Main menu

Background

ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင် ဘဏ္ဍာရေးစနစ်

Tue, 04/25/2023 - 15:08 -- journal_editor

ကမ္ဘာပေါ်တွင် ရေ ၊ မြေ၊ သစ်တောနှင့် သယံဇာတများကို ထိန်းသိမ်းရန်အတွက်  တစ်နှစ်လျှင် ဒေါ်လာ ၄၀ဝ မှ ၆၀ဝ ဘီလီယံအထိ လိုအပ်သလို  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက် တစ်နှစ်လျှင် ဒေါ်လာ ၃၅၀ ဘီလီယံလိုအပ်လျက်ရှိသည်။ လက်တွေ့တွင် အဆိုပါလိုအပ်နေသည့် ငွေကြေးပမာဏ၏ ၁၅ ရာခိုင်နှုန်းသာလျှင် ဖြည့်ဆည်းနိုင်ပြီး ယင်းငွေကြေးမှာလည်း အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများထံမှ ရရှိခြင်းဖြစ်သည်။ နောက်ဆုံးရရှိသည့် စာရင်းများအရ ရာသီဥတု ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၌ပင် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၇၀ ခန့် ဘဏ္ဍာငွေဖြည့်တင်းရန် လိုအပ်လျက်ရှိသည်။ သို့အတွက် အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံအသီးသီးတွင် အစိမ်းရောင်ဘဏ္ဍာရေး စနစ်ထွန်းကားရန် လိုအပ်လျက်ရှိသည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ် (Green Finance) ဆိုသည် မှာ အဖွဲ့အစည်းတစ်ခု သို့မဟုတ် ဌာနတစ်ခု သို့မဟုတ် ပရော ဂျက်တစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခုမှ လုပ်ငန်းတစ်ခုတိုးချဲ့ရန် အတွက်  ငွေရေးကြေးရေး  စာချုပ်စာတမ်းများ  ထုတ်ဝေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြစ်ပြီး ယင်းငွေကြေးစာချုပ် စာတမ်းများ ထုတ်ဝေလိုက်ခြင်းမှ ရရှိလာသည့် ငွေကြေးများဖြင့် လုပ်ငန်းများ ဆောင်ရွက်ရင်း သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပြုသည့် လုပ်ငန်းများ တွင်  အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များကို ရရှိစေသည့်စနစ်တစ်ခုကို ခေါ်ဆိုခြင်းဖြစ် သည်။
အစိမ်းရောင် ဘဏ္ဍာရေးစနစ်သည် ငွေရေးကြေးရေး စာချုပ်စာတမ်းများ၊ ၎င်းနှင့်ဆက်စပ်နေသည့်လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အရေးပါသလို တစ်ဖက်တွင်လည်း လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ရေး မူဝါဒများချမှတ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း အဓိကကျသည့်အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။ ဘဏ္ဍာရေး ငွေရေးကြေးရေးကဏ္ဍသည်  အဓိကကြားခံလုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ဆုံးရှုံးနိုင်မှု စီမံခန့်ခွဲရေးကိုလည်း ဆောင်ရွက်ပေးသည့် အားလျော်စွာ ငွေကြေးအရင်းအမြစ်များကို  ကုန်စည်နှင့် ဝန်ဆောင်မှုထုတ်လုပ်သည့် Real Economy အတွင်းသို့ မှန်ကန်စွာ ရောက်ရှိရေးအတွက် အဓိကဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်း ဖြစ်ပွားခဲ့သည့် ၂၀ဝ၆-၂၀ဝ၉ ကာလအတွင်း ရရှိခဲ့သည့် သင်ခန်းစာများကို  အခြေခံကာ တစ်ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပေါင်းစပ်ဆောင်ရွက်သည့် အလေ့အထကို