုပ်ငန်းကိုမျှ မစတင်ရသေးမီ ဂျပန်များ မြန်မာနိုင်ငံကို တိုက်ခိုက် လာကြသဖြင့် အလိုအလျောက် ရပ်ဆိုင်းသွားခဲ့ကြောင်း ဆွေးနွေးမှု အရ သိရှိရသည်။
၁၉၄၅ ခုနှစ်တွင် ဆန်စပါးစိုက်ပျိုးရေးကို အလျင်အမြန် ပြန်လည်ထူထောင်ရန် ယင်းနှစ် အောက်တိုဘာ ၁၉ ရက်တွင် လယ်ယာစိုက်ပျိုးရေး စီမံကိန်းအဖွဲ့ (The Agricultural Project Board-APB) ကို လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့၏ အဓိက တာဝန်များမှာ မြန်မာနိုင်ငံ၏ ကောက်ပဲသီးနှံကုန်ပစ္စည်းများထုတ် လုပ်ခြင်းကို ကြီးကြပ်ကွပ်ကဲရန်နှင့် ကြိတ်ခွဲခြင်း၊ ပြုပြင်မွမ်းမံခြင်း နှင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲ၍ စီမံခန့်ခွဲရန်ဖြစ် ကြောင်း၊ ယင်းစီမံကိန်းအဖွဲ့သည် ၁၉၄၆ ခုနှစ်တွင် ဆန်တန်ချိန် ၄၁၃၀ဝ၀ ကို ဝယ်ယူရန်အတွက် အဝယ်တော်ကိုယ်စားလှယ် (Agencies) များကို ခန့်ထားခွဲဝေပေးခဲ့ရာ အင်ဂလိုဘားမား ဆန် ကော်ပိုရေးရှင်းလီမိတက် (Anglo- Burma Rice & Trading Ltd) က ၅၀ ရာခိုင်နှုန်း၊ စတီးဘရားသား (Steel Brothers) က ၃၀ ရာခိုင်နှုန်း၊ ဘားမား၊ အင်ဒို၊ သီဟိုဠ် ဆန်ကော်ပိုရေးရှင်းလီမိတက်(Burma Indo Ceylon Rice corporation Ltd) က ၁၀ ရာခိုင်နှုန်း၊ မြန်မာကိုယ်စား လှယ်များလီမိတက် (Burmese Agencies Ltd) က ၇ ရာခိုင်နှုန်း၊ ရခိုင် ပြည်နယ်အဖွဲ့က တိုက်ရိုက်ဝယ်ယူခြင်း ၃ ရာခိုင်နှုန်းသာဖြစ်၍ မြန်မာတိုင်းရင်းသားများက မကျေမနပ်ဖြစ်ကာ သတင်းစာများနှင့် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ဝေဖန်ပြစ်တင်ခဲ့ပြီး အဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ အက်ဒီအိုဒယ် ရာထူးမှ နုတ်ထွက်သွားသဖြင့် လယ် ယာစိုက်ပျိုးရေးစီမံကိန်းအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ရကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းပြန်လည်ဖွဲ့စည်းသောအဖွဲ့သစ်မှ လုပ်ငန်းတာဝန်များ သတ်မှတ်ပြီး ဒေသအလိုက် အဝယ်တော် ကိုယ်စားလှယ်များကို ခန့်ထား၍ ဆန်စပါးဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ကို ခွင့်ပြုခဲ့ကြောင်း၊ ဆန်စပါး အဝယ်တော်ကိုယ်စားလှယ်များ (Paddy Rice Procurement Agencies) သည် အဓိကအားဖြင့် စပါးဝယ်ယူခြင်း၊ စပါးကြိတ်ခွဲခြင်း၊ ဆန်ဝယ်ယူခြင်း၊ ဆန်တင်ပို့ခြင်းများ၊ မိမိတို့တာဝန်ယူရသော ဇုန် နယ်မြေအတွင်း ဆန်စပါးထွက်ရှိမှု အခြေအနေ၊ စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်း၊ ဆန်စပါး ရောင်းဝယ်မှုနှင့်ပတ်သက်၍ အခါအား လျော်စွာ ဖြစ်ပေါ်သော အခြေအနေများနှင့် ကုန်ပစ္စည်းလက်ကျန် ရှင်းတမ်း၊ ငွေစာရင်းရှင်းတမ်းများကို လယ်ယာစိုက်ပျိုးရေး စီမံကိန်း အဖွဲ့သို့ ပေးပို့ရကြောင်း၊ အဝယ်တော် ကိုယ်စားလှယ်များကို လစာ စနစ်ဖြင့်ခန့်ထားခြင်းမဟုတ်ဘဲ လယ်ယာစိုက်ပျိုးရေးစီမံကိန်းအဖွဲ့ က ခွင့်ပြုသတ်မှတ်သည့် ကော်မရှင်နှုန်းထားများအရသာ ခံစားခွင့် ရှိကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် အမိန့်ကြော်ငြာစာဖြင့် မြန်မာ့လယ်ယာ ထွက်ကုန်များ စီမံ ကွပ်ကဲခြင်း၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ကြိတ်ခွဲမွမ်းမံမှုလုပ်ငန်း တို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ကောက်ပဲသီးနှံ ဝယ်ယူ ရေးအဖွဲ့ (State Agricultural Marketing Board)ကို ဖွဲ့စည်းခဲ့ ကြောင်း၊ ယင်းအဖွဲ့သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က ဖွဲ့စည်းခဲ့သည့် လယ်ယာစိုက်ပျိုးရေးစီမံကိန်းအဖွဲ့၏ လုပ်ငန်းတာဝန် များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ၁၉၄၉ ခုနှစ် တွင် ကောက်ပဲသီးနှံရောင်းဝယ်ရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း ခဲ့ပြီး ယင်းကော်မရှင်မှ ကောက်ပဲသီးနှံရောင်းဝယ်ရေးလုပ်ငန်းများကို စုံစမ်းလေ့လာပြီး ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုတိုး တက်ကောင်းမွန်စေရန် နိုင်ငံတော်အစိုးရသည် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနက နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့အား ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ၁၉၅၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
CJ
(ဆက်လက်ဖော်ပြပါမည်။)
(ဦးသန်းအောင်ကျော်မှ စုဆောင်းတင်ပြသည့်စာတမ်း)