Main menu

Background

အရည်အသွေးနှင့် တန်ဖိုး မျှတစေရေး

Thu, 12/08/2022 - 13:57 -- journal_editor

လူတိုင်းသည် တန်ဖိုးရှိချင်ကြပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကိုသာ အလေးထားတတ်ကြပါသည်။  စားဝတ်နေရေးတွင်လည်း တန်ဖိုးကြီးကြီးကိုသာ သုံးစွဲလိုကြပါသည်။ အမှန်မှာမူ တန်ဖိုးရှိရန်အတွက် အရည်အသွေးရှိရန် အဓိကလိုအပ်ပါသည်။ အရည်အသွေးရှိလျှင် တန်ဖိုးတက်လာသည်ပင် ဖြစ်ပါသည်။ ကုန်ပစ္စည်းဖြစ်စေ၊ ဝန်ဆောင်မှုဖြစ်စေ တန်ဖိုးရှိရန်လိုအပ်ပါသည်။ အရည်အသွေးဖြင့်သာ တန်ဖိုးကို ဆုံးဖြတ်တတ်ကြပါသည်။ အရည်အသွေးကောင်းလေ၊ တန်ဖိုးရှိလေဖြစ်ပါသည်။  မည်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုမဆို အရည်အသွေးများ ခွဲထားသကဲ့သို့ အဆိုပါ အရည်အသွေးများဖြင့်ပင် တန်ဖိုးကို ခွဲခြားတတ်ကြပါသည်။ ထို့ကြောင့် အရည်အသွေးရှိမှ တန်ဖိုးရှိပါသည်။ သို့ရာတွင်  ဖြစ်တတ်သည့်သဘာဝတစ်ခုမှာ အရည်အသွေးနှင့် တူညီသည့် တန်ဖိုးမရတတ်ခြင်းဖြစ်ပါသည်။ အရောင်းအဝယ်များတွင် မိမိကုန်ပစ္စည်း ရောင်းထွက်ရေး၊ များများ ရောင်းရရေးအတွက် ဈေးလျှော့ရောင်းချတတ်ခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ အရည်အသွေးအရ ဖြစ်သင့်သည့်တန်ဖိုးထက် ဈေးလျှော့ရောင်းချသည့်အခါတွင် လေလွင့်ဆုံးရှုံးမှုများကဲ့သို့ပင် ကြီးမားသောဆုံးရှုံးမှုများ ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် အရည်အသွေးနှင့် လိုက်လျောညီထွေသည့် တန်ဖိုးတစ်ခုရရှိရန်လည်း လိုအပ်လှပါသည်။ 
မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန် ကိုးအုပ်စုရှိပါသည်။ ဆန်အုပ်စု၊  စားသုံးဆီအုပ်စု၊  ဆား၊ ပဲမျိုးစုံ၊ ငရုတ်၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် နနွင်းမှုန့်၊ အသားမျိုးစုံ၊ ငါးမျိုးစုံ၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြသည်။ ထိုအထဲတွင် ဆန်သည် အဓိကအကျဆုံးဖြစ်သဖြင့် ဆန်နှင့်ပတ်သက်သော အရည်အသွေးပိုင်းဆိုင်ရာများကို အဓိက ဆွေးနွေးလိုပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၏ နိုင်ငံပေါင်း ၁၃၄နိုင်ငံမှ လူတစ်ဦးချင်း စားသုံးနှုန်းကို ကြည့်လျှင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၆၈ ကီလိုဂရမ် စားသုံးပြီး အများဆုံးဖြစ်သည်ကို