Main menu

Background

နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ

Wed, 12/21/2022 - 14:00 -- journal_editor

နိုင်ငံတစ်နိုင်ငံရှိ သက်ဆိုင်ရာဌာနများသည် အပြည်ပြည်ဆိုင်ရာ ကုန်စည်နှင့် ဝန်ဆောင်မှုများ လွတ်လွတ်လပ်လပ် စီးဝင်မှုကို ထိန်းချုပ်ရန်အတွက် အကောက်ခွန်ကဲ့သို့သော ကုန်သွယ်မှုအတားအဆီး သို့မဟုတ် အဟန့်အတားများ (Trade barriers) အသုံးပြုကြသည်။ အဆိုပါ အတားအဆီးများသည် နိုင်ငံများကြား ကုန်သွယ်မှုကို ဟန့်တားထားလေ့ရှိသည်။ သို့သော်လည်း ပြည်တွင်းထုတ်ကုန် ပိုမိုစားသုံးရန်၊ အလုပ်အကိုင် ပိုမိုရရှိရန်၊ နိုင်ငံလုံခြုံရေး မြှင့်တင်ရန်နှင့် အခွန်ဘဏ္ဍာ ပိုမိုရရှိရန် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုအတားအဆီးများမှာ အသုံးဝင်သည်။ ကုန်သွယ်မှုအတားအဆီးများ ကောင်းကျိုး သို့မဟုတ် အားသာချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ပိုမိုစားသုံးခြင်း

အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်းက ပြည်ပမှ တင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စရိတ်ကို ကြီးမြင့်စေသည်။ ဤကဲ့သို့ သွင်းကုန်ခွန်ကောက်ခံခြင်းက ပြည်တွင်းစားသုံးသူများအား နိုင်ငံခြားဖြစ် ကုန်ပစ္စည်းစားသုံးမှုကို တားမြစ်ရာရောက်သည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ (Locally – produced goods) အား ပိုမိုဝယ်ယူစားသုံးစေသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းစားသုံးသူများအတွက် ရွေးချယ်ရန် သို့မဟုတ် အစားထိုးသုံးစွဲရန် ကုန်ပစ္စည်း နည်းပါးသွားသောကြောင့်ဖြစ်သည်။ ဥပမာ-အမေရိကန်အစိုးရသည် ပြည်ပမှ တင်သွင်းသည့် ဆီစား မသက်သာသော မော်တော်ကားများအပေါ် အခွန် သို့မဟုတ် အပိုကြေး (Gas-guzzler tax) ကောက်ခံခဲ့သည်။ ထိုကဲ့သို့ ကောက်ခံခြင်းက ပြည်တွင်းထုတ်မော်တော်ကားများထက် ပြည်ပမှတင်သွင်းသော မော်တော်ကားများ၏ ကုန်ကျစရိတ်ကို ပိုမိုများပြားစေသည်။ ထို့ကြောင့် စားသုံးသူများသည် ပြည်တွင်းထုတ်ကားများကို ပိုမိုဝယ်ယူသုံးစွဲကြမည်ဖြစ်သည်။

ပြည်တွင်းအလုပ်အကိုင်ရရှိမှု တိုးတက်ခြင်း

အထက်ပါအတိုင်း ပြည်တွင်း၌ထုတ်လုပ်သော ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူစားသုံးသောကြောင့် ပြည်တွင်းဝယ်လိုအား တိုးတက်လာသည်။ တိုးတက်လာသော စားသုံးသူဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ပြည်တွင်းထုတ်လုပ် သူများသည်  ကုန်ပစ္စည်းများကို ပိုမို ထုတ်လုပ်ကြသည်။ ဤအချက်က အလုပ်အကိုင်များကို ပိုမိုဖန်တီးပေးရာ ရောက်ပါသည်။ အလုပ်အကိုင်ရရှိမှု မြင့်မားလာခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်း  (unemployment rates) ကျဆင်းလာမည်ဖြစ်သည်။ ယခင်က အလုပ်လက်မဲ့များသည်လည်း အလုပ်အကိုင်နှင့် ဝင်ငွေရရှိလာသောကြောင့် ၎င်းတို့၏ စား၊ ဝတ်၊ နေရေး ပိုမို အဆင်ပြေလာမည် ဖြစ်သည်။

