ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries) ရင်ဆိုင်ရလေ့ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သို့မဟုတ် ပြည်ပကုန်သွယ်ရေး အခက်အခဲ ၁၀ မျိုးမှာ အောက်ပါအတိုင်း ဖြစ် သည်။
အခြေခံထုတ်ကုန်တင်ပို့ခြင်း
စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် ယင်းတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဆင့် အစပိုင်းတွင် အခြေခံထုတ်ကုန်များ (Primary products) ကိုသာ တင်ပို့လေ့ရှိသည်။ ထို့ကြောင့် ပြည်ပဈေးကွက်တွင် အဆိုပါ ထုတ်ကုန်များ အတွက် ဈေးကောင်းမရဘဲ ဈေးနှုန်းနိမ့်ကျ သည်ကို တွေ့ရှိရသည်။ ပို့ကုန်အမျိုးအမယ် နည်းပါးခြင်းက ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ပို့ကုန်ရငွေ (Export earnings) မြှင့်တင်ရန် အခက် အခဲဖြစ်စေသည်။
ကုန်ဖလှယ်မှုအချိုး အခွင့်မသာခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်ရသော နောက်ထပ် ကုန်သွယ်ရေး အခက်အခဲ သို့မဟုတ် ပြဿနာတစ်ခုမှာ အခွင့်မသာသော ကုန်ဖလှယ် မှုအချိုး (Unfavourable terms of trade) ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သင့်တင့်သော အခြေခံ အဆောက်အအုံနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ရေးအစီအစဉ်များ မရှိပေ။ ထို့ကြောင့် အဆိုပါ တိုင်းပြည်များ၏ ကုန်ဖလှယ်မှုအချိုးသည် တဖြည်း ဖြည်း ပိုမိုဆိုးရွားလာသည်။ နောက်ဆုံးတွင် နိုင်ငံ အတွက် ရသင့်ရ ထိုက်သော ကောင်းကျိုးများကိုပါ ဆုံးရှုံးစေသည်။ ကုန်ဖလှယ်မှုအချိုး ဆိုသည်မှာ ပို့ကုန်ဈေးနှုန်း အညွှန်းကိန်း (Export price index) နှင့် သွင်းကုန်ဈေးနှုန်းအညွှန်းကိန်း(Import price index) တို့၏ အချိုး ဖြစ် သည်။ ပို့ကုန်ဈေးနှုန်းများက သွင်းကုန်ဈေးနှုန်းများထက် ပိုမိုမြင့် တက်နေမည်ဆိုပါက အဆိုပါနိုင်ငံသည် အခွင့်သာသော သို့မဟုတ် ကောင်းမွန်သော ကုန်ဖလှယ်မှုအချိုးကို ရင်ဆိုင်ရပါမည်။
စက်နှင့်စက်ပစ္စည်း များပြားစွာတင်သွင်းခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများသည် တိုးတက်နေသော ပြည်တွင်းထုတ်လုပ် မှုတွင် အသုံးပြုရန် စက်နှင့် စက်ကိရိယာပစ္စည်း အမြောက်အမြားကို နိုင်ငံခြားမှ ဝယ်ယူတင်သွင်းနေရသည်။ ဤကဲ့သို့ ပြည်တွင်းစက်မှု လုပ်ငန်းအမျိုးမျိုး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ပမှ တင်သွင်း နေရသော စက်နှင့် စက်ပစ္စည်းပမာဏမှာ နှစ်စဉ်တိုးတက်နေသည်။ ထို့ပြင် အဆိုပါစက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကြားခံကုန် စည် (Intermediate goods) နှင့် ကုန်ကြမ်း(Raw materials) များစွာ ကိုလည်း ပြည်ပမှ အမြောက်အမြား ဝယ်ယူနေရသည်။ ထိုကဲ့သို့ သွင်းကုန်ပမာဏ မြင့်တက်ခြင်းက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကို ထိရောက်စွာ စီမံခန့်ခွဲရေးအတွက် ကြီးမားသော ပြဿနာ/အခက် အခဲ ဖြစ်စေသည်။
သွင်းကုန်ပိုမိုတင်သွင်းခြင်း