တွေ့ရသည်။ ထို့နောက်တွင် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိသည်။ အနည်းဆုံး စားသုံးသည့်နိုင်ငံမှာ ဆားဘီးယားနိုင်ငံဖြစ်ပြီး သုည ဒသမ ၉၉၇ ကီလိုဂရမ်ရှိပါသည်။ တူနီးရှားနိုင်ငံမှာ ၁ဒသမ၂၂ ကီလိုဂရမ်နှင့် ပိုလန်နိုင်ငံမှာ ၁ ဒသမ ၆၁ ကီလိုဂရမ်တို့သည် စားသုံးမှု အနည်းဆုံးဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင်မူ ကောက်ခံထားသောစစ်တမ်းအရ လူတစ်ဦး တစ်နှစ်လျှင် ၁၅၅ ကီလိုဂရမ်ခန့် စားသုံးသည်ဟု သိရပါသည်။ ၁၅၅ ကီလိုဂရမ် သည် တန်ချိန် သုည ဒသမ ၁၅၅ တန်ဖြစ်သဖြင့် လူဦးရေ ၅၄ သန်းအတွက် ဆိုလျှင် ဆန်တန်ချိန် ၈ ဒသမ ၃၇ သန်းလိုအပ်မည်ဖြစ်ပါသည်။ ပြည်တွင်းတွင် နွေမိုးစပါး စိုက်ဧကမှာ တစ်နှစ်လျှင် ၁၇ သန်းကျော်ရှိသဖြင့် ပျမ်းမျှအထွက်နှုန်း ၇၀-၇၅ တင်းကျော်ဖြင့်ဆိုပါက တင်းသန်း ပေါင်း ၁၃၀ဝ ခန့်(ဆန်တန် ၁၃ သန်းခန့်)ထွက်ရှိပါသည်။ မျိုး၊ ဝမ်းစာ၊ အလေအလွင့်နှင့် လမ်းပန်းဆက်သွယ်ရေးအရ ပြည်ပတင်ပို့နိုင်ခြင်း မရှိသည့်ဆန်များကို ဖယ်ကြည့်ပါက ဆန်ပိုလျှံမှုမှာ တန်ချိန် နှစ်သန်း၊ သုံးသန်းခန့်ရှိသဖြင့် ပိုလျှံသည်မှ တန်ချိန် နှစ်သန်းခန့်ကို နှစ်စဉ် ပြည်ပတင်ပို့လျက်ရှိသည်။ ထိုအရေအတွက်ထက် ပိုမိုတင်ပို့နိုင်ရေးမှာ Supply Chain တစ်ခုလုံးဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်ပါသည်။ အရေအတွက်အားဖြင့် တိုးချဲ့တင်ပို့ရန် ဆောင်ရွက်နေသည်နှင့်အတူ ကျွဲကူးရေပါဆိုသကဲ့သို့  တစ်ပါတည်း  ပါဝင်လာရမည့်အရာမှာ အရည်အသွေးပိုင်း တိုးတက်လာရေး ဖြစ်ပါသည်။ ထို့ပြင် အရည်အသွေး တိုးတက်ထုတ်လုပ်ပြီး ရောင်းချသည့်အခါတွင်လည်း အရည်အသွေးနှင့်အညီ တန်ဖိုးမှန်ကန်စွာရရှိရန်  လိုအပ်သည်။ အရည်အသွေးပိုပေးရေးထက် တန်ဖိုးသတ်မှတ်ထားသည့် အရည်အသွေး အတိုင်း အတိအကျ နီးနီးရောင်းနိုင်ပေးနိုင်ရန်ကလည်း လိုအပ်ချက် ဖြစ်ပါသည်။  သို့မှသာ  အရည်အသွေးအလိုက် ထိုက်တန်သည့် တန်ဖိုးရရှိမည်ဖြစ်ပါသည်။ 
အရည်အသွေး အကဲဖြတ်ခြင်း