စတင်ကျင့်သုံးခဲ့သည်။ ယင်းကို ၂၀၃၀  စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက် အစပျိုးမှုတွင် ခေါင်းစဉ်တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ အဆုံးတွင် ရှယ်ယာရှင်များ၏ တန်ဖိုးမြင့်တက်ရေး (စီးပွားရေး)မှသည် စနစ်အတွင်း ပါဝင်သူ အားလုံး၏တန်ဖိုး (စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ရေး) မြင့်တက်လာစေသည့် အကျိုးဆက်များကို ရရှိစေမည်ဖြစ် သည်။ အစိမ်းရောင်ဘဏ္ဍာရေးစနစ်သည်  ငွေရေးကြေးရေး ကဏ္ဍ၏ အနာဂတ်တစ်ခုဖြစ်ပြီး  ဘဏ္ဍာရေးယန္တရား အသစ်တီထွင်မှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုပရောဂျက်များ ဆောင် ရွက်ခြင်း၊ ယင်းမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို အပေါင်း လက္ခဏာဆောင်သည့် ရလဒ်များ ရရှိစေသည့် စနစ်တစ်ခုပင်ဖြစ် သည်။
၂၀၂၂ ခုနှစ် စာရင်းများအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့်  စွမ်းအင်ကို  ထိရောက်စွာအသုံးပြုရေး  လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၁ ခုထက် ၈  ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ ရုပ်ကျွင်းလောင်စာများမှ စွမ်း အင်ထုတ်လုပ်မှုကို တွင်ကျယ်စွာသုံးစွဲနေဆဲဖြစ်သည်။ ယင်း သည် ရာသီဥတု ကောင်းမွန်ရေးနှင့် သန့်ရှင်းသည့်လေ ရရှိရေး၊ စွမ်းအင်လုံလောက်မှု  ရရှိရေး စသည့် အစိမ်းရောင်စွမ်းအင် တိုးချဲ့ရေးအတွက် စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေသည်။ ဖွံ့ဖြိုးတိုးတက်ပြီးနှင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအတော်များများသည် ယခုတိုင် pro-coal energy policy ဟုခေါ်သည့် ကျောက်မီးသွေး ကို စွမ်းအင်အဖြစ် အကြိုသုံးစွဲသည့်မူဝါဒကို ထိရောက်စွာ အသုံး ချရေးနှင့် ထွက်ရှိလာသည့် ကာဘွန်ဒိုင်အောက်ဆိုက်ကို အပူစွမ်း အင်အဖြစ်ပြောင်းကာ စွမ်းအင်ပြန်လည်ထုတ်လုပ်ရေးစနစ်ကို ကျင့်သုံးဆဲဖြစ်သည်။
ဘဏ္ဍာငွေ   ဖြည့်တင်းခြင်းသည်   စွမ်းအင်အပါအဝင် အခြေခံအဆောက်အအုံ   ဖွံ့ဖြိုးရေးစီမံကိန်းများ  ဖွံ့ဖြိုးရေး အတွက် အဓိကအင်ဂျင်တစ်ခုဖြစ်သည်။  ယေဘုယျအားဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးအဖွဲ့အစည်းများသည် ရုပြွ်ကင်းလောင် စာများမှ စွမ်းအင်ထုတ်လုပ်မှုများသို့ ဘဏ္ဍာငွေထောက်ပံ့ရန်ပိုမို  အားသန်ကြပြီး အစိမ်းရောင် ပရောဂျက်များ၊ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ထုတ်လုပ်မှုများသို့ ဘဏ္ဍာငွေ ထောက်ပံ့ရန် လက်တွန့် တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အစိမ်းရောင်စွမ်းအင် ပရောဂျက်များသည် နည်းပညာ မြင့်မားခြင်း၊ ဝင်ငွေပြန်ရချက် နည်းပါးခြင်းနှင့်  အခြားသော ဆုံးရှုံးနိုင်ခြေများစွာ ရှိနေခြင်း ကြောင့်ဖြစ်သည်။
