မြန်မာ့သနပ်ခါးသည် “သနပ်ခါး”ဟူသော စကားရပ်မှ ဆင်း သက်လာပြီး “သန”ဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရသည်။ “ခါး”ဆိုသည်မှာစွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် သနပ်ခါးသည် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်ပေး သည့်အရာဟု သိရှိရသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါး ကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ ကျော်ကတည်းက လိမ်းကာ အလှ ချယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ မြန်မာ နိုင်ငံတွင် မည်သည့်နေရာသွားသွား သနပ်ခါးလိမ်းထားသောမျက်နှာ များကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင်ဖြစ်သည်။
မြန်မာလူမျိုးများသည် မွေးကင်းစအရွယ်ကစ၍ အသက် အရွယ် မရွေးသနပ်ခါး လိမ်းကြသည်။ သနပ်ခါးကို နှစ်သက်ခြင်း သည် အလှအပလိမ်းစရာပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေး ဖက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်းဖြစ်ကြသည်။ မြန်မာသနပ်ခါးသည် ရာသီဥတုနှင့်လိုက်လျောညီထွေရှိကာ သနပ် ခါးကို လိမ်းလိုက်ရလျှင် စိတ်နှလုံးအေးချမ်းသကဲ့သို့ သနပ်ခါး လိမ်း ထားလျှင် နေရောင်ခြည် အပူဒဏ်ကို ခံနိုင်သလို အရေပြား မပျက်စီး အောင်လည်း ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး ရှိ တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသူအမျိုးသမီးများသည် သနပ်ခါးကို အမြတ်တနိုး လိမ်းခြယ်ကြသည်။ အမျိုးသမီးများသာမက အမျိုးသား များပါ သနပ်ခါးကို အမြတ်တနိုး အသုံးပြုကြသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှကုန်ပစ္စည်းများ အသုံးများ၍ ခေတ်စားနေစေ ကာမှုသနပ်ခါးနှင့်ကင်းနိုင်သူအမျိုးသမီးတို့အရေအတွက်မှာ အလွန့် အလွန် နည်းပါးလှပါသည်။ သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်း ဖွယ်ရာ သင်းပျံ့သောရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေ ခြင်း ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းသူအား လှပစေခြင်းစသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံစေပါသည်။
သနပ်ခါးစိုက်ခင်းဖြစ်ပေါ်ပုံ
သဘာဝအလေ့ကျပေါက်နေသော သနပ်ခါးများကို ၁၉၄၅- ၁၉၄၆ခုနှစ်ခန့်မှစ၍ လှေများဖြင့် အောက်ပိုင်းဒေသများသို့ သွား ရောက်ရောင်းချကြသည်ကိုလေ့လာမှတ်သားရသည်။ ယင်းနောက် ပိုင်းနှစ်များတွင်လည်း အလေ့ကျပေါက်နေသော သနပ်ခါးများကို ရောင်းဝယ်ဖောက်ကားကြသည်။ ၁၉၇၅ခုနှစ်ခန့်ကစ၍တောင်သူ တို့သည်မိမိတို့၏ယာခင်းတွင် ပေါက်နေသော သဘာဝသနပ်ခါးပင် များကို မြေဆွပေါင်းသင်ပြီး စိုက်ပျိုး၍ အပိုငွေအဖြစ် ရောင်းဝယ် ကြပါသည်။
