Main menu

Background

ဗဟိုဘဏ်များ၏ အရန်ရွှေ ဝယ်ယူမှုနှင့် ၂၀၂၃ ခုနှစ် အလားအလာ

Mon, 02/13/2023 - 11:48 -- journal_editor

ဗဟိုဘဏ်များ  အလုံးအရင်းဖြင့် ဝယ်ယူမှုကြောင့်  ရွှေဝယ်လိုအားသည် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားစွာ မြင့်တက်ခဲ့ကာ ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ (World Gold Council, WGC)က ထုတ်ပြန်ခဲ့သည်။ နှစ်အလိုက်ရွှေဝယ်လိုအားမှာ (ကောင်တာများတွင် ရောင်းဝယ်မှု များ မပါဝင်) ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၄၇၄၁ တန်အထိ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၂ ခု စတုတ္ထကွာတားတွင် ၁၃၃၇ တန်အထိ ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း သိရသည်။ 
အဆိုပါမြင့်တက်မှု၏ အဓိကသော့ချက်မှာ ပြီးခဲ့သည့်တစ်နှစ်ပတ်လုံးတွင် ဗဟိုဘဏ်များက တန်ချိန် ၁၁၃၆ ပမာဏရှိ ရွှေများ ဝယ်ယူစုဆောင်းမှုကြောင့်ဖြစ်ပြီး ယင်းမှာ ၅၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ အဆိုပါဝယ်ယူမှု အများစုမှာ အစီရင်ခံစာ ရရှိခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဗဟိုဘဏ်များအနေဖြင့်  ရွှေတန်ချိန် ၄၅၀ ဝယ်ယူခဲ့ကြောင်း ၊ ပထဝီဝင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့်  ငွေဖောင်းပွမှုတို့က အဓိက အ‌ကြောင်းရင်းဖြစ်ကြောင်း ကမ္ဘာ့ရွှေကောင်စီက ဆိုခဲ့သည်။ 
ဗဟိုဘဏ်များ၏ အသားတင် ဝယ်ယူမှုမှာ စတုတ္ထကွာတားတွင် ၄၁၇ တန်ရှိခဲ့ကာ ဒုတိယနှစ်ဝက်တွင် ဝယ်ယူမှုမှာ ၈၆၂ တန်ရှိခဲ့ကြောင်း၊ စတုတ္ထကွာတား၏ ဝယ်ယူမှုမှာ အစီရင်ခံစာရရှိထားမှုနှင့် အစီရင်ခံစာမရရှိသည့် ကိန်းဂဏန်းများ ပါဝင်ကြောင်း ကမ္ဘာ့ရွှေကောင်စီကဆိုသည်။ အစီရင်ခံကိန်းဂဏန်းများရရှိပါက ကိန်းဂဏန်းများ ပြန်လည်ပြင်ဆင်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ 
ရွှေကို ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူမှုမှာ ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၁၀၇ တန်အထိရှိခဲ့သည်။ ပြည်တွင်းရွှေလက်ငင်းဈေးကွက်ကို အ‌ခြေခံသည့် Gold ETF စနစ်ဖြင့် ရောင်းဝယ်မှုမှာ ၂၀၂၂ ခုနှစ်တွင် ယခင်နှစ်များထက် လျော့နည်းခဲ့သည်။ ရွှေကို လက်ဝတ်ရတနာများအတွက် ဝယ်ယူမှုများ ၂၀၂၂ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ၂၀၈၆ တန်ရှိခဲ့သည်။ စတုတ္ထကွာတား၏ မြင့်တက်ခဲ့သည့် ဝယ်ယူမှုနှင့်နှိုင်းယှဉ်ပါက အားနည်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။
