Main menu

Background

ခေတ်အလိုက် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခဲ့မှု အခြေအနေနှင့် သင်ခန်းစာများ(၂)

Fri, 11/11/2022 - 14:42 -- journal_editor

(ယခင်တစ်ပတ်မှ အဆက်)

မြန်မာနိုင်ငံတော်အစိုးရသည် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ကို  ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည် စပါးဝယ်ယူရေးလုပ်ငန်း၊ ဆန်စပါး သိုလှောင်ရေးလုပ်ငန်းနှင့် ဆန် ကြိတ်ခွဲရေးလုပ်ငန်းများတွင်  မြန်မာတိုင်းရင်းသားများအနေဖြင့် နိုင်နင်းစွာ လုပ်ကိုင်လာနိုင်စေရန်  လိုအပ်သော အစီအစဉ်များကို ချမှတ်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းအစီအစဉ်များတွင် တိုင်းရင်းသား ဆန်စပါးလုပ်ငန်းရှင်များအား ငွေအရင်းအနှီး ထုတ်ချေးငှားခြင်း များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
လယ်ယာစိုက်ပျိုးရေး စရိတ်အတွက် ဘဏ္ဍာငွေပံ့ပိုးမှု (Agriculture Financing) အပိုင်းဆွေးနွေးမှုတွင် ကိုလိုနီခေတ်က တောင်သူ လယ်သမားများအား လယ်လုပ်စရိတ် ထုတ်ချေးသော ဌာနအမျိုးမျိုး၊ ပုဂ္ဂိုလ်အမျိုးအမျိုး ပေါ်ပေါက်ခဲ့ပြီး ဗြိတိသျှ အစိုးရအနေဖြင့် ၁၈၈၃ ခုနှစ် မြေယာဖွံ့ဖြိုးရေး အမတော်ဥပဒေ (Land Improvement Loans Act 1883)  ၁၈၈၄ ခုနှစ်၊ လယ်ယာစိုက်ပျိုးရေး အမတော်ဥပဒေ (The agriculturist Loans Act 1884)  တို့အရ ငွေချေးငှားမှုများ ရှိခဲ့ ကြောင်း၊ အချို့အရပ်ဒေသများတွင် သမဝါယမအသင်းများက ထုတ် ချေးမှု၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒေါ်ဆင်ဘဏ်က ငွေထုတ်ချေးမှု များရှိခဲ့ကြောင်း၊ အစိုးရအစီအစဉ်ဖြင့်ပေးသော ချေးငွေများဖြင့် မလုံလောက်၍ တောင်သူလယ်သမားများက ပုဂ္ဂလိက  ငွေချေးသူ မြန်မာ၊ တရုတ်နှင့် ကုလားလူမျိုးတို့ထံမှ ငွေချေးငှားမှုများ ရှိခဲ့ ကြောင်း၊ အထူးသဖြင့် မြန်မာလယ်လုပ်စရိတ်ချေးငွေ စုစုပေါင်း၏ ထက်ဝက်ကျော်ကို ချစ်တီးများက ထုတ်ချေးခဲ့ကြောင်း၊ စစ်တွေခရိုင် တွင် ရခိုင်အမျိုးသား အစုစပ်ဘဏ်ပေါင်း ခုနစ်ခုကလည်း ငွေများ ချေးငှားခဲ့ကြောင်း ဆွေးနွေးမှုများအရ သိရသည်။
လယ်ယာမြေဖွံ့ဖြိုးရေး အမတော်ဥပဒေအရ ချေးငွေထုတ် ပေးခဲ့ခြင်းမှာ ရေလွှမ်းမိုးသော ဒေသများတွင် ဆည်ဖို့ခြင်း၊ ရေနုတ် မြောင်းတူးခြင်း စသည့် လယ်ယာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဖြစ်ပြီး နှစ်ရှည်ချေးငွေဖြစ်၍ ချေးငွေကာလမှာ ၃၅ နှစ်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ ပေးရသည့် အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း ၁၉၂၆ ခုနှစ်အထိတိုင်အောင် ၆ ဒသမ ၂၅ ရာခိုင်နှုန်းသာ ပေးရကြောင်း သိရသည်။