ရှင်မတောင် သနပ်ခါးမှာ အမျိုးသမီးများတွင်သာမက အမျိုးသားများပါ နှစ်ခြိုက်စွာ အသုံးပြုကြသည့်အတွက် ဈေးကွက် တစ်ခုအဖြစ် ပေါ်ပေါက်ခဲ့ကြပါသည်။ ဈေးကွက်ကောင်းပြီး လူဦးရေ သုံးစွဲမှုမှာလည်း များပြားလာခဲ့သည်။ တောင်သူများအနေဖြင့် မိမိ ယာခင်းထဲတွင် အလေ့ကျပေါက် သနပ်ခါးပင်များကို မြေလွတ်များ တွင် မျိုးကူးစိုက်ခင်းအဖြစ် ၁၉၈၀-၁၉၈၁ခုနှစ်မှစ၍ တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်။ နှစ် ၈၀ ကျော် သဘာဝပေါက် သနပ်ခါးများ မှာ ကျယ်ဝန်းသောဧကများဖြင့် ယနေ့ထက်ထိ အောင်မြင်နေသည်ကို တွေ့ရှိရသည်။
သနပ်ခါးပေါက်ရာဒေသများ
သနပ်ခါးပင်ကို မြန်မာနိုင်ငံ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရသည်။ မြန်မာ့သနပ် ခါးသည် အရည်အသွေးအကောင်းဆုံးဖြစ်သည်။ သနပ်ခါးသည် မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးများတွင် စီးပွားဖြစ်စိုက်ပျိုးကြရုံသာမက အိမ်ခြံဝင်းအတွင်း တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ သနပ်ခါးပင်သည် ပေ ၂၀ မှ ၃၀ထိမြင့်သည့် အပင်လတ်မျိုးဖြစ်သည်။ သနပ်ခါး စိုက်ပျိုးပြီး ပထမတစ်ကြိမ် ခုတ်၍ ရောင်းချပြီး သန်မာသည့် အသားတတ်များ ဆက်လက်ထားရှိနိုင်သဖြင့် ဘိုးစဉ်ဘောင်ဆက်အဆင့်ဆင့် ခုတ်ယူ ရောင်းချပြီး ဝင်ငွေရသဖြင့် အပူပိုင်းပဒေသာပင်ဟု တင်စားခေါ် ဆိုကြသည်။ သနပ်ခါးပင်များကို ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ ကျောက်ကာ၊ စစ်ကိုင်း၊ မြင်းမူ၊ ကနီ စသည့် အပူပိုင်းဒေသများတွင် အများဆုံးတွေ့ရှိရသည်။ အချို့ သော မြန်မာပြည်၏အထက်ပိုင်းရှိ ရွက်ပြတ်တောခြောက်များမှာ လည်း သနပ်ခါးပင်ကို တွေ့ရှိရသည်။
သင်းပျံ့ကျော်ကြား ပခုက္ကူရှင်မတောင်သနပ်ခါး
မြန်မာနိုင်ငံတွင် သနပ်ခါးကို အပူပိုင်းဒေသများတွင် အများ ဆုံးစိုက်ပျိုးပြီး သနပ်ခါး အမျိုးအမည် များစွာရှိသည်မှာ ရှင်မတောင် သနပ်ခါးကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဧကပေါင်း လေးသိန်းခန့် စိုက်ပျိုးကြောင်း သိရှိရသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် သနပ်ခါးကို ဘိုးစဉ်ဘောင်ဆက်မှစ၍ယခုချိန်ကာလအထိ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ပခုက္ကူခရိုင်တွင် သနပ်ခါးစိုက်ဧက တစ်သိန်း ကျော်ခန့် စိုက်ပျိုးကြောင်း ပခုက္ကူသနပ်ခါးအသင်းမှ သိရှိရသည်။ ၂၀၁၉-၂၀၂၀ခုနှစ်တွင် သနပ်ခါးဈေးကွက်ကျဆင်း၍ သနပ်ခါး စိုက် တောင်သူအချို့သည် စိုက်ခင်းများအစား ဈေးကွက်ဝင်ဆေးကုလားမ လျှော်ဖြူနှင့် ကြယ်ပဲစိုက်ခင်းများကို အစားထိုးစိုက်ပျိုးကြ၍ သနပ်ခါး စိုက်ဧက လျော့နည်းသွားကြောင်း သိရှိရသည်။ ပခုက္ကူခရိုင် မြိုင်မြို့ နယ်တွင် သနပ်ခါး စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ရှင်မတောင် သနပ်ခါး မျိုးကို အဓိကထား စိုက်ပျိုးကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ခုနှစ်တွင် သနပ်ခါးဈေးကွက် ပြန်လည်ကောင်းမွန်လာ၍ သနပ်ခါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