၂၀၂၂  ခုနှစ်အတွင်း လက်ဝတ်လက်စား ဝယ်ယူမှုမှာ ၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ၂၀၈၆ တန်ရှိခဲ့သည်။ ရွှေဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းနှင့်အတူ စတုတ္ထကွာတားတွင် ဝယ်လိုအားလျော့ကျမှုများဖြစ်ပေါ်ခဲ့ရသည်။ ၂၀၂၂ ခုနှစ်အတွင်း ရွှေထုတ်လုပ်မှုမှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၄၇၅၅ တန်ရှိသည့်အထဲတွင် ရွှေမိုင်းများမှ ထုတ်လုပ်မှုမှာ လေးနှစ်အတွင်း အမြင့်ဆုံးဖြစ်ပြီး ၃၆၁၂ တန် ထုတ်လုပ်နိုင်ခဲ့သည်။
၂၀၂၂ ခုနှစ်သည် ဗဟိုဘဏ်များအတွက် ဝယ်လိုအား ကောင်းမွန်သည့်နှစ်တစ်ခု ဖြစ်ခဲ့သည်။  ၁၃ နှစ်ဆက်တိုက် အသားတင်ရွှေ ဝယ်ယူသည့်နှစ်ဖြစ်သလို ၁၉၅၀ နောက်ပိုင်းတွင် ဒုတိယမြောက် နှစ်ပတ်လည် ဝယ်လိုအား အမြင့်ဆုံးနှစ်ဖြစ်ခဲ့ကြောင်း၊ ယခင်ကာလများထက် တန် ၄၀ဝ ကျော်ခဲ့ကြောင်း WGC က ဆိုခဲ့သည်။ အဖွဲ့ကြီး၏ နှစ်ပတ်လည်အစီရင်ခံစာအရ မူဝါဒချမှတ်သူများအနေနှင့် ရွှေဝယ်လိုအားမြင့်တက်လာခြင်း၏ အဓိကမောင်းနှင်အားမှာ အကျပ်အတည်းကာလအတွင်း စွမ်းဆောင်ရည်နှင့် ရေရှည်တန်ဖိုးကို  ထိန်းသိမ်းထားနိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ 
၂၀၂၂ ခုနှစ်အတွင်း ပထဝီဝင် နိုင်ငံရေးအခြေအနေများ မတည်ငြိမ်မှုနှင့် အင်ဖလေးရှင်းမြင့်မားမှုတို့ကြောင့် ဗဟိုဘဏ်များအနေဖြင့်  ၎င်းတို့၏ ငွေစာရင်းထဲသို့ ရွှေကို အရှိန်အဟုန်ဖြင့် ဆက်လက်ထည့်သွင်းရန် ကြိုးစားခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ ၂၀၂၂ ခုနှစ်အတွင်း  ဝယ်ယူမှုအများဆုံး  ဗဟိုဘဏ်များမှာ ထွန်းသစ်စနိုင်ငံများမှဖြစ်ပြီး တူရကီဗဟိုဘဏ်သည် ၅၄၂ တန် ဖြင့် စံချိန်တင်အများဆုံး ဝယ်ယူသူဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ အီဂျစ်၊ ကာတာ၊ အီရတ်၊ အာရပ်စော်ဘွားများနိုင်ငံ UAE နှင့် အိုမန်တို့သည် ၎င်းတို့၏ ရွှေအရန်ငွေဝယ်ယူမှုများကို တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးမြင့်ခဲ့သည်။
အတိုးနှုန်းများ မြင့်တက်မှုနှင့်ခိုင်မာသည့် အမေရိကန်ဒေါ်လာတို့‌ကြောင့် နှစ်အတွင်း ခက်ခဲသည့် အကြောင်းရင်းခံများ ရှိခဲ့သော်လည်း စတုတ္ထကွာတား၏ ရွှေအဝယ်မြင့်တက်လာမှုက  ၂၀၂၂ ခုနှစ်   ရွှေဈေးမြင့်တက်မှုအတွက် လုံလောက်သည့် အကြောင်းရင်းခံဖြစ်ခဲ့သည်။  ထုံးစံအားဖြင် အတိုးနှုန်းများမြင့်တက်ချိန်နှင့်  ဒေါ်လာအားကောင်းချိန်တွင် ရွှေဝယ်လိုအား လျော့ကျလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရွှေဝယ်လိုအား အများစုမှာ အမေရိကန်ပြင်ပနိုင်ငံများမှာဖြစ်သည်တိုင် ယင်း၏ဈေးနှုန်းကို အမေရိကန်ဒေါ်လာနှင့် တန်ဖိုးသင့်ထားသောကြောင့် ဖြစ်ကြောင်း Wells Fargo က အလေးပေးပြောကြားခဲ့သည်။ ဤသည်က အမေရိကန်မဟုတ်သည့် ဝယ်လက်များ၏ ဝယ်နိုင်စွမ်းအား လျော့ကျသွားခြင်းက ကမ္ဘာ့ဝယ်လိုအားကို ထိခိုက်သည်ဟုဆိုလိုသည်။
