Main menu

Background

အကျိုးအမြတ်ကောင်းလျက်ရှိသည့် ကြက်သွန်နီ(၂)

Fri, 11/11/2022 - 16:00 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
အကြံပြုတင်ပြချက်များ
ကြက်သွန်နီကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ပိုမိုတင်ပို့နိုင်ရေး နှင့် နိုင်ငံခြားဝင်ငွေ   တိုးတက်ရရှိရေးအတွက်  အောက်ပါအတိုင်း အကြံပြုလိုပါသည်-
တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ နယ်စပ်ကုန်သွယ်မှု အနေဖြင့်ရောင်းချရာတွင် အရွယ်အစားGrade ငါးမျိုးခွဲခြား၍ထားကြပြီး ၂၊၃၊၄ ဆိုက်များကို အဓိကရောင်းဝယ် Export လုပ်ကြသည်ဟု သိရှိရသည်။ ကုန်သည်များက နယ်စပ်မှ တင်ပို့ရန် ဆောင်ရွက်ရာတွင် အရွယ်ခွဲခြားပြီး တင်ပို့သော်လည်း တောင်သူများထံမှ ပွဲစားကုန်သည်များက ဝယ်ယူရာတွင် ရောရာ(ဂျွန်)ကိုသာ ဈေးဖြတ်ဝယ်ယူကြသည့်အပြင် ပွဲခများ၊ အချို့ပွဲရုံများမှ အလုပ်သမားခများ၊ ခေါက်တိုကြေးများကိုပါ ရယူတတ်ကြသဖြင့် တောင်သူများသည် ဈေးရရှိမှုပိုမိုနည်းပါးတတ်ကြသည်။ ထို့ကြောင့် တောင်သူများသည် ကိုယ်တိုင်ရွေး ချယ်ပြီး ဂရိတ်ခွဲခြားရောင်းချခြင်းမျိုးကိုလည်း ဆောင်ရွက်သင့် သည်။အစိုးရ ဌာနများကလည်း  အသိပညာပေးခြင်းများ ဆောင်ရွက်ပေးသင့်သည်။
ထို့ပြင်  ကုန်စည်ဒိုင်များအနေဖြင့် နေ့စဉ် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများမှ  ပေါက်ဈေးနှုန်းများ၊  နယ်စပ်ဒေသများမှ ပေါက်ဈေးနှုန်းများ၊ အခြားနိုင်ငံများမှ ပေါက်ဈေးနှုန်းများနှင့် ကြက်သွန်နီနှင့်ဆိုင်သော သတင်းအချက် အလက်များ၊ ရာသီဥတုအခြေအနေ၊ သယ်ယူပို့ဆောင်မှုအခြေအနေ စသည့် သတင်းများကိုလည်း တောင်သူများအထိ သိရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး မီဒီယာအသီးသီးမှလည်းကောင်း၊ ကုန်စည်ဒိုင်မှ တိုက်ရိုက်သော်လည်းကောင်း  ဖြန့်ဝေပေးသင့် သည်။ သို့မှသာ တောင်သူများအနေဖြင့်    မည်သည့်ဈေးနှင့် ရောင်းချသင့်သည်၊မည်သည့်အချိန်တွင် စိုက်ပျိုးခြင်း၊ မည်သည့် ကြက်သွန် မျိုးကိုစိုက်ပျိုးခြင်းတို့ဖြင့် ဈေးကွက်တွင် ဈေးကောင်း ရရှိနိုင်သည်ကို စဉ်းစားဆောင်ရွက်နိုင်မည်ဖြစ်သည်။
တောင်သူများသည် စိုက်စရိတ်ကြီးမြင့်သဖြင့် ကိုယ်ပိုင်ငွေကြေး အင်အားဖြင့် စိုက်ပျိုးရန် အခက်အခဲများစွာရှိသဖြင့် ပွဲစားကုန်သည်လုပ်ငန်းရှင်များထံမှ စိုက်စရိတ် ကြိုတင်ငွေများကိုချေးငှားခြင်း၍ အရင်းအနှီးရယူခြင်းနှင့်  မြေသြဇာ ၊ ပိုးသတ်ဆေးများကို အြွေကးစနစ်ဖြင့် ရယူခြင်းများရှိသဖြင့် ကြက်သွန်နီ ထွက်ပေါ် သည်နှင့်တစ်ပြိုင်နက် ပွဲစားကုန်သည်က ပေးသည့်ဈေးဖြင့် ရောင်းချပြီး အကြွေးဆပ်ရသဖြင့် အကျိုးအမြတ်ကောင်းစွာ ခံစားရမှု နည်းပါးခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ကြက်သွန်နီ စိုက်တောင်သူများအတွက် လုံလောက်သော  အရင်းအနှီးကို သက်ဆိုင်ရာအစိုးရဌာနတစ်ခုခုမှဖြစ်စေ၊   အသင်း(သို့မဟုတ်) ကုမ္ပဏီကြီးများမှဖြစ်စေ အထောက်အကူပြု ငွေချေး လုပ်ငန်းမျိုးကို ဆောင်ရွက်ပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ သို့ရာတွင် ဆောင်းကြက်သွန်နီစိုက် တောင်သူအများစုသည် တောင်သာမြို့နယ်မှ တောင်သူများကဲ့သို့ပင်  ဆင်တဲဝချောင်းကဲ့သို့ ချောင်းမြေတွင် စိုက်ပျိုးသဖြင့် ပုံစံ-၇ မရှိသဖြင့် အခြားနည်းလမ်းဖြင့် ချေးငှားနိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
ပြည်တွင်းတွင် သယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့ရေးနှင့် ပြည်တွင်းရောင်းဝယ်သိုလှောင်မှုများကောင်းမွန်ရေးကို စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးခြင်း၊ နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနမှ ကူညီပေးခြင်းနှင့်စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်၍ ဈေးကွက် ကျယ်ပြန့်အောင်ဆောင်ရွက်ပေးခြင်းနှင့် ဈေးကွက်သစ်များရရှိ ရန် ချိတ်ဆက်ပေးရေးတို့ကိုမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ က ကူညီ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။  ရေရှည်တွင် ကြက်သွန်နီကဲ့သို့ စင်တင်ကာလ တိုတောင်းသည့် သီးနှံမျိုးအတွက် ခေတ်မီသိုလှောင်နိုင်သည့်  နည်းစနစ်များ၊  မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးနှင့် အထွက် ကောင်းသည့် နည်းပညာပေးခြင်းများကို သတ်သတ်မှတ်မှတ် ဆောင်ရွက်ပေးသင့်ပြီး ဈေးကွက်တည်ငြိမ်ရေးအတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ ရရှိရေးတို့ကိုလည်း အစိုးရက  အားပေးကူညီဆောင်ရွက်သွားသင့်သည်။
အထွေထွေ
ကြက်သွန်နီသည် မြန်မာ့ရေမြေ၊ မြန်မာ့မျိုးများနှင့်ပင် ကောင်းစွာအဆင်ပြေနေသည့်အပြင် ပြည်တွင်းဈေးကွက်ထက်ပင် ကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နေသဖြင့် ယခုထက် ပိုမိုစိုက်ပျိုးနိုင်စေရန် ကူညီဆောင်ရွက်ပေးပြီး   ပိုမိုတိုးတက်တင်ပို့လာနိုင်မည်ဆိုပါက တောင်သူ၊   ကုန်သည်နှင့်   နိုင်ငံအတွက်ပါ  အကျိုးရှိမည့်၊ ပွင့်လန်းလာမည့် ပန်းတစ်ပွင့်ကဲ့သို့ ကြက်သွန်နီကို အားပေးချီးမြှင့်သင့်ပါကြောင်း တင်ပြအပ်ပါသည်။
မျိုးသူ(ကုန်သွယ်မြှင့်)