သနပ်ခါးဈေးကွက်အနေဖြင့် ပခုက္ကူမြို့သည် သနပ်ခါးများ ဆုံစည်းရာ စီးပွားရေးမြို့တော်ဖြစ်ပြီး ပခုက္ကူမြို့နှင့်ဆက်စပ်လျက်ရှိ သော မြို့နယ်များမှ ထွက်ရှိသော သနပ်ခါးများ ဝင်ရောက် ဖောက် ကား အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ နေ့စဉ် သနပ်ခါးအပင် ၁၀ဝ၀၊ ပိဿာလေးသောင်းခန့် မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ပခုက္ကူဒေသထွက် ရှင်မတောင် သနပ် ခါးသည် အရည်အသွေးကောင်းပြီး သင်းပျံ့မွှေးကြိုင်သော ရနံ့ရှိ၍ ပခုက္ကူဒေသထွက် ရှင်မတောင် သနပ်ခါးကို လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်စွာ သုံးစွဲလျက်ရှိသည်။ မြန်မာ့သနပ်ခါး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပြည်သူများ သနပ်ခါးအစစ် သုံးစွဲမှု ရေရှည် တည်တံ့စေရန်အတွက် ပခုက္ကူခရိုင်အနေဖြင့် ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ဖွဲ့စည်းထားရှိကြောင်း သိရှိရ သည်။
သနပ်ခါးစိုက်ပျိုးနည်း
သနပ်ခါးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ကျောက်စရစ်မြေ၊ ရွှံ့စေးမြေ၊ မြေနုမြေများမှလွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုး နိုင်သည်။ ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ် မူတည် ၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်၍ပက်ဖျန်းပေးသင့်သည်။ သနပ်ခါးပင်များသည် တပေါင်း၊တန်ခူးလများတွင် ပွင့်ဖူးပြီး ဝါဆို၊ဝါခေါင်လများတွင် အသီး များရင့်မှည့်ကာ မျိုးအဖြစ်စတင်ခူးယူသည်။ သနပ်ခါးသီးများကို ရေတွင် စိမ်ပြီး ရေအောက်တွင် နစ်မြုပ်နေသော သနပ်ခါးစေ့များကို ယူ၍ ပျိုးထောင်ပြီး စိုက်ပျိုးကြပါသည်။ ပျိုးထောင်ရာတွင် အိတ်ဖြင့် ပျိုးထောင်ခြင်း၊ ပျိုးဘောင်လုပ်၍ ပျိုးထောင်ခြင်း နှစ်မျိုးရှိသည်။ ပျိုးထောင်ပြီး ၄၅ ရက်သားအကြာတွင် မြေတွင် စတင်ပြောင်းရွှေ့ စိုက်ပျိုးသည်။ သီးညှပ်စိုက်ပျိုးလျှင် တန်းကြားပင်ကြား ၈ ပေ၊ ၅ ပေ စိုက်ပျိုးပြီး သီးညှပ်အဖြစ် နှမ်း၊ ပဲစိမ်းငုံ၊ မြေပဲ၊ ပဲတီစိမ်း စသည့် သီးနှံများကို စိုက်ပျိုးကြပြီး သီးညှပ်စိုက်ပျိုးခြင်း မပြုလျှင် တန်းကြား ပင်ကြား (၄ ပေ၊ ၄ ပေ)ထား၍ စိုက်ပျိုးကြသည်။ တစ်ဧကစိုက်ပျိုးလျှင် ပျိုးပင်(၄၅၀/ ၅၀ဝ)ခန့် စိုက်ပျိုးဝင်ဆံ့ကြောင်း သိရှိရသည်။
သနပ်ခါးဈေးနှုန်းဈေးကွက်
သနပ်ခါးဈေးကွက်အခြေအနေမှာ အပင်၏သက်တမ်း (၁၀)နှစ်အောက်ဆိုလျှင် ကျပ်၁၀ဝ၀ဝ မှ ၃၀ဝ၀ဝခန့်ရှိကြောင်း၊သက်တမ်း (၄၀/၅၀)နှစ်ဆို ကျပ် ၃၅ သိန်းမှ ၄၅ သိန်းထိရှိကြောင်း၊ စိုက်ခင်း ပြတ်ဆိုလျှင် အပင်အရေအတွက်နှင့် အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း လေ့လာသိရှိရသည်။ သနပ်ခါးဈေး ကွက်အခြေအနေမှာ တောင်သူအများစုသည် သက်တမ်းအနည်းဆုံး ခုနှစ်နှစ်ကျော်လျှင် စီးပွားဖြစ်သည့် သနပ်ခါးများကိုသာ ရွေးချယ် စိုက်ပျိုးကြသည်ကို သိရှိရသည်။ ဈေးကွက်အနေဖြင့် ကချင်ပြည်နယ်၊ ရန်ကုန်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ စစ်တွေ၊ တောင်ကုတ်၊ မကွေးမြို့များသို့ တင်ပို့လျက်ရှိသည်။ ထို့ပြင် မူလသနပ်ခါးအား မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သက်ဦးစံနှင့် အောင်သိဒ္ဓိ သနပ်ခါး ရောင်းဝယ်ရေးလုပ်ငန်းမှ သနပ်ခါးကုန်ကြမ်းမှ ကုန်ချော အဖြစ်သို့ အလှကုန်အမျိုးမျိုးကို ပြန်လည်ပြုပြင်ထုပ်ပိုး၍ နိုင်ငံ တကာဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့သနပ်ခါး တန်ဖိုးထား