သွင်းကုန်ပိုမိုတင်သွင်းခြင်း(Higher import intensity)ဆို သည်မှာ သွင်းကုန်နှင့် ပို့ကုန်အချိုးတွင် သွင်းကုန်က ပို့ကုန်ထက် ပိုမိုများပြားနေခြင်းကိုဆိုလိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သွင်းကုန်ပိုမို အသုံးပြုရသော စက်မှု ထူထောင်ရေးအစီအစဉ်(Industrialization process) ကို အကောင်အထည်ဖော်လေ့ရှိသည်။ ထိုအစီအစဉ်အရ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းကုန်များစွာကို ပြည်ပ မှ ဝယ်ယူတင်သွင်းရစေသည်။ အထူးသဖြင့် အဆင့်မြင့်စားသုံးမှု လိုအပ်ချက် f (Elitist consumption requirements) ကို ဖြည့်ဆည်းရန် အတွက် တင်သွင်းရခြင်းဖြစ်သည်။ အဆင့်မြင့်စားသုံးမှု လိုအပ်ချက် များအဖြစ် ရောင်စုံရုပ်မြင်သံကြားစက်၊ ဗီဒီယိုကတ်ဆက်၊ အသံ ဖမ်းစက် (VCR) ရေခဲသေတ္တာ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော် ကား စသည်တို့ကိုတွေ့မြင်နိုင်သည်။ အဆိုပါ စားသုံးမှု လိုအပ်ချက် မြင့်တက်ခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သွင်းကုန်ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေသည်။ ဆက်လက်၍ နိုင်ငံ၏ ပြည်ပငွေပေးငွေယူ ရှင်းတမ်း လက်ကျန် (Balance of payment) ကို ပိုမို ဆိုးရွားစေသည်။
ပြည်ပငွေပေးငွေယူရှင်းတမ်း လက်ကျန်အကျပ်အတည်း
စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများသည် ပို့ကုန်တိုးတက်မှု နှေးကွေး ပြီး သွင်းကုန်မြင့်တက်သော ပြဿနာကို ရင်ဆိုင်နေရသည်။ ထို အချက်က ပြည်ပငွေပေးငွေယူ ရှင်းတမ်းလက်ကျန်၏ လိုငွေပြမှုကို ကြီးထွားစေသည်။ အချို့နိုင်ငံများ၌ အဆိုပါ လိုငွေပြမှုအချိန်ကြာ ညောင်းပြီး နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို အလွန် အမင်း အကျပ်အတည်းဖြစ်စေသည်။
ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံအချင်းချင်းကြားတွင် ရှိသော ကောင်းမွန်သည့် ညှိနှိုင်းဆောင်ရွက်မှု (Good co-ordination) ကို ရေရှည်ထိန်းသိမ်းမထားနိုင်ကြပေ။ ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်းကြား တွင် စီးပွားရေးအုပ်စုဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ခြင်း၊ သမဂ္ဂထူထောင်ခြင်း စသည်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်သည်။ သို့သော်လည်း အဆိုပါ ညှိနှိုင်းဆောင်ရွက်မှု အားနည်း သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပြည်ပကုန်သွယ်ရေး၏ အသီးအပွင့်များကို ရယူခံစားနိုင်မှုမရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖော်ပြပါအတိုင်း စီးပွားရေးအုပ်စု ဖွဲ့စည်း ခြင်းမှတစ်ဆင့် ပြည်ပကုန်သွယ်ရေး၏ ကောင်းကျိုးများကို ရယူ ခံစားသင့်သည်။
နိုင်ငံခြားငွေကြေးနှင့် သွင်းကုန်ဖူလုံမှု လျော့နည်းလာခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်းနှင့် ပြည်ပငွေပေးငွေယူလက်ကျန် ဆက်တိုက် အခက်အခဲ ဖြစ်ပေါ်နေ ခြင်းတို့ကြောင့် နိုင်ငံခြားအရန်ငွေကြေး (Foreign exchange reser ves)လျော့နည်းလာသည့် ပြဿနာကို ရင်ဆိုင်ရလေ့ရှိသည်။ ထိုကဲ့ သို့သော နိုင်ငံခြားငွေကြေး နည်းပါးလာခြင်းက နိုင်ငံအတွက် သွင်း ကုန်ဖူလုံမှု (Import