
(ယခင်တစ်ပတ်မှအဆက်)
အသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ခြင်း (Accreditation)
အသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ခြင်းဆိုသည်မှာ အခွင့် အာဏာရှိသည့် အဖွဲ့ အစည်းတစ်ခုက အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးသည် လုပ်ငန်းတစ်ခုခုကို လုပ်ဆောင်ရန် အခွင့်ရှိ ကြောင်း တရားဝင် အသိအမှတ်ပြုတာဝန်ပေးအပ်ခြင်းပင်ဖြစ်သည်။ အရည်အသွေး အဆောက်အအုံတစ်ခုတွင် အသိအမှတ်ပြု ခန့်အပ် တာဝန်ပေးခွင့်ရှိသော အဖွဲ့အစည်းတစ်ခုအနေဖြင့် စစ်ဆေးအကဲ ဖြတ်သော အဖွဲ့အစည်းများ (Inspection bodies)၊ ဓာတ်ခွဲခန်းများ (Testing Laboratories)၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့် အဖွဲ့အစည်းများ (Certification bodies) ကို ခန့်အပ်တာဝန်ပေးနိုင်ရေး အကဲဖြတ်ရာတွင် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းကျွမ်းကျင်မှု၊ ၎င်းအဖွဲ့အစည်း၏ စီမံခန့်ခွဲမှုစနစ်၊ တာဝန်ယူဆောင်ရွက်မည့် ပုဂ္ဂိုလ်များကို စိစစ်ဆောင်ရွက်ရသည်။
ထိုကဲ့သို့ တရားဝင်အတည်ပြုခြင်းကို အသိအမှတ်ပြုခန့်အပ် တာဝန်ပေးအပ်ခြင်းဟု ခေါ်ဆိုနိုင်ပြီး ဖောက်သည်များ၊ အသုံးပြုသူများအနေဖြင့် အဆိုပါအဖွဲ့အစည်းများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်အပေါ် ကောင်းစွာတာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း ယုံကြည်မှုကိုရရှိစေသည်။ အသိအမှတ်ပြု ခန့်အပ်တာဝန်ပေးအပ်ခြင်းကို အမျိုးသားအသိအမှတ်ပြုခန့်အပ် တာဝန်ပေးအပ်ရေးဌာန (National accreditation body) က တာဝန်ယူ ဆောင်ရွက်လေ့ရှိသည်။ အဆိုပါဌာနအနေဖြင့် ၎င်း၏ အသိအမှတ်ပြု ခန့်အပ်တာဝန်ပေးအပ်ခြင်းများကို နိုင်ငံတကာအသိအမှတ်ပြုခန့်အပ်ရေးဖိုရမ် (International Accreditation Forum- IAF) နှင့် နိုင်ငံတကာ ဓာတ်ခွဲခန်းများ အသိအမှတ်ပြုခန့်အပ်ရေးဖိုရမ် ( International Laboratory Accre- ditation Forum- ILAC) တို့တွင် တင်ပြကြရသည်။ IAF နှင့် IAFC တို့အနေဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းများ၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းများ၊ အသိအမှတ်ပြုခန့်အပ် ခြင်းများ၏ ရလဒ်များနှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက်ဖြစ်စေ၊ အများနှင့် ဖြစ်စေ အပြန်အလှန် အသိအမှတ်ပြုကြစေမည့် သဘောတူညီမှုများ သို့မဟုတ် အစီအမံများ (Mutual or Multilateral Recognition Agreements or Arrangements -MRA) ရရှိစေရေး အားပေးမြှင့်တင် ဆောင်ရွက်ပေးသည်။ MRA များသည် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ စနစ်များ၊ လုပ်ငန်းစဉ်များ၊ ပစ္စည်းကိရိယာများကို ကုန်သွယ်မှု ဆောင်ရွက်ရာတွင် (အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုတွင်) အသိအမှတ်ပြု အထောက်အထားများစွာ တင်ပြရခြင်းကို လျှော့ချပေးနိုင်မည့် အရေးကြီးသော အဆင့်တစ်ဆင့်ဖြစ်သည်။
MRA များသည် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နိုင်ငံတစ်ခုအတွင်း အရည်အသွေးအသိအမှတ်ပြု အထောက်အထား တစ်ခုဖြင့်သာ လက်ခံကြစေရေး ဆောင်ရွက်ပေးနိုင်သည်ဖြစ်ရာ အဆိုပါ MRA များသည် နိုင်ငံတကာကုန်သွယ်မှုတွင် ကုန်စည်ပေးသွင်းသူများနှင့် ဖောက်သည်များအတွက် အကျိုးရှိစေမည်ဖြစ်သည်။