အခွန်ဘဏ္ဍာတိုးပွားခြင်း

တင်သွင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် အခွန်ကောက်ခံခြင်းသည် နိုင်ငံတော် အခွန်ဘဏ္ဍာ တိုးတက်ရရှိစေနိုင်သော အစိုးရ၏ မဟာဗျူဟာတစ်ခု ဖြစ်သည်။ သွင်းကုန်ခွန် ကောက်ခံခြင်းသည် အစိုးရ၏ အခွန်ကောက်ခံသော ဌာနသို့ ရငွေများ တိုက်ရိုက်ရောက်ရှိသွားစေသည်။ ယေဘုယျအားဖြင့် အကောက်ခွန်များသည် သွင်းကုန်တင်သွင်းခြင်းကို အားမပေးပါ။ သို့သော်လည်း အဝတ်အစားနှင့် အိမ်သုံးပစ္စည်းကဲ့သို့သော ကုန်စည်များသည် အခြေခံ လိုအပ်ချက် ဖြစ်သောကြောင့် အဆက်မပြတ် တင်သွင်းနေရသည်။ အဆိုပါ ကုန်စည်များအပေါ် အကောက်ခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက အစိုးရအတွက် အခွန်ဘဏ္ဍာ ပိုမိုရရှိပါမည်။ အကောက်ခွန်များ (Custom duties) သည် နှစ်စဉ် နိုင်ငံတော်အခွန်ဘဏ္ဍာ (Tax revenue) ၏ တစ်ရာခိုင်နှုန်းခန့် ရှိသောကြောင့် အရေးကြီးပါသည်။

စားသုံးသူကို ပိုမိုကာကွယ်ခြင်း

အစိုးရသည် စားသုံးကုန်စည်များ (Consumer goods) တင်သွင်းမှုအပေါ် စည်းကမ်းသတ်မှတ်ချက်များ ထားရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းက ပြည်တွင်း၌ အသုံးပြုရန်အတွက်ဖြစ်စေ၊ စားသုံးရန်အတွက်ဖြစ်စေ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသည်။ ဥပမာအားဖြင့် အစားအသောက်၊ ဆေးဝါးနှင့် အလှပြင်ပစ္စည်းများ တင်သွင်းရာတွင် တင်သွင်းသူများသည် ထုတ်လုပ်သူ၊ ပစ္စည်းအမျိုးအစားနှင့် အရည်အသွေး မှန်ကန်မှုရှိစေရန်နှင့်  ဘေး အန္တရာယ်ကင်းရှင်းစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ရယူရပါသည်။ FDA (Food and Drug Administration)  သည် အဆိုပါပစ္စည်းများ မတင်သွင်းမီ သေချာစွာ စစ်ဆေး၍ သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ထောက်ခံ ချက် ထုတ်ပေးသည်။

ဆိုးကျိုးများ

လွတ်လပ်သော ကုန်သွယ်ရေးသည် ကမ္ဘာ့ပေါင်းစည်းမှုဖြစ်စဉ် (Globalization) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်ရေးကြောင့် ကုမ္ပဏီများသည် အကောက်ခွန်၊ ကိုတာနှင့် အခြား ကန့်သတ်ချက်များ မရှိဘဲ နယ်စပ်များကိုဖြတ်ကျော်ပြီး စီးပွားရေးလုပ်ငန်း လုပ်ဆောင်နိုင်ကြသည်။ ယခုခေတ်တွင် နိုင်ငံအများစုသည် စရိတ်အနည်းဆုံးဖြင့် ကုန်စည်များကို ဖလှယ်ရောင်းဝယ်နိုင်ကြသည်။ ထို့ကြောင့် အစိုးရနှင့်စီးပွားရေး လုပ်ငန်းများသည် ယင်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ချဲ့ထွင်နိုင်ကြသည်။ သို့သော်လည်း အချို့နိုင်ငံများသည် ကိုယ်ကျိုးစီးပွားကာကွယ်သည့် ကုန်သွယ်မှုမူဝါဒ(Trade protectionism) ကို ကျင့်သုံးနေဆဲဖြစ်သည်။ ကုန်သွယ်မှုအတားအဆီးများ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းလုပ်ငန်းများအား နိုင်ငံခြားလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုမှ ကာကွယ်ပေးရန်နှင့် အစိုးရအတွက် ရငွေပိုမိုရရှိစေရန် ဖြစ်သည်။ ယင်းတို့၏ ဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကုန်ကျစရိတ်ကြီးမားခြင်း