Cover) ကို တိုတောင်းစေနိုင်သည်။ သွင်းကုန် ဖူလုံမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးဖြင့် သွင်းကုန်တင်သွင်းနိုင်သော လအရေအတွက်ဖြစ်သည်။ သွင်းကုန် ဖူလုံမှုကာလသည် အနည်းဆုံး ရှစ်လမှ ၁၀ လထိ ရှိရပါမည်။ သို့မှ သာ သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးတည်ငြိမ်မှုရှိပါမည်။ သွင်းကုန် ဖူလုံမှုသည် ငွေကြေး တည်ငြိမ်မှု အတွက် အရေးကြီးသော အညွှန်း ကိန်းတစ်ခုဖြစ်သည်။
ငွေကြေးတန်ဖိုး သိသိသာသာကျဆင်းခြင်း
အခြားနိုင်ငံ၏ ငွေကြေး အထူးသဖြင့် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးဆဲနိုင်ငံ၏ ငွေကြေးတန်ဖိုး သိသိသာသာကျဆင်း ခြင်းက သွင်းကုန်တန်ဖိုးကို အလွန်အမင်းမြင့်မားစေသည်။ ဆက် လက်၍ ထိုအချက်ကနိုင်ငံ၏ ကုန်သွယ်မှုလက်ကျန် (Balance of trade) ၌ ကြီးမားသောလိုငွေပြမှုကို ဖြစ်စေသည်။
ဈေးနှုန်းမြင့်တက်ခြင်း
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပြည်ပ ငွေပေးငွေယူရှင်းတမ်း လက်ကျန်၌ သာမန်စာရင်းလိုငွေပြမှု (Current account deficit) နှင့် ရင်ဆိုင်နေကြရသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရခြင်း ၏ တစ်စိတ်တစ်ပိုင်းမှာ ဓာတ်ဆီ၊ ရေနံနှင့် စက်ဆီချောဆီတို့၏ သွင်း ကုန်ဈေးနှုန်းများ (Prices of POL imports) ပိုမို မြင့်တက်လာခြင်း ကြောင့်ဖြစ်သည်။ အဆိုပါ ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ ရေနံ ထုတ်လုပ်သော နိုင်ငံများက ဈေးနှုန်းမြှင့်တင် ရောင်းချသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ယင်းနိုင်ငံများသည် ပင်လယ်ကွေ့စစ်ပွဲ (Gulf War) မှစတင်ပြီး ရေနံဈေးနှုန်းကို မြှင့်တင်ရောင်းချခဲ့ကြသည်။
နိုင်ငံတကာငွေဖြစ်လွယ်မှုပြဿနာ
ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် နိုင်ငံတကာငွေဖြစ်လွယ်မှုပြဿနာ (International liquidity problem) ကို ရင်ဆိုင်ကြုံတွေ့ကြရသည်။ ထို့ကြောင့် အဆိုပါနိုင်ငံများသည် အရင်းအနှီးနှင့်နည်းပညာ မလုံ လောက်မှုကို ကာလရှည်ကြာ ကြုံတွေ့ခံစားနေရသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ယင်းတို့၏ ရှားပါးသော အရင်းအမြစ်များ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ (Developed Countries)အပေါ် အလွန်အမင်း မှီခိုအားထားနေရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကာလတို ငွေပေးငွေယူ ရှင်းတမ်း လက်ကျန်အခက်အခဲကို ဖြေရှင်းရန် ငွေကြေးအရင်းအနှီး လိုအပ်ပါ သည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု(Economic Growth) အတွက် ကာလရှည်အရင်းအနှီးလိုအပ်ချက်များကိုလည်း ဖြည့်ဆည်း နေရသည်။ ထို့ကြောင့် ယင်းနိုင်ငံများသည် ပြည်ပကုန်သွယ် ရေးနှင့် ဆက်နွှယ်နေသော အခက်အခဲများစွာကို ရင်ဆိုင်နေရသည်။ ထိုအခက် အခဲများကို ဖြေရှင်းရန်အတွက်ဖွံ့ဖြိုးဆဲနိုင်ငံများသည် နည်းလမ်း မျိုးစုံ အသုံးပြု၍ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Source: yourarticlelibrary.com;data.oecd.org
သိန်းမြင့်ဝေ