အရည်အသွေး အဆောက်အအုံစနစ်၏ အခြေခံအစိတ်အပိုင်းတစ်ရပ်မှာ စီမံအုပ်ချုပ်မှုအပိုင်းဖြစ်သည်။ အရည်အသွေး အဆောက်အအုံစနစ်အား နိုင်ငံတော်အစိုးရက ဦးဆောင်သူအဖြစ် ဆောင်ရွက်ရလေ့ရှိပြီး ဦးဆောင်သူအနေဖြင့် အရည်အသွေး အဆောက်အအုံ၏ မူဝါဒရည်မှန်းချက်များကို ဖြည့်ဆည်းရန်လည်းကောင်း၊ နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် လည်းကောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများ၊ အလေ့အထကောင်းများနှင့် ကိုက်ညီမှု ရှိစေရန်လည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက် ညီမှုရှိစေရနလည်းကောင်း စတင်အကောင်အထည်ဖော်နိုင်၊ တာဝန် ခံနိုင်ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအရည် အသွေးဆိုင်ရာမူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေး အဆောက်အအုံစနစ်၏ အခြေခံမူဘောင်များ ချမှတ်နိုင်ရေး တွန်း အားပေးဆောင်ရွက်ရလေ့ရှိသည်။
အမျိုးသားအရည်အသွေးမူဝါဒ (National Quality Policy-NQP)
အမျိုးသားအရည်အသွေး မူဝါဒသည် အရည်အသွေး အဆောက်အအုံစနစ်ကို ထူထောင်ရန်နှင့် ခြုံငုံသုံးသပ်နိုင်ရန်အတွက် အစိုးရ၏ အခြေခံကိရိယာတစ်ခုဖြစ်သည်။ အရည်အသွေး အဆောက်အအုံ၏ ရည်မှန်းချက်များ၊ လမ်းပြမြေပုံနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်သည်။ အရည်အသွေး အဆောက်အအုံစနစ်၏ အရေးပါမှုကိုလည်းကောင်း၊ အရည်အသွေး အဆောက်အအုံစနစ်မှ မည်သူတို့ကိုမည်သို့ အကျိုးဖြစ်ထွန်းစေသည်ကိုလည်း အသိပညာပေးခြင်းဖြင့် အမျိုးသား အရည်အသွေးမူဝါဒ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မည် ပါဝင်ဆောင်ရွက်ကြစေရေး ဖိတ် ခေါ် ဆောင်ရွက်နိုင်သည်။
အဆိုပါ Stateholders များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အေဂျင်စီများ၊ ထိန်းကျောင်းဆောင်ရွက်ရသော အဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်း အသင်းအဖွဲ့များ၊ ကုန်သည်ကြီးများအသင်း၊ စားသုံးသူအသင်းအဖွဲ့များ စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် စံကိုက်ညှိစစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ် ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သူများနှင့် အဆိုပါ ဝန်ဆောင်မှုများကို အသုံးပြုသူများလည်း ပါဝင်ပါသည်။ အဆိုပါကိုယ်စားလှယ်များ၏ အကြံပြုချက်များသည် အရည်အသွေး အဆောက်အအုံစနစ်နှင့် မူဝါဒများကို နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီစေရေး အထောက်အကူဖြစ်စေသည်။ အဆိုပါပုဂ္ဂိုလ်များအား အရည်အသွေး အဆောက်အအုံစနစ်တွင် ပါဝင်ဆောင်ရွက်လာကြစေရေး အားပေးမြှင့်တင်ရမည်ဖြစ်သည်။
အခြေခံမူဘောင်
အရည်အသွေး အဆောက်အအုံစနစ်မှရရှိနိုင်သည့် အဓိကမျှော်လင့်ချက်မှာ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ခွင့် ရရှိနိုင်ခြင်းပင်ဖြစ်သည်။ ဤအချက်သည် နိုင်ငံအတွက် အရေးကြီးသည်။ နိုင်ငံမှပြဋ္ဌာန်းသော စံချိန်စံညွှန်းများနှင့် နည်းပညာဆိုင်ရာ စည်းမျဉ်းများသည် ကမ္ဘာ့ကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရန် လိုအပ်သောကြောင့်ဖြစ်သည်။ အဆိုပါစည်းမျဉ်းများကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) က ထုတ်ပြန်ပေးသည်။
မဖြစ်မနေ လိုက်နာရမည့် နည်းပညာဆိုင်ရာစည်းမျဉ်းများ (Technical Regulations) ၏ သဘောသဘာဝအရ ၎င်းတို့သည် နိုင်ငံများအကြား ကုန်စည်နှင့်ဝန်ဆောင်မှုများကို မြောက်မြားစွာ စီးဆင်းနိုင်ရေး ကုန်သွယ်မှုအတွက် နည်းပညာဆိုင်ရာ အတားအဆီး (Technical barriers to trade-TBT) များ ဖြစ်လာတတ်သည်။ ယေဘုယျအားဖြင့် စံချိန်စံညွှန်းများသည် ဆန္ဒအလျောက်သာ လိုက်နာဆောင်ရွက်နိုင်သော်လည်း မူဝါဒပိုင်းဆိုင်ရာ လိုအပ်ချက်များအရ စည်းမျဉ်းများအဖြစ် ပြဋ္ဌာန်းလိုက်ပါက မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးသဖြင့် စံချိန်စံညွှန်းများနှင့် စည်းမျဉ်းများကို တစ်သမတ်တည်း အသုံးပြုခြင်းသည် နည်းပညာဆိုင်ရာ အတားအဆီးများကို ဖြစ်ပေါ်စေနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများကို မတူညီသော ဝန်ကြီးဌာနအသီးသီး က ပြဋ္ဌာန်းထုတ်ပြန်ကြသည်။ သို့ဖြစ်ရာ ထိန်းကျောင်းဆောင်ရွက်သည့် အဖွဲ့အစည်းများကြား ညီညွတ်မှုရှိစေရေး အရည်အသွေး အဆောက်အအုံစနစ်တွင် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံမူဘောင်တစ်ခုရှိရန် ဆောင်ရွက်ကြရသည်။
မြန်မာနိုင်ငံ၏ အရည်အသွေး အခြေခံအဆောက်အအုံစနစ်
မြန်မာနိုင်ငံ၏ အရည်အသွေး အခြေခံအဆောက်အအုံစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအောက်ရှိ အမျိုးသားစံချိန် စံညွှန်းနှင့် အရည်အသွေးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၈ ဖြင့် ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ ဖွဲ့စည်းခြင်းနှင့် စံချိန်စံညွှန်း လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းတို့အတွက် ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို တိတိကျကျ သတ်မှတ်ထားသည်။ အဆိုပါ ဥပဒေအရ ကုန်ကြမ်းပစ္စည်း၊ စက်ကိရိယာတန်ဆာပလာ၊ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်၊ စမ်းသပ်စစ်ဆေးနည်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာနိုင်ငံ စံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊ သွင်းကုန်ပစ္စည်းနှင့် ပို့ကုန်ပစ္စည်းများအတွက် မြန်မာ နိုင်ငံစံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံ စံချိန်စံညွှန်းများတွင် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများကို သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံ စံချိန်စံညွှန်းများကို သက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများက လက်ခံကျင့်သုံးရေးအတွက် ဆောင်ရွက် ခြင်း၊ စံချိန်စံညွှန်းဆိုင်ရာအမှတ်တံဆိပ် သုံးစွဲခွင့် ယူထားသော ဌာန၊ အဖွဲ့အစည်းက သက်ဆိုင်ရာ စံချိန်စံညွှန်းပါ သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်း၊ အသိအမှတ်ပြုလွှာနှင့် အရည်အသွေး ထောက်ခံချက်များ ထုတ်ပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊ အသိအမှတ်ပြုလွှာနှင့် အရည်အသွေး ထောက်ခံချက်များ လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း၊ ဥပဒေအရ တိကျစွာတိုင်းတာခြင်း နည်းပညာနှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လာနိုင်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
ကိုးကား -United Nations Industrial Development Organization( UNIDO) National Standards and Quality Department Myanmar
ဝေဖြိုးထက် (စားသုံး-စစ်ကိုင်း)