မြန်မာ့သနပ်ခါးစိုက်ပျိုးရေးနှင့် သနပ်ခါးယဉ်ကျေးမှုတို့ကို လူငယ်များအကြား ဖြန့်ဝေပေးနိုင်ရန်အတွက် သနပ်ခါးပြတိုက်တစ်ခု ကို ရွှေပြည်နန်းကုမ္ပဏီက တည်ထောင်ဖွင့်လှစ်ထားသည်ကို ညောင် ဦးမြို့တွင် တွေ့ရှိရသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အရေးပါ သော သနပ်ခါးအား ရပ်ရွာလူ့အဖွဲ့အစည်းက တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်မှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးအများဆုံး စိုက်ပျိုးရာဒေသ မြို့နယ်များဖြစ်ကြသည့် အရာတော်၊ ရွှေဘို၊ မုံရွာ၊ ကျောက်ကာ၊ မြင်းမူ၊ ကနီ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက် စသည့်မြို့ နယ်များမှ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများ၊ စစ်တွေ၊ လင်းခေးဒေသ များမှ သနပ်ခါးထုတ်လုပ်သူများ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် များမှ သနပ်ခါးကုမ္ပဏီများပါမကျန် သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအားလုံးပါဝင်သည့် မြန်မာနိုင်ငံ သနပ်ခါးအသင်း တည်ထောင်ခဲ့ပြီး သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရေးကို စနစ်တကျ တိုး တက်ဖွံ့ဖြိုးလာစေရန်၊ ပြည်သူများ သနပ်ခါး အစစ်သုံးစွဲနိုင်စေရန်၊ သနပ်ခါးအသုံးပြုမှု ရေရှည်တည်တံ့စေရန်တို့ကို ဆောင်ရွက်လျက် ရှိသည်။
သနပ်ခါးအသင်းကြီးမှ သနပ်ခါးကို မြတ်နိုးတန်ဖိုးထား လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းနိုင်စေရန် သနပ်ခါး လှပျိုမေပြိုင်ပွဲ၊ဈေးရောင်းပွဲတော်များ ကျင်းပခြင်း၊သနပ်ခါး နေ့ အခမ်းအနား ကျင်းပခြင်း၊ တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင် အား ရည်စူး၍ သနပ်ခါးသားဖြင့် မီးပူဇော်သည်ကို အကြောင်းပြု၍ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံ သနပ်ခါး အသင်းက သတ်မှတ်ပြီး သနပ်ခါးဆိုင်ရာ သိကောင်းစရာများ ဟော ပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တန်ခိုး ကြီးဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများအား လိမ်းရန်အတွက် ဆေးသနပ်ခါးကျောက်ပျဉ်များ ထားရှိခြင်းနှင့် သနပ်ခါးဈေးရောင်းပွဲတော်များ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။ မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းကာ လက်ဆင့်ကမ်းလာခဲ့ကြသည့် ယဉ်ကျေးမှုအမွေ အနှစ်တစ်ခုဖြစ်သည်။ မြန်မာတစ်မျိုးသားလုံးအနေဖြင့် မြန်မာ့ သနပ်ခါးကို တန်ဖိုးထားလျက် ပျောက်ကွယ်မသွားစေရန် နိုင်ငံတော် အစိုးရနှင့် ပြည်သူများ၊ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများ က တစ်ဦးနှင့်တစ်ဦး လေးစား ချစ်ခင်စွာဖြင့် ပူးပေါင်းဆောင်ရွက်၍ မြန်မာ့သနပ်ခါးကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
သန်းသန်းတင် (မုံရွာ)