ကုန်သွယ်မှု အဟန့်အတားများသည် ဝယ်ယူသုံးစွဲသူနှင့် ကုမ္ပဏီများအတွက် ကုန်ကျစရိတ် ကြီးမားစေသည်။ ကုန်ချောထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူများသည်လည်း ယင်းတို့၏လုပ်ငန်း ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် လိုအပ်သော ကုန်ပစ္စည်းများအတွက် ငွေကြေးပိုမိုကျခံရပါမည်။ ဥပမာ- အီလက်ထရွန်နစ်ပစ္စည်း တင်သွင်းရောင်းချမည်ဆိုပါက ပြည်ပမှ တင်သွင်းလာသော ကွန်ပျူတာနှင့် ကင်မရာတို့၏ ကုန်ကျစရိတ်သည် ပုံမှန်ထက် ပိုမိုကုန်ကျမည်။ ထိုအခါ တင်သွင်းလာသော ကွန်ပျူတာနှင့် ကင်မရာတို့ကို ဈေးနှုန်းမြှင့်တင် ရောင်းချရမည် ဖြစ်သောကြောင့် ဝယ်ယူသုံးစွဲသူများအတွက်လည်း ဈေးနှုန်း ကြီးမြင့်သွားမည်ဖြစ်သည်။

ထုတ်ကုန်အမျိုးအစား နည်းပါးခြင်း

လွတ်လပ်သော ကုန်သွယ်ရေးကြောင့် ဝယ်ယူစားသုံးသူများသည် အဆင့်မြင့်ကုန်ပစ္စည်းများ (High-end goods) အပါအဝင် ကုန်ပစ္စည်း အမျိုးအမယ် ပိုမိုများပြားစွာ ဝယ်ယူစားသုံးနိုင်သည်။ ထို့ပြင် ၎င်းတို့၏ နိုင်ငံနှင့်ဒေသအတွင်း မရရှိနိုင်၊ မထုတ်လုပ်နိုင်သော ကုန်ပစ္စည်းများကိုလည်း ဝယ်ယူသုံးစွဲနိုင်သည်။ ကုန်သွယ်မှုအတားအဆီးများ ထားရှိမည်ဆိုပါက ထိုကဲ့သို့ ကုန်စည်အမျိုးအစား များပြားစွာ ရရှိနိုင်တော့မည် မဟုတ်ပေ။

ကုန်သွယ်မှု အတားအဆီးများကြောင့် သွင်းကုန်စရိတ် ကြီးမြင့်လာပြီး ထုတ်ကုန်ရွေးချယ်မှု (Choice of products) ကို နည်းပါးစေသည်။ ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းငယ်များသည် အဆိုပါ ကြီးမြင့်လာသော ကုန်ကျစရိတ်များကို ကျခံနိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ၎င်းတို့သည် ကုန်ပစ္စည်း အမျိုးအစားနှင့် အရေအတွက် အနည်းငယ်သာ ရောင်းချနိုင်တော့မည်ဖြစ်သည်။ သို့သော်လည်း အရှေ့နှင့် တောင်အာရှအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သွင်းကုန် ကန့်သတ်ချက်များ (Import restrictiveness) မြင့်မားနေဆဲဖြစ် သည်။ အစိုးရများသည် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ရန်နှင့် အခွန်ငွေရရှိရန် ကုန်သွယ်ရေးကန့်သတ်ချက်များကို ထားလေ့ရှိကြသည်။ ကာလရှည်တွင် ဤကန့်သတ်ချက်များက နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေပြီး စီးပွားရေး စွမ်းဆောင်ရည်  (Economic efficiency) ကို ကျဆင်းစေသည်။