အကယ်၍ ကျွန်ုပ်တို့အနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု ရည်မှန်ချက်များ အောင်မြင်လိုပါက အစိမ်းရောင်စီမံချက် များလုပ်ဆောင်ရန် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေမည့် ဘဏ္ဍာရေး။ငွေကြေး ပရောဒတ်အသစ်များ တီထွင်ခြင်း၊ မူဝါဒအသစ်များ ချမှတ်ခြင်း၊ အစိမ်းရောင် ငွေချေးစာချုပ်များ  ထုတ်ဝေခြင်း၊ ကာဗွန်ဈေးကွက်ဆိုင်ရာ ပရောဒတ်များ တီထွင်ခြင်း၊ အစိမ်း ရောင် ဗဟိုဘဏ်စနစ်များ ချမှတ်ခြင်း၊ ဘဏ္ဍာရေးနည်းစနစ် များတီထွင်ခြင်း၊  လူထုအခြေပြု အစိမ်းရောင် ရန်ပုံငွေများ တည်ထောင်ခြင်း စသည်တို့ကို ဆောင်ရွက်သွားရန်လိုအပ်ပြီး ယင်းတို့ကို  ပေါင်းရုံးကာ အစိမ်းရောင်ဘဏ္ဍာရေးစနစ် ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်သည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ်အတွင်း ငွေကြေးနှင့်ဘဏ္ဍာ ရေးပရောဒတ်များစွာရှိပြီး အသုံးများသည့် ပရောဒတ်နှစ်ခုမှာ ြွေကးမြီစာချုပ်စာတမ်းများ (Debt) နှင့် အီကွစ်တီ (Equity) တို့ဖြစ်သည်။ ထုတ်ဝေသည့်အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် ဝယ်ယူ ရင်းနှီးမြှုပ်နှံသူ အမျိုးအစားများအပေါ်မူတည်၍ စာချုပ်စာတမ်း များ၏ အဆင့်နှင့် ပုံသဏ္ဌာန် ကွာခြားသွားသည်။
ကုမ္ပဏီများ၊ ပရောဂျက်များ၏ ကနဦးဖွံ့ဖြိုးစအဆင့်တွင် အီကွစ်တီ ရှယ်ယာများကိုထုတ်ဝေကာ ရင်းနှီးငွေ ရယူလေ့ရှိပြီး ယင်းတို့မှာ ကုမ္ပဏီပိုင်ဆိုင်မှုနှင့်  တိုက်ရိုက်သက်ဆိုင်သည်။ အီကွစ်တီ (Equity) ကို စတော့၊ ရှယ်ယာများဟုခေါ်ဆိုပြီး ယင်း ကို သာမာန်ရှယ်ယာ (Common share) နှင့် ဦးစားပေး ရှယ်ယာ (Preferred share) ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ ဦးစားပေးရှယ်ယာ များသည် ကုမ္ပဏီမှခွဲဝေသည့် ပုံသေအမြတ်ငွေကို ရရှိခံစားရ သော်လည်း ကုမ္ပဏီတွင် မဲပေးခွင့်၊ ဒါရိုက်တာဖြစ်ခွင့် မရှိပါ။ ကုမ္ပဏီဖျက်သိမ်းခဲ့ပါလျှင် ၎င်းတို့ကို ဦးစားပေးကာ အမ်းရ သည်။ သာမန် ရှယ်ယာများသည် အမြတ်ဝေစု ပုံသေရရှိခြင်း မရှိသော်လည်း မဲပေးခွင့် ၊ ကုမ္ပဏီ  စီမံခန့်ခွဲမှုများတွင် ပါဝင်ခွင့် ရှိသည်။ ကုမ္ပဏီဖျက်သိမ်းပါက နောက်ဆုံးမှ ပြန်လည်အမ်းရ သည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ်တွင် အသုံးများသည့် စာချုပ်စာတမ်းမှာ Junior Equity ဟုခေါ်သည့်  သာမန်ရှယ်ယာများဖြစ် သည်။ ၎င်းတို့သည် ကုမ္ပဏီမှထုတ်ဝေသည့် ငွေချေးစာချုပ်များ၊ ဦးစားပေး ရှယ်ယာများထက် ပိုမိုသည့် ဆုံးရှုံးနိုင်ခြေ Risk များကို ရယူရသည်။ ဆိုလိုသည်မှာ ကုမ္ပဏီ၏ ဆုံးရှုံးနိုင်ခြေများကို အခြားသော စာချုပ်စာတမ်းများထက် ပိုမိုယူရခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း အဆိုပါ Junior Equity များသည် ပြန်ရချက် အမြင့်ဆုံးအခြေအနေတွင် ရှိနေသည်။
