Main menu

Background

အက်(စ်)ငါးလုံးအခြေခံမူနှင့် လုပ်ဆောင်ချက်များ

Mon, 06/19/2023 - 16:03 -- journal_editor

အဓိပ္ပာယ်သတ်မှတ်ချက်
အက်(စ်)ငါးလုံး (5S) ဆိုသည်မှာ လုပ်ငန်းပတ်ဝန်းကျင် တိုးတက်စေသော အခြေခံမူများဖြစ်သည်။ 5S သည် ဂျပန်လူမျိုး တို့၏ စကားလုံးငါးလုံးဖြစ်သော Seiri, Seiton, Seiso, Seiketsu  နှင့် Shitsuke တို့မှ စတင်ပေါ်ပေါက်လာသည်။ အဆိုပါ 5S ကို အင်္ဂလိပ်လို Sort, Set, Shine, Standardize နှင့်  Sustain ဟူ၍ ဖော်ပြကြသည်။  ထို့ကြောင့် အက်(စ်)ငါးလုံး အခြေခံမူ (5S Principles) ကို အမျိုးအစားခွဲခြားခြင်း (Sort)၊ အစီအစဉ်တကျ ထားခြင်း သို့မဟုတ် နေရာသတ်မှတ်ခြင်း (Set)၊ သန့်ရှင်းတောက် ပြောင်စေခြင်း (Shine)၊ စံသတ်မှတ်ခြင်း (Standardize) နှင့် ထိန်းသိမ်းခြင်း (Sustain) ဟူ၍ ဖော်ပြနိုင်သည်။
ဤအခြေခံမူများသည် ထိရောက်သော လုပ်ငန်းခွင်ဖြစ်စေရန် ရည်ရွယ်ကြောင်း တွေ့ရှိရသည်။ ကုန်ပစ္စည်းထုတ်လုပ်သော စက်ရုံနှင့်အလုပ်ရုံများ၌ စတင်ကျင့်သုံးခဲ့ရာမှ နောက်ပိုင်းတွင် ဝန်ဆောင်မှုပေးသော ကုမ္ပဏီနှင့် လုပ်ငန်းတို့ ၏ အလုပ်ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးအတွက် အသုံးပြုလာခဲ့သည်။ အက်(စ်)ငါးလုံးအခြေခံမူ  သို့မဟုတ် ဥပဒေသများကို ကျင့်သုံးခြင်းအားဖြင့် လုပ်ငန်းပတ်ဝန်းကျင် ရှင်းလင်းလွယ်ကူခြင်း၊ အလေအလွင့် နည်းပါးခြင်း၊ တန်ဖိုးမရှိသော လုပ်ဆောင်ချက်များ (Non-value activities) လျော့ကျခြင်း စသည့် ကောင်းကျိုးများ ဖြစ်ထွန်းစေသည်။ ထို့ပြင် အရည်အသွေး (Quality)၊ စွမ်းဆောင်ရည် (Efficiency)နှင့် ဘေးအန္တရာယ်ကင်းရှင်းမှု (Safety) တို့ကို တိုးတက်ဖြစ်ထွန်းစေသည်။
အရေးပါမှု
5S သည် အလုံးစုံအရည်အသွေးစီမံခန့်ခွဲမှု (Total Quality Management – TQM) ၏ သော့ချက်ကျသည့် လုပ်ဆောင်ချက် ဖြစ်သည်။ ထိုနည်းတူစွာပင် 5S သည် စဉ်ဆက်မပြတ် တိုးတက်မှု (Continuous improvement) ဟူသော KAIZEN  ၏ အခြေခံ အယူအဆ (Basic Philosophy) ဖြစ်သည်။
အက်(စ်)ငါးလုံးအခြေခံမူများသည် ဝန်ထမ်းနှင့် လုပ်ငန်း ပတ်ဝန်းကျင် တိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော ယုံကြည်အားထားရသည့် နည်းလမ်းများ (Reliable Instruments) ဖြစ်သည်။ 5S ကို လုပ်ငန်းစီမံကိန်း (Project) သို့မဟုတ် ရုံးဌာန သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းအတွင်းရှိ လုပ်ငန်းအမျိုးမျိုး၌ လုပ်ကိုင်တာဝန်  ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လုပ်ငန်းခွင် တိုးတက်ကောင်းမွန်ရေးအတွက် အသုံးပြုနိုင်သည်။ ဤအခြေခံမူ  သို့မဟုတ် ဥပဒေသများသည် စာတွေ့သဘောတရား (Concept) သာမဟုတ်ဘဲ လက်တွေ့ ဆောင်ရွက်ရသည့် လုပ်ဆောင်ချက်များ (A set of actions) လည်း ဖြစ်သည်။ လုပ်ငန်းစီမံကိန်း၊ ရုံးဌာန သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများက အပြည့်အဝ ပူးပေါင်းပါဝင်ပြီး စနစ်တကျလုပ်ကိုင်ရသော အခြေခံ မူများဖြစ်သည်။ 5S ကို ကျင့်သုံးခြင်းအားဖြင့် မိမိဌာန သို့မဟုတ် မိမိကုမ္ပဏီသို့   လာရောက်ဆက်သွယ်သော ဖောက်သည်များ အတွက် ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်စွာ ပေးစွမ်း နိုင်သကဲ့သို့ လုပ်ငန်းခွင် အရည်အသွေးကိုလည်း အမှန်တကယ် တိုးတက်ကောင်းမွန်စေသည်။
