Main menu

Background

ဟိုက်ဒရိုဂျင် စီးပွားရေး သုတေသနနှင့် အနာဂတ်အလားအလာ

Mon, 02/13/2023 - 12:21 -- journal_editor

လျှပ်စစ်ကားများ ခေတ်စားလာချိန်တွင် ဟိုက်ဒရိုဂျင်ကားကို စီးပွားဖြစ် ထုတ်လုပ်အသုံးပြုလာကြသဖြင့် ဟိုက်ဒရိုဂျင် စီးပွားရေး လုပ်ငန်းများရဲ့  အနာဂတ်အလားအလာကို စိတ်ဝင်စားလာခဲ့ကြပါတယ်။
အစားထိုးလောင်စာ (Alternative fuel) များအနက် အစိမ်း ရောင်စွမ်းအင်တစ်ခုဖြစ်သော ဟိုက်ဒရိုဂျင်လောင်စာကို ဒုံးပျံများ လွှတ်တင်ရာမှာသာမက ၁၉၈၈ ခုနှစ်ခန့်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်အထိ ထုတ်လုပ်ခဲ့ ဖူးပါတယ်။
ဟိုက်ဒရိုဂျင်စီးပွားရေးတွင် ဟိုက်ဒရိုဂျင်လောင်စာသုံး အာကာသဒုံးပျံများအပြင် သင်္ဘောများ၊ လေယာဉ်များ၊ မော်တော် ယာဉ်အမျိုးမျိုးနဲ့  စက်ဘီးများအထိ ထုတ်လုပ်ရောင်းချနေခဲ့ကြပြီး ဖြစ်ပါတယ်။
ကျယ်ပြန့်မလာနိုင်သေးတဲ့ အကြောင်းရင်းက ဟိုက်ဒရိုဂျင် လောင်စာ ထုတ်လုပ်မှုနည်းစဉ် အမျိုးမျိုးရှိသော်လည်း၊ ထုတ်လုပ်စရိတ်၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှုလုပ်ငန်းများတွင် အကန့်အသတ်ရှိနေတဲ့အပြင် ထုတ်လုပ်စရိတ်လျှော့ချရန် သုတေသနပြုနေကြဆဲဖြစ်လို့ပါ။
ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံးတွင် တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံကျော်ရှိပြီး ၂၀၂၈  ခုနှစ်အထိ နှစ်စဉ် ၅ ရာခိုင်နှုန်းကျော် တိုးတက်မည်ဟု ခန့်မှန်းထားပါတယ်။
၁၉၈၈ ခုနှစ်မှာTU-155  ဟိုက်ဒရိုဂျင်စွမ်းအင်သုံးလေယာဉ်ကို စမ်းသပ်ပျံသန်းခဲ့ပါတယ်။၂၀၁၀ ခုနှစ် ဇူလိုင်လမှာBoeing က ဟိုက်ဒရိုဂျင်နဲ့   မောင်းနှင်တဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်လောင်ကျွမ်း အင်ဂျင်နှစ်လုံးတပ် Phantom  Eye UAV  ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
စီးပွားဖြစ်ထုတ်လုပ်ရောင်းချခဲ့တဲ့ ဟိုက်ဒရိုဂျင်ကားများမှာ Toyota Mirai (2014/2015), Hyundai Nexo crossover SUVE  နှင့် Honda Clarity(2016/ 2021) တို့ဖြစ်ပြီးToyota  ကားမှာ အကွာအဝေး ၃၁၂ မိုင် (၅၀၂ ကီလိုမီတာ)၊ Hyundai Nexo ကားက အကွာအဝေး ၃၈၀ မိုင်မှ ၄၁၄ မိုင်အထိ မောင်းနိုင်ပြီး ဟိုက်ဒရိုဂျင် ပြန်ဖြည့်ရန် ငါးမိနစ်ခန့်သာကြာတဲ့အတွက် လျှပ်စစ်ကားများထက် ခရီးမိုင် ပိုမိုသွားနိုင်ပြီး လောင်စာဖြည့်ချိန်ကြာမြင့်မှု မရှိတာ တွေ့ရပါတယ်။
သို့ရာတွင် စွမ်းဆောင်ရည် Efficiency ပိုင်းမှာ လျှပ်စစ်ကား များက ဟိုက်ဒရိုဂျင်ကားများထက် သာလွန်ကောင်းမွန်နေဆဲ ဖြစ်တယ်လို့ နှိုင်းယှဉ်ဇယားများတွင် လေ့လာတွေ့ရှိရပါတယ်။
၂၀၂၀ ခုနှစ်အထိအစိမ်းရောင် ဟိုက်ဒရိုဂျင်သည် တစ်ကီလို ဂရမ်လျှင် $2.50-6.80  ကြားရှိပြီး၊ ကျန်သော စိမ်းပြာရောင် ဟိုက်ဒရို ဂျင် $1.40-2.40/kg  ၊ အပြာရောင် ဟိုက်ဒရိုဂျင် $1.40-2.40/kg နှင့် ကာဗွန်မီးခိုးရောင် ဟိုက်ဒရိုဂျင်$1-1.80/kg တို့ ဈေးနှုန်း အသီးသီး ကွဲပြားကြောင်း တွေ့ရှိရပါတယ်။
မာလီနိုင်ငံ Koulikoro ဒေသရှိBourakebougouအနီးတွင် ဟိုက်ဒရိုဂျင်စနစ်ကို အသုံးချနေပြီး ပတ်ဝန်းကျင်ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိတဲ့အတွက် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးမှု ကုန်ကျစရိတ်ကို လေ့လာသင့်ပါတယ်။
၂၀၂၀ ခုနှစ်တွင် ဥရောပကော်မရှင်က ဥရောပစိမ်းလန်းမှု သဘောတူညီချက်နှင့်အညီ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပါဝင်သော အီးယူရှိ ဟိုက်ဒရိုဂျင်ဆိုင်ရာ အထူးသီးသန့်မဟာဗျူဟာအသစ် ကို ချမှတ်ခဲ့ပြီး "European Green Hydrogen Acceleration Center" သည် ၂၀၂၅ ခုနှစ်တွင်  အစိမ်းရောင် ဟိုက်ဒရိုဂျင်စီးပွားရေးကို တစ်နှစ်လျှင် ယူရို ၁၀ဝ ဘီလီယံ ဖော်ဆောင်ရန် စီစဉ်ခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အစိမ်း ရောင် ဟိုက်ဒရိုဂျင် တွန်းအားပေးမှု (Green Hydrogen Catapult)  အဖြစ် ၂၀၂၆ ခုနှစ်တွင် အစိမ်းရောင် ဟိုက်ဒရိုဂျင် တစ်ကီလိုဂရမ် လျှင် US$ 2 အောက်အထိ ဈေးကျအောင် ကြိုးပမ်းရန် နှိုးဆော်ထား ပါတယ်။
သြစတြေးလျတွင် Australian Renewable Energy Agency (ARENA) က ဟိုက်ဒရိုဂျင်စီမံကိန်း ၂၈ ခုတွင် ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုပ်နှံထားရာ ဟိုက်ဒရိုဂျင်ကို အီလက်ထရွန်နစ်နည်းဖြင့် ထုတ်လုပ်ပြီး တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၂ ဒေါ်လာကျသင့်မည်ဟု စွမ်းအင်နှင့် ထုတ်လွှတ်မှုဆိုင်ရာ ဝန်ကြီး Angus Taylor မှ 2021 Low Emissions Technology Statement တွင် ကြေညာခဲ့ပါတယ်။
ယမန်နေ့သတင်းတစ်ပုဒ်တွင်ABB နှင့် Hynamics တို့သည် အစိမ်းရောင်ဟိုက်ဒရိုဂျင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချရန် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီချက် လက်မှတ်ရေးထိုး ကြကြောင်း ဖတ်ရှုရပါတယ်။
ထိုအခြေအနေများအရ ဟိုက်ဒရိုဂျင် စီးပွားရေးသုတေသနနဲ့ အနာဂတ်အလားအလာ တိုးတက်လာမည့် အခြေအနေရှိနိုင်ပါတယ်။ အထူးသဖြင့် ဟိုက်ဒရိုဂျင်ကားစီးပွားရေးတွင်  တရုတ်နိုင်ငံသည် ၂၀၃၅  ခုနှစ်တွင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားအစီးရေ တစ်သန်း ရှိရန် စီစဉ်ထားပြီး လူဦးရေနည်းသော ဂျပန်နိုင်ငံသည် ၂၀၃၀ ခုနှစ် တွင် ကားအစီးရေ ၈၀ဝ၀ဝ၀ ထုတ်လုပ်ရန် စီစဉ်ထားရာ အချို့က လျှပ်စစ်ကားများကို ဟိုက်ဒရိုဂျင်ကားများက ပြိုင်ဆိုင်လာဖွယ်ရှိပါ တယ်။  လျှပ်စစ်ကားနှင့်  ဟိုက်ဒရိုဂျင်ကား ယှဉ်ပြိုင်ပါက  လတ် တလော အခြေအနေတွင် လျှပ်စစ်ကားပေါင်း ၁၆ ဒသမ ၅ သန်း ထုတ်လုပ်ပြေးဆွဲနေပြီး၊ ကုန်ကျစရိတ်သက်သာမှုကြောင့် လျှပ်စစ် ကားများက ဦးဆောင်နေသော်လည်း၊ အနာဂတ်တွင် ခရီးဝေးအသုံး ပြုသော ဘတ်စ်ကားများ၊ ကုန်တင်ထရပ်ကားများအတွက် ဟိုက် ဒရိုဂျင်ကားများကို ပိုမိုသုံးလာနိုင်ကြောင်း သုံးသပ်လျက်ရှိပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင်  လောင်စာဆီအခက်အခဲရှိသော မိမိတို့နိုင်ငံအတွက် အနာဂတ်တွင် ဈေးသက်သာနိုင်ဖွယ်ရှိသော ဟိုက်ဒရိုဂျင်လောင်စာ အပါအဝင် အခြားအစားထိုးလောင်စာ (Alternative fuel) များကို လေ့လာ သုတေသနပြုသင့်တယ်လို့ ရှုမြင်ပါတယ်။  
ကိုးကား ။ - Hydrogen Economy.  - What`s the future of vehicles : - Hydrogen or Electric?

သုတနိုင်