အရည်အသွေးများကို အကဲဖြတ်ရာတွင် သမာသမတ်ကျရေး သည် အရေးကြီးပါသည်။ Third Party ဟုခေါ်သည့် ရောင်းသူနှင့် ဝယ်သူ နှစ်ဖက်စလုံးမှ မပါဘဲ ကြားနေပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ရန်လည်းအရေးကြီးပါသည်။ မကြာမီကMyanmar Rice Conference  ပြုလုပ်ရာတွင် ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဖြစ်သူက မြန်မာ့ဆန်များရောင်းချရာတွင် အရည်အသွေးပိုင်းတွင် ရသည့်ဈေးနှင့် ချုပ်သည့်စာချုပ်ပါ အရည်အသွေးထက် ပိုမိုပေးနေကြသည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို သတိထားလိုက်မိပါသည်။ ထိုအချက်မှာ အလွန်အရေးကြီးသဖြင့်  ၂၈-၁-၁၉၈၂ ခုနှစ်က ထုတ်ဝေခဲ့သည့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေ ထွက်ကုန်ပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်း(ကုန်သွယ်/ လယ်ယာ) ကုန်ဝယ်ကုန်ရောင်းဌာန(၁)၏ ]]နိုင်ငံခြားသို့တင်ပို့သော ဆန်အမျိုးအစားများအား မှန်ကန်စွာ စစ်ဆေးအကဲဖြတ်ခြင်း မှတ်စု}}ဟူသော စာအုပ်ငယ်ကို ပြန်လည်ဖတ်ရှုကြည့်ခဲ့မိပါသည်။  ဆန်အရည်အသွေး မှန်ကန်ရေးအပြင်၊ သတ်မှတ်စာချုပ်ချုပ်ဆိုသော သတ်မှတ်အရည် အသွေးအတိုင်း တိတိကျကျဖြစ်ရေးသည် အလွန်အရေးပါသည်ဟု လည်း သဘောပေါက်မိပါသည်။
အဆိုပါ စာအုပ်ငယ်၏ မာတိကာ တွင် အောက်ပါအချက်များကို ထည့်သွင်းဖော်ပြထားပါသည်။ ဆန်နမူနာမှန်ကန်စွာ ရယူခြင်း၊ ဆန် အလေးချိန်စစ်ဆေးရာ၌ မှန်ကန်မှုရှိအောင် ဆောင်ရွက်ခြင်း၊ ပြည်ပ တင်ပို့ရန် ဆန်များကို မှန်ကန်စွာ အကဲဖြတ်ခြင်း၊ ဆန်ဝါများ(Yellow Grains)၊ ဆန်လုံးပိန်လုံးညှပ်များ (Immature Grains)၊ ဆန်လုံးကျွမ်း များ (Dead Grains)၊ ပိုးထိုးဆန်များ ( Weevilled Grains)၊ မှိုတက် ဆန်များ (Mildewed Grains)၊ မှဲ့စွန်းဆန်များ (Stained Grains)၊ ဆန်ဆွေးများ (Deteriorated Grains)  မျိုးကွဲဆန်များ (Foreign Grains)၊ ဆန်အကြိတ်အဖွတ်အားဖြင့်  စစ်ဆေးခြင်းနှင့် ဆန်ကွဲ အနည်းအများအားဖြင့် စစ်ဆေးခြင်းတို့ဖြစ်ပါသည်။ 
စာအုပ်တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် မြန်မာ့ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကို ပြန်လည်အသက်သွင်း၍ ပျိုးထောင်လုပ်ကိုင်လာကြသောအခါ ၁၉၄၈ခုနှစ်ခန့်တွင် မြန်မာ့ဆန်များ ပြည်ပသို့ ရောင်းချခြင်းလုပ်ငန်းကို ထိုစဉ်အခါက တာဝန်ယူလျက်ရှိ သော နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (  State Agricultural Marketing Board – SAMB) လက်ထက်၌ ဆန်စပါး ကျွမ်းကျင်သူများကိုစုစည်း၍ ဆန်အကဲဖြတ်အဖွဲ့ (Board of Panel of Surveyors) ကို တည်ထောင်ခဲ့သည်။ ဆန်အကဲဖြတ်အဖွဲ့ကို ဆန်တန်ချိန် အများအပြားတင်ပို့ရသော ရန်ကုန်ဆိပ်ကမ်း၌  အဖွဲ့ဝင်အများစုဖြင့် ဖွဲ့စည်းခန့်ထား၍ ဆန်တန်ချိန် အနည်းငယ်စီသာ တင်ပို့ကြသော စစ်တွေ၊ မော်လမြိုင်နှင့် ပုသိမ် ဆိပ်ကမ်းများတွင် အဖွဲ့ဝင်အနည်းငယ်စီပါဝင်သော ဆန်အကဲဖြတ်အဖွဲ့များကို ထားရှိပေးခဲ့လေသည်။ ဆန်အကဲဖြတ်ပုဂ္ဂိုလ်များသည် မိမိတို့အကဲဖြတ်သောဆန်များအတွက် အကဲဖြတ်လက်မှတ်များ (Survey Certificate) ကို ထုတ်ပေးကြရပေသည်ဟုဖော်ပြထားသဖြင့် ထိုစဉ်ကပင် ဆန်အကဲဖြတ်ခြင်းကို ကောင်းစွာဆောင်ရွက်ခဲ့ကြသည်ဟု သိရပါသည်။ 
ဆန်နမူနာရယူခြင်း
အလုပ်ထဲသို့ဝင်ခါစကပင် ကျွန်တော်တို့သည် မှောက်ထိုးလှန်ဆွဲ၊ တစ်ချက်ထဲဆိုသည့် ကဗျာလိုလို စာလိုလိုကို စ၍မှတ်သားရသည်။ ကျွန်တော်တို့၏ ဆရာမြို့နယ်ချုပ်မန်နေဂျာကြီးများက ဆန်နမူနာရယူခြင်းအပိုင်းကို စတင်သင်ကြားပေးလေ့ရှိပါသည်။ မှောက်ထိုးလှန်ဆွဲ၊ တစ်ချက်ထဲ ဆိုသည်မှာ ဆန်ထိုးကလောင်ကို ထိုးသွင်းရာတွင် ပွင့်နေသောဘက်ကို  အပေါ်ဘက်ဟုသတ်မှတ်ထား၍ ကလောင်အချွန်ဖြင့် နမူနာထိုးရာတွင် မှောက်လျက်အနေအထား ဖြင့် ထိုးသွင်းပြီး ဆန်ပြန်ပါလာစေရန် ပြန်ဆွဲထုတ်သည့်အခါ လှန်၍ပြန်ထုတ်ရသည် ဟုဆိုလိုခြင်း ဖြစ်ပါသည်။ ကလောင်ဖြင့် ဆန်အိတ်ကို ထိုးသည့်အခါ ဆင့်၍ ဆင့်၍ ထပ်ထပ်ထိုးခြင်းမျိုးမဟုတ်ပဲ ၁၂ လက်မ ကလောင်ကို ခြောက်လက်မခန့်ဝင်သွားသည်အထိ တစ်ချက်ထဲထိုးရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဆန်နမူနာရယူသည့် ပထမဆုံးနည်းစနစ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။  အဓိကအကျဆုံးမှာ ဆန်နမူနာကို ရယူရာတွင် သေချာမှန်ကန်အောင် ရယူခြင်းပင်ဖြစ်ပါသည်။ နမူနာကို နည်းစနစ်မှန်မှန်နှင့် မှန်ကန်စွာ ရယူနိုင်ခြင်းမရှိပါက ဆန်အများစု၏ ကိုယ်စားပြုနမူနာကို မရရှိနိုင် ဟုဆိုချင်ပါသည်။ ထိုသို့ ပျမ်းမျှနမူနာကို ရယူခြင်းသည် ရောင်းသူ အတွက်ရော ဝယ်သူအတွက်ပါ အလွန်အရေးကြီးပါသည်။ ရယူထားသော ပျမ်းမျှနမူနာသည် ကောင်းသည့်ဘက်ပါသွားလျှင် ရောင်းသူက နစ်နာမည်ဖြစ်ပြီး မကောင်းသည့်ဘက်ပါသွားလျှင်လည်း  ဝယ်သူဘက်က နစ်နာမည်ဖြစ်ကာ ရောင်းသူဘက်ကလည်း နာမည် ဂုဏ် သိက္ခ္ခ္ခာတို့ကို ထိခိုက်စေပါသည်။ ထို့ကြောင့် ပျမ်းမျှနမူနာကို ရယူစဉ် ကပင် သမာသမတ်ကျကျ၊ နည်းစနစ်မှန်မှန်နှင့် ကိုယ်စားပြု ပျမ်းမျှ နမူနာဖြစ်ရေးကို အလေးထားဆောင်ရွက်ရပါသည်။ ထို့ပြင် သင်္ဘော တင်ပြီးပါကလည်း စာချုပ်ပါ  စည်းကမ်းအတိုင်း တင်ပို့ခဲ့သည်ကို မှတ်တမ်းတင်သည့်အနေဖြင့် နမူနာကို သေချာစွာ မှတ်တမ်းတင်ထိန်းသိမ်းထားရပါသည်။ သတ်မှတ်ထားသောကာလ ရောက်မှသာ ဖျက်သိမ်းကြခြင်း ဖြစ်ပါသည်။  ဆန်အရည်အသွေးကို စာချုပ်ပါစည်းကမ်းအတိုင်း မှန်မှန်ကန်ကန်ပေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး မပို၊ မလိုရန် အရေးကြီးပါသည်။
ဆန်အလေးချိန် မှန်ကန်မှုရှိအောင် စိစစ်ခြင်း 
အရောင်းအဝယ် ပြုလုပ်သည်နှင့်  မှန်လေးမှန်ရှိရမည်ဟု ပြောခဲ့ဖူးသည်။ အရည်အသွေးမှန်၊ အရေအတွက်မှန်၊ အရောင်းအဝယ်မှန်နှင့် အလေးချိန်မှန်ရမည်ဟု ဖြစ်ပါသည်။ အလေးချိန်မှန်ကန်ရေးအတွက် ချိန်တွယ်မှုကို နေရာတိုင်းတွင် ပြုလုပ်ရပါသည်။ ဆန်အဖြစ် ပိုက်မှကျ၍  အိတ်ထဲထည့်သည်နှင့် တစ်ပြိုင်နက် တစ်အိတ်ချင်းကို သတ်မှတ်ထားသော အလေးချိန်ပြည့်အောင် ထည့်သွင်းရပါသည်။ ထို့နောက် သိုလှောင်ထားသည်ဖြစ်စေ၊ ကားတင်သည်ဖြစ်စေ ချသည့်နေရာတွင် ပြန်လည်ချိန်တွယ်တတ်ပါသည်။ တစ်နည်းအားဖြင့် လက်လွှဲပြောင်းမှုတိုင်းတွင် ချိန်တွယ်လွှဲပြောင်းလက်ခံကြခြင်း ဖြစ်ပါသည်။ အလေးချိန်မှားယွင်းလျှင် ငွေကြေးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်နိုင်ခြင်း၊ အငြင်းပွားမှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ပြည်ပတင်ပို့သည့်အခါများတွင် ပိုမိုသတိပြု ဆောင်ရွက်ရန် လိုအပ်ပါသည်။  သင်္ဘောတင်သည်နှင့်တစ်ပြိုင်နက် သင်္ဘောဘေးတွင်ဖြစ်စေ၊ သင်္ဘောပေါ်တွင်ဖြစ်စေ ချိန်တွယ်တတ်ကြသည်။ သင်္ဘောပေါ်တွင် ချိန်တွယ်လျှင် ပလက်ဖောင်းပါသည့်ကတ္တားအစား စင်းဘောင်ခေါ် (YARD Scale) ကို သုံးတတ်ကြပါသည်။ လှုပ်ရှားနေသော မျက်နှာပြင်ပေါ်တွင် ချိန်တွယ်နိုင်ရန်အတွက် ဖြစ်ပါသည်။ ချိန်တွယ်ရန်သုံးစွဲမည့် စင်းဘောင်ကဲ့သို့ ချိန်တွယ်သည့်ကိရိယာ၏ မှန်ကန်မှုကို ရောင်းသူ၊ ဝယ်သူနှစ်ဖက်စလုံး ပါဝင်စစ်ဆေးခြင်း၊ ချိန်တွယ်မည့်အရေအတွက်နှင့် နမူနာချိန်တွယ်မည့်အိတ်ကို နှစ်ဖက်သဘောတူရွေးချယ်ခြင်းများ ဆောင်ရွက်ရပါသည်။ သင်္ဘောပေါ်တွင် ချိန်တွယ်ပါက သင်္ဘောမှ ကိုယ်စားလှယ်ကိုပါ ပါဝင်စိစစ်စေရပါသည်။ သို့မှသာ သင်္ဘောပေါ်သို့တင်ထားသည့် ဆန်အလေးချိန်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်မည်မဟုတ်ပါ။ 