အခွန်ဘဏ္ဍာဆုံးရှုံးခြင်း

ကုမ္ပဏီများသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ဝင်ငွေရရှိစေသော ဇာစ်မြစ်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဥပမာအားဖြင့် မော်တော်ကားထုတ်လုပ်သော ကုမ္ပဏီများသည် ၎င်းတို့၏ ကားများကို နိုင်ငံခြားဈေးကွက်၌ ရောင်းချခြင်းအားဖြင့် ဝင်ငွေရရှိကြသည်။ ကုန်သွယ်မှု အဟန့်အတားများသည် ၎င်းတို့၏ ပို့ကုန်တင်ပို့နိုင်စွမ်းကို ကျဆင်းစေသည်။ ဆက်လက်၍ ရငွေဆုံးရှုံးပြီး အမြတ်လျော့နည်းစေသည်။ ထို့ပြင် ကုန်သွယ်မှုအတားအဆီးများသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေပါသည်။ ဥပမာ-ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အကောက်ခွန် မြင့်မားသောကြောင့် ပို့ကုန်တင်ပို့နိုင်စွမ်းမရှိဘဲ စီးပွားရေးတိုးတက်မှု နှေးကွေးလျက်ရှိသည်။ ထိုမျှသာမက ကုန်သွယ်မှု အဟန့်အတားများသည် လုပ်ခနှင့် နိုင်ငံတကာဆက်ဆံရေး  (International  relations)  အပေါ် တိုက်ရိုက်ဆိုးကျိုး သက်ရောက်စေသည်။

အလုပ်အကိုင်ရရှိနိုင်မှု နည်းပါးခြင်း

လက်ရှိအချိန်ကာလတွင် ကုမ္ပဏီနှင့် အဖွဲ့အစည်းများသည် ကမ္ဘာတစ်ဝန်းရှိ နေရာမျိုးစုံ၌ ယင်းတို့၏ ရုံးနှင့်စက်ရုံများ ထားရှိကြသည်။ ထိုအချက်က သက်ဆိုင်ရာနိုင်ငံရှိ ပြည်တွင်းလုပ်သားများကို အလုပ်အကိုင်ရရှိစေပြီး ပြည်တွင်းလုပ်ခထက် ပိုမိုမြင့်မားသော လုပ်ခ၊ လစာကိုလည်း ရရှိစေသည်။ ကုန်သွယ်မှုအဟန့်အတားများက အဆိုပါလုပ်ငန်းအဖွဲ့အစည်းများ၏ လုပ်ငန်းတိုးချဲ့မှုကို တားဆီးထားပြီး လုပ်သားဈေးကွက်ကိုလည်း ထိခိုက်စေသည်။ အကျိုးဆက် အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်သော လုပ်သားများအတွက် အလုပ်အကိုင်ရရှိနိုင်မှု နည်းပါးစေသည်။

လက်ဝါးကြီးအုပ်လုပ်ငန်းများ ကြီးထွားလာခြင်း

လွတ်လပ်သောကုန်သွယ်ရေးက နိုင်ငံများကြား ပြိုင်ဆိုင်မှုကို မြှင့်တင်ပေးသည်။ ထို့ပြင် ပြည်တွင်းကုမ္ပဏီများအား ယင်းတို့၏ ထုတ်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေသည်။ ကုန်သွယ်မှု အဟန့်အတားများ ထားရှိမည်ဆိုပါက နိုင်ငံများကြား ပြိုင်ဆိုင်မှုကျဆင်းပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာနိုင်သည်။ အထူးသဖြင့် လက်ဝါးကြီးအုပ်လုပ်ငန်းများ ကြီးထွားလာပြီး အရေအတွက် လျှော့ချထုတ်လုပ်ခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းတို့ ဖြစ်လာပါမည်။ အကျိုးဆက်အနေဖြင့် ငွေကြေး ဖောင်းပွမှု ဖြစ်ပေါ်ပြီး စားသုံးသူများ၏ သုံးစွဲနိုင်စွမ်း (Spending power) ကျဆင်း စေပါမည်။ ထို့ပြင် ပြိုင်ဆိုင်မှုမရှိသော ကိုယ်ကျိုးစီးပွားကာကွယ် သည့် ကုန်သွယ်ရေးမူဝါဒ (Protectionism) က ဆန်းသစ်တီထွင်မှုကိုလည်း ဖိနှိပ်တားဆီးထားသည်။ ကုမ္ပဏီများ သည်လည်း အဆင့်မြင့် နည်းပညာ တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် မက်လုံး မရှိတော့ပေ။ ထို့ကြောင့် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များ တဖြည်းဖြည်း လျော့နည်းကျဆင်းလာပါမည်။

Source: legalbeagle.com

သိန်းမြင့်ဝေ