ရှင်းလင်းချက်
ပထမအခြေခံမူမှာ အမျိုးအစားခွဲခြားခြင်း (Sort) ဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်အတွင်းရှိ လိုအပ်သောပစ္စည်း များကို ချန်ထား၍ မလိုအပ်သော၊ အသုံးမပြုသော ပစ္စည်းများကို ဖယ်ရှားရန်ဖြစ်သည်။ လိုအပ်သောပစ္စည်းနှင့် မလိုအပ်သော ပစ္စည်းများကို ခွဲခြားပြီး ရှုပ်ပွနေခြင်းကို လျှော့ချရန်ဖြစ်သည်။ ထို့ကြောင့် ဤအချက်ကို ဖယ်ရှားခြင်း (Removal) သို့မဟုတ် စုစည်းခြင်း (Organization) ဟူ၍လည်း ခေါ်ဆိုသည်။
ဒုတိယမူမှာ အစီအစဉ်တကျထားရှိခြင်း သို့မဟုတ် စနစ်သတ်မှတ်ခြင်း (Set သို့မဟုတ် Set in order) ဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ငန်းလွယ်ကူစွာ လုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းခွင်အတွင်း လိုအပ်သော ပစ္စည်းများကို စနစ် တကျ နေရာချထား သတ်မှတ်ရန် ဖြစ်သည်။ ဤအခြေခံမူကို စနစ်တကျ နေရာချထားခြင်း (Systemize) သို့မဟုတ် နေရာတကျထားရှိခြင်း (Orderliness) သို့မဟုတ် နေရာတကျဖြစ်စေခြင်း (Straighten) ဟူ၍လည်း ခေါ်ဆိုသည်။
တတိယဥပဒေသမှာ တိုက်ချွတ်ခြင်း သို့မဟုတ် သန့်ရှင်း တောက်ပြောင်စေခြင်း (Shine) ဖြစ်သည်။ လုပ်ငန်းခွင်အတွင်းရှိ ပစ္စည်းများကို အထူးသန့်ရှင်း တောက်ပြောင်နေစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအခြေခံမူကို သန့်ရှင်းရေး ပြုလုပ်ခြင်း (Cleaning or Cleanness) ဟူ၍လည်း သုံးစွဲသည်။
စတုတ္ထအချက်မှာ စံသတ်မှတ်ခြင်း (Standardize) ဖြစ်သည်။ လုပ်ငန်းခွင်အတွင်းရှိ ဌာနစုတိုင်း၌ အထက်ဖော်ပြပါ အက်(စ်)သုံးလုံးဖြစ်သော Sort, Set   နှင့် Shine တို့ကို စံသတ် မှတ်ချက်များအဖြစ် ထားရှိကျင့်သုံးရန်ဖြစ်သည်။
နောက်ဆုံးအခြေခံမူမှာ စံသတ်မှတ်ချက်နှင့်အညီ ထိန်း သိမ်းခြင်း (sustain) ဖြစ်သည်။ အထက်ဖော်ပြပါ စံအဖြစ် သတ် မှတ်ထားသော အခြေခံမူများကို တာဝန်ထမ်းဆောင်လျက်ရှိ သော ဝန်ထမ်းအားလုံး လိုက်နာစေရန်ဖြစ်သည်။  ထို့အတွက် ဝန်ထမ်းများအား 5S  သဘောတရားကို ရှင်းလင်းပြောကြားပေးရန် နှင့် စံသတ်မှတ်ချက်များ လိုက်နာစေရေးအတွက် စည်းကမ်းထိန်း သိမ်းရန် လိုအပ်သည်။ ထို့ကြောင့် ဤအချက်ကို ကိုယ့်စည်းကမ်း နှင့် ကိုယ်နေထိုင်ခြင်း သို့မဟုတ် စည်းကမ်းလိုက်နာခြင်း (Self-discipline) ဟူ၍ လည်းကောင်း၊ စည်းကမ်းရှိခြင်း (Discipline)  ဟူ၍လည်းကောင်း ခေါ်ဆိုသည်။
အောင်မြင်မှု၏လျှို့ဝှက်ချက်
ဂျပန်လူမျိုးတို့သည် 5S Method ဟူသော အက်(စ်)ငါးလုံး နည်းလမ်းကို အောင်မြင်မှု၏လျှို့ဝှက်ချက် (Secret of success) ဖြစ်လည်းကောင်း၊ စီးပွားရေး တိုးတက်စေသော နည်းလမ်း (Method of improvement) အဖြစ်လည်းကောင်း လက်ခံကျင့်သုံးကြသည်။ ထို့ပြင် 5S သည် လုပ်ငန်းခွင်အတွင်း ဌာနနှင့် အဖွဲ့အစည်းအများစု ရင်ဆိုင်ရလေ့ရှိသော ပြဿနာများအတွက် ဖြေရှင်းနည်း (Solution) ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ရင်ဆိုင် ရလေ့