ပြည်ပတင်ပို့ရန် ဆန်များကို မှန်ကန်စွာအကဲဖြတ်ခြင်း
ပြည်ပတင်ပို့မည့်ဆန်များကို မှန်ကန်စွာ အကဲဖြတ်ရာတွင် အောက်ပါအချက်များကို အကဲဖြတ်ကြပါသည်။ ဆန်လုံး ဆန်သား အားဖြင့် စစ်ဆေးခြင်း၊ ဆန်၏ စက်ကြိတ်အဆင့် (Milling Degree)အားဖြင့် စစ်ဆေးခြင်း၊ ဆန်ကွဲပါဝင်မှု အနည်း အများ (Content of Broken Rice)အားဖြင့် စစ်ဆေးခြင်း၊ ဆန်၏ အစိုအခြောက် (Moisture  Content) ကို စစ်ဆေးခြင်းနှင့် ဆန်အရောင် (Appearance)) အားဖြင့် စစ်ဆေးခြင်းတို့ဖြစ်သည်။ ထိုအချက်များကို အသေးစိတ် တိတိကျကျ စစ်ဆေးပြီးသည်နှင့် ဆန်အကဲဖြတ်လက်မှတ် တစ်နည်းအားဖြင့် သေချာမှန်ကန်ကြောင်း  လက်မှတ်ကိုထုတ်ပေးခြင်း ဖြစ်ပါသည်။ ထို့ပြင် ဆန်နမူနာများကို ရယူပြီးနောက် ဖြစ်သလိုထားခြင်း မပြုဘဲ စစ်ဆေးထားသော နမူနာများ၏ သုံးပုံတစ်ပုံကို ဝယ်သူကိုယ်စားလှယ် အားလည်းကောင်း၊ အခြားသုံးပုံတစ်ပုံကို ရောင်းသူကိုယ်စားလှယ်အားလည်းကောင်း ပေးအပ်ပြီး ကျန်သုံးပုံတစ်ပုံကို အကဲဖြတ်အဖွဲ့ရုံးတွင် စနစ်တကျ  ချိတ်ပိတ်သိမ်းဆည်းထားရပါသည်။  အခြား ရောင်းသူ၊ ဝယ်သူများအားပေးသော နမူနာများအားလည်း နှစ်ဖက် ချိတ်စည်းများ ထိုးကြရပါသည်။ 
အဆိုပါ နမူနာများကို သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ သိမ်းဆည်းထားပြီး အငြင်းအခုံရှိသည့်အခါတွင်မှ ထုတ်ယူပြီး ရောင်းသူဝယ်သူ နှစ်ဖက်ကိုယ်စားလှယ်များဖြင့် တောင်းဆိုမှုအရ ပြန်လည်ဖွင့်လှစ်စစ်ဆေးပေးရပါသည်။ ထို့ကြောင့် သေချာစမ်းစစ်ကြည့်လျှင်  ဆန်အကဲဖြတ်အဖွဲ့သည်  ရောင်းသူ၊ ဝယ်သူများ အကြား ညှိနှိုင်းရေးဗဟိုဌာန Mediation Center or Arbitration Center ဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုမျိုးတွင် အငြင်းပွားမှုများ   ဖြစ်ပွားလာပါက   အဆုံးအဖြတ်ပေးနိုင်သည့် ခုံသမာဓိလူကြီးအဖြစ် ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် ဆန်အကဲဖြတ်အဖွဲ့သည် ဆန်များ ပြည်ပတင်ပို့ရာတွင် အရည်အသွေးအလေးချိန် စံချိန်စံညွှန်းများအတိုင်း တိတိကျကျ ဆောင်ရွက်နိုင်ရန်အတွက် မဖြစ်မနေ လိုအပ်သောအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းထားသင့်ပါကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျာ။
မျိုးသူ(ကုန်သွယ်မြှင့်)