ြွေကးမြီရယူကာ ဘဏ္ဍာငွေဖြည့်တင်းခြင်း (Debt Finan- cing) တွင် ချေးငွေရယူခြင်း Loan နှင့် အများပြည်သူသို့ ငွေချေး စာချုပ်များ  ထုတ်ဝေရောင်းချခြင်း Bond issuing တို့ပါဝင်ပါသည်။ ချေးငွေသည် ဘဏ်မှတစ်ဆင့် လုပ်ငန်းဆီသို့ ဘဏ္ဍာငွေ စီးဆင်းခြင်းဖြစ်ပြီး Bond သည် အများပြည်သူထံသို့ ငွေချေး စာချုပ်များ ထုတ်ဝေရောင်းချကာ ဖြည့်ဆည်းခြင်းဖြစ်သည်။ ဘဏ်မှချေးငွေရယူခြင်းနှင့် မတူညီသည့်အချက်မှာ ငွေချေး စာချုပ်များသည် ဈေးကွက်ထဲတွင် တစ်ဦးနှင့်တစ်ဦး ရောင်းဝယ် ဖောက်ကားနိုင်ပြီး  တစ်ဦးချင်းစီကိုပင်   ပမာဏများပြားစွာ  ဝယ်ယူရင်းနှီးခွင့် ၊ ရောင်းဝယ်ဖောက်ကားခွင့် ခွင့်ပြုထားခြင်းပင် ဖြစ်သည်။ အစိမ်းရောင် ဘဏ္ဍာရေးစနစ်အတွင်းတွင် ငွေချေး စာချုပ်များကို  အရည်အချင်းပြည့်စုံသည့် အဖွဲ့အစည်းလိုက် ရင်း နှီးမြှုပ်နှံသူများ (Qualified Institutional Investors) ကို ပါဝင်ခွင့်ပြုထားသည်။
ြွေကးမြီစာချုပ်စာတမ်းများ၊ အီကွစ်တီများကို မည်သည့် ပမာဏ ထုတ်ဝေနိုင်သည်ဆိုသည့် ပုံသေနည်း မရှိပါ။ လုပ်ငန်း တစ်ခုချင်းအလိုက် ကွာခြားမှုရှိနိုင်သည်။ တိုးတက်မှုနှုန်း လျင်မြန် ပြီး ဝင်ငွေပြန်ရနှုန်း ကောင်းမွန်သည့်  Software နှင့် ဘိုင်အို နည်းပညာလုပ်ငန်းများတွင် အီကွစ်တီ (စတော့ရှယ်ယာ) ထုတ်ဝေမှုက ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်မှုရှိစေသည်။ ဤလုပ်ငန်းများတွင် ြွေကးမြီပြန်လည်ပေးဆပ်နိုင်မှု အခြေအနေ အား ခန့်မှန်ရန်ခက်ခဲသည့်အတွက် ငွေချေးစာချုပ် ထုတ်ဝေရန် ခက်ခဲမည်ဖြစ်သည်။  ငွေချေးစာချုပ်များသည် သဘာဝအရ ဆုံးရှုံးနိုင်ခြေနည်းပါသည့် အခြေအနေများတွင်သာ ထုတ်ဝေ လေ့ရှိကြသည်။ အကျိုးဆက်အနေနှင့် ရင်းနှီးငွေအပေါ်ပြန်ရချက် return on investment လည်း နည်းပါးလေ့ရှိပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့်  ဘဏ္ဍာငွေဖြည့်တင်းမှုများတွင် ြွေကးမြီ စာချုပ်စာတမ်းများနှင့်  အီကွစ်တီများကို အဓိကကျသည့် ပရောဒတ်များအဖြစ် ထုတ်ဝေလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပရောဂျက်များအတွက်  လုံလောက်သည့် ငွေကြေးကို  ရင်းနှီးမြှုပ်နှံမှု ပရောဒတ်တစ်ခုမှ လွယ်ကူစွာ စုစည်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယင်းပရောဒတ်ကို ရောင်းချရာမှရရှိသည့် ရင်းနှီးငွေများသည် ပရောဂျက်များစွာကို ဖြန့်ကြက်ရင်းနှီးနိုင်ပြီး အထူးသဖြင့် မြေယာများ အသုံးချခြင်း၊ သစ်တောနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ မည်သို့ပင် ပစ်မှတ်ထားသည့် ကဏ္ဍများ များပြားပါစေ ယင်းပရောဂျက်တို့၏ ကြီးရင့်မှုကာလမှာ တူညီမှုရှိသည်။ သို့သော်လည်း ၎င်းတို့တွင် ထူးခြားသည့် အတိုင်းအတာများနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်များ ရှိနေသည်။ အဆုံးတွင် ဘဏ္ဍာရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံမှုများနှင့် ပရောဂျက်များတွင် ခွဲခြမ်း စိတ်ဖြာ ရင်းနှီးခြင်းဖြင့် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်သည်။ ခေတ်ရေစီးကြောင်းတွင် ရှိနေသည့် ရင်းနှီးမြှုပ်နှံသူများမှာမူ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံသည့် ပုံသဏ္ဌာန်ကို အကျွမ်းတဝင်ဖြစ်ပြီး  ပိုမိုသက်တောင့်သက်သာ ရင်းနှီးမြှုပ်နှံ နိုင်ကြမည်ဖြစ်သည်။

ထွန်းသက်ထွန်း