စိုက်ပျိုးရေးအမတော်ချေးငွေကို  ဥပဒေနှင့်အညီ လယ်ယာမြေပိုင်ဆိုင်သူများအပြင် လယ်ယာလုပ်ကိုင်သူများအနေဖြင့် လိုအပ်သည့် မျိုးစပါးနှင့် ကျွဲ၊ နွားများဝယ်ယူရန် အခြားစိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက် ချေးငှား နိုင်ကြောင်း၊ အတိုးနှုန်း သက်သာ၍ ချေးငွေကို နှစ်နှစ်၊  သုံးနှစ်အတွင်း အတိုးနှင့်တကွ အရစ်ကျ ပြန် ဆပ်ခွင့်ရှိကြောင်း၊ ကိုလိုနီခေတ် တောင်သူလယ်သမားများအတွက်  အစိုးရက ထုတ်ချေးသော အမတော်ကြေးများသည် အခြား ပုဂ္ဂလိကမှ ချေးငွေများထက် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းခန့် သက်သာမှုရှိသော်လည်း အမတော်ကြေး  ဥပဒေအရ လုပ်ထုံးလုပ်နည်း  များပြားခြင်း၊ တင်းကြပ်လွန်းခြင်းတို့ကြောင့်  ငွေချေးငှားရန်   အချိန်ကြာခြင်း၊ အစိုးရ အမတော်ကြေး ရယူထားသူများကို ပုဂ္ဂလိက ငွေချေးသူများက ထပ်မံငွေချေးခြင်း မပြုကြသောကြောင့် လယ်သမားများအနေဖြင့် အစိုးရထံမှလည်း လုံလောက်စွာမရသည့်အပြင် အခြားမှလည်းထပ်မံ ချေး၍ မရသည့်အတွက် အခက်အခဲများစွာ ဖြင့် ရင်ဆိုင်ခဲ့ရကြောင်း လည်း သိရှိရသည်။
အင်္ဂလိပ်အစိုးရ၏  မူဝါဒအရ လယ်ယာမြေများကို တိုးချဲ့ လုပ်ကိုင်ရန် ထုတ်လုပ်မှု မြှင့်တင်ခဲ့သဖြင့် လယ်လုပ်သူများ တိုးတက် များပြား လာခဲ့သော်လည်း လယ်စိုက်ပျိုးစရိတ် လိုအပ်သလောက်ကို အစိုးရကသော်လည်းကောင်း၊ မြန်မာငွေရှင် ကြေးရှင်များကသော် လည်းကောင်း  လုံလောက်အောင်  ချေးငှားနိုင်ခြင်း  မရှိခဲ့သဖြင့် အိန္ဒိယပိုင် မဒရပ်ပြည်နယ်မှ ချစ်တီးလူမျိုးများက ငွေတိုးချေးလုပ်ငန်း ကို အဓိကထားလုပ်ကိုင်လာကြကြောင်း၊ ၁၈၅၂ ခုနှစ်တွင် ရန်ကုန်သို့  ရောက်ရှိလာကြကာ ငွေချေးလုပ်ငန်း စတင်လုပ်ကိုင်လာကြကြောင်း၊ ၁၈၉၀ ပြည့်နှစ်မှ ၁၈၉၄ ခုနှစ်အတွင်း မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့များတွင် ချစ်တီးချေးငွေဆိုင်များ အသီးသီး  ဖွင့်လှစ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအနှံ့ လုပ်ငန်းခွဲပေါင်းများစွာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်တီးငွေချေးအသင်းများအနက် နုတ္တူကောတိုင်း (Nattunautai)အသင်းသည် အကြီးဆုံးဖြစ်ပြီး ချေးငွေဌာနပေါင်း ၁၃၀ဝ နီးပါး ဖွင့်လှစ်ခဲ့ကြောင်း၊ ချစ်တီးနှင့် တမီးလ်လူမျိုးများ အပါအဝင် ငွေချေး လုပ်ငန်းများသည် ရန်ကုန်မြို့ အောက်မြန်မာပြည်၊ အထက်မြန်မာ ပြည် ရှမ်းပြည်နယ်အပါအဝင် ၂၁၇ မြို့တွင် ချေးငွေလုပ်ငန်းလုပ် ဆောင်ခဲ့ကြောင်း၊ အဆိုပါ ချေးငွေလုပ်ငန်းများမှာ ၁၉၃၀ ပြည့်နှစ် တွင် ထုတ်ချေးထားသော ငွေပမာဏမှာ ကျပ် ၇၅ ကုဋေခန့်ရှိနိုင်ပြီး ၁၉၄၀ တွင် စုစုပေါင်းထုတ်ချေးငွေ ကျပ်ကုဋေ ၈၀ မှ ၁၀ဝ ကျော် နီးပါးအထိရှိခဲ့ကြောင်း ဆွေးနွေးမှုများအရ သိရသည်။
၁၉၄၅ ခုနှစ်  အောက်တိုဘာ ၁၆ ရက်တွင် စစ်အုပ်ချုပ်ရေး အစိုးရက မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို မြန်မာနိုင်ငံအစိုးရ (Govern- ment of Burma)  ကို လွှဲပြောင်းပေးခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေး စီမံကိန်းအဖွဲ့ (The Agricultural Project Board -APB) ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း APB အဖွဲ့က ပြည်ပသို့ ဆန်တင်ပို့ရောင်းချ  မှုနှင့်ပတ်သက်၍ သုံးသပ်ခဲ့ရာ အားနည်းချက်များ တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် APB အဖွဲ့သည် ၁၉၄၇ ခုနှစ် အတွင်း မြန်မာနိုင်ငံ တင်ပို့ ရောင်းချသည့် ဆန်များ၏ အဆင့်အတန်းအား စစ်မဖြစ်ခင်ကာလက တင်ပို့ခဲ့သော ဆန်များ၏ အဆင့်အတန်းအတိုင်း အမြန်ဆုံးရောက်ရှိ အောင် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဆန်အကဲဖြတ်အဖွဲ့ (Panels of Surveyors)  အဖွဲ့များကို ဆန် အဓိကတင်ပို့သည့် ရန်ကုန် ဆိပ်ကမ်း၊ ပုသိမ်ဆိပ်ကမ်း၊ မော်လမြိုင်ဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်း များအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ယာစိုက်ပျိုးရေး စီမံကိန်းအဖွဲ့ APB သည် ဆန်အမျိုး အစားအလိုက် အရည်အသွေး သတ်မှတ်ချက် (Specification)  နှင့် အရည်အသွေးမမီပါက  ဖြတ်တောက်နှုန်းများကို သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဧပြီ ၂ ရက်တွင် ဆန်အမျိုးအစားအားလုံးအပေါ် ဖြတ် တောက်နှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဆန်များ ပြည်ပတင်ပို့ရာတွင် ဆန်စပါး ကျွမ်းကျင်သည့် နိုင်ငံခြားသားပိုင်နှင့် မြန်မာပိုင်  ဆန်စပါးကုမ္ပဏီများအား အဝယ် တော်များအဖြစ်  ခန့်ထားခြင်း၊  ဆန်အမျိုးအစားအလိုက် အရည် အချင်း သတ်မှတ်ချက်များ၊ ဖြတ်တောက်နှုန်းထားများကို မည်မျှပင် ကြိုးစား၍ ပြုလုပ်စေခဲ့သော်လည်း၊ လယ်ယာစိုက်ပျိုးရေးစီမံကိန်းအဖွဲ့သည် ပြသာနာများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ၎င်းပြဿနာများမှာ အိန္ဒိယ၊ မလေးရှား၊ သီဟိုဠ်၊နယ်သာလန် အစရှိသော  နိုင်ငံများက ၎င်းတို့နိုင်ငံသို့ တင်ပို့သောဆန်များ၏ အရေအတွက် လျော့နည်းခြင်း ကိစ္စ၊ ဆန်များကို  သင်္ဘောတင်ရာတွင် ချိန်တွယ်ခြင်းမပြုဘဲ မူလ ကြိတ်ခွဲစဉ်က ချိန်တွယ်ခဲ့ပြီးသော ပေါင် ၁၆၀ ကို အခြေခံသော စနစ် ဖြင့် ရေတွက်ခြင်း ပြုလုပ်သဖြင့် ဆန်တစ်အိတ်ပျမ်းမျှ ပေါင်၂၀ မှ၃၀ အတွင်း လျော့နည်းကြောင်း သင်္ဘောကုမ္ပဏီများက တွေ့ရှိခြင်း၊ သင်္ဘောလိုင်း ကိုယ်စားလှယ်များက Bill of Lading (Bl) ထုတ်ပေးရ မည့်ကိစ္စတွင် APB အဖွဲ့၏ Letter of Guarantee ထုတ်ပေးမှသာ ၎င်းတို့၏ BL  ထုတ်ပေးမည်ဟု ပြောဆိုခြင်းများ အစရှိသည့် ပြဿနာ များ ဖြစ်ကြောင်းသိရသည်။ APB သည် မြန်မာ့ဆန်အရည်အသွေးကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကသာ  သတ်မှတ်ပိုင်ခွင့်နှင့် အရည်အသွေး အငြင်းပွားမှု ဖြစ်ပေါ်ပါကလည်း မြန်မာနိုင်ငံက သတ်မှတ် ပြဋ္ဌာန်းထားသည့်အတိုင်း ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့် ရရှိ ရေးကို ကြိုးပမ်းခဲ့သည့် အခြေအနေဖြစ်ကြောင်း သိရသည်။

CJ (ဆက်လက်ဖော်ပြပါမည်။)
(ဦးသန်းအောင်ကျော်မှ စုဆောင်းတင်ပြသည့်စာတမ်း)