ရွှေသည် အတိုးရရှိသည့်ပစ္စည်းမဟုတ်ခြင်းကြောင့် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုနည်းလေ့ရှိပြီး အတိုးနှုန်းထားများ တက်လာသည့်အချိန်တွင် ၎င်းတို့သည် ဗဟိုဘဏ်ကထုတ်ဝေသည့် ငွေတိုက်စာချုပ် Treasury များနှင့် အခြားသော အတိုးရရှိသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများကိုသာ ဝယ်ယူလေ့ရှိကြကြောင်း Wells Fargo ရုံးချုပ်မှ ကျွမ်းကျင် ပညာရှင် John LaForge  က ဆိုခဲ့သည်။
ရွှေဈေးသည် ၂၀၂၂ ခုနှစ်တွင် အစကောင်းခဲ့ပြီး မတ်လ တွင် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်လည်း အမေရိကန်ဗဟိုဘဏ်၏ ငွေဖောင်းပွမှုလျှော့ချရေးအတွက် ကြမ်းတမ်းသည့် အတိုးနှုန်းမြင့်တက်မှုများကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ကာ ရွှေအပါအဝင် တန်ဖိုးကြီးသတ္တုများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်အတွင်း ရွှေလက်ငင်းဈေးမှာ ယခုအချိန်အထိ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် ဒေါ်လာ ၁၉၂၆ အထိဖြစ်ခဲ့သည်။ Wells Fargo က တန်ဖိုးကြီးသတ္တုနှင့် အခြားသောကုန်စည်များအကြားတွင် ကြားနေသည့်အနေအထားမှ ရပ်တည်နေသော်လည်း အမေရိကန်ဗဟိုဘဏ်အနေဖြင့် ညံ့ဖျင်းသည့်စွမ်းဆောင်ရည်ကို စောင့်‌မျှော်နေမည် မဟုတ်ဟု LaForge က ဆိုခဲ့သည်။ Wells Fargo က နှစ်ကုန်ရှိ ရွှေဈေးပစ်မှတ်မှာ  ဒေါ်လာ ၁၉၀ဝ  မှ ၂၀ဝ၀ ကြားရှိမည်ဟု ခန့်မှန်းထားသော်လည်း ဤအချိန်သည် အပြောင်းအလဲများနိုင်ကြောင်း LaForge  က ဆိုခဲ့သည်။ 
ကျွန်ုပ်တို့အနေဖြင့် နှစ်ကုန် ဒေါ်လာဈေးပစ်မှတ်ကို မြှင့်တင်ကောင်း မြင့်တင်ရမည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ ဘောင်ကျော်နေပြီး ဗဟိုဘဏ်နှုန်းထား မြင့်တက်မှုမှာလည်း အဆုံးသတ်လုနီးပါးဖြစ်သည်ဟု Wells Fargo ကဆိုသည်။ ဈေးနှုန်းကြီးမြင့်မှုများကြောင့် ရွှေဝယ်လိုအားမှာ အဆုံးတွင် ကျုံ့သွားနိုင်ကြောင်း ၊ ၂၀၂၃ ခုနှစ်သည် ရွှေဝယ်ယူသူဖောက်သည်များအတွက် အလွန်ဈေးကြီးသည့် နှစ်တစ်နှစ်ဖြစ်နိုင်ကြောင်း ၊ ၇၀ ရာခိုင်နှုန်းသောဝယ်လိုအားမှာ ထွန်းသစ်စ စီးပွားရေးနိုင်ငံများမှဖြစ်ကြောင်း ဟောင်ကောင်-ရှန်ဟိုင်းဘဏ် HSBC မှ သုတေသီ James Steel  က ဆိုခဲ့သည်။
လက်တွေ့နယ်ပယ်တွင် အကြွေစေ့များ၊ ဘားများ ၊ လက်ဝတ်ရတနာများ၏ ဈေးနှုန်းမှာ မြင့်သထက်ပိုမိုမြင့်တက်လာပြီး ယင်းက အပြိုင်အဆိုင်ဝယ်ယူမှုကို ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း ၊ ဤသည်ကို သတိထားရမည်ဖြစ်ကြောင်း ၊ အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ဆက်လက်ထိန်းထားမည်ဖြစ်ပြီး ယခုနှစ်ဝက် အကုန်အထိ လျှော့ချမည်ဟုမထင်ကြောင်း  James Steel  က ဆိုခဲ့သည်။

ထွန်းသက်ထွန်း
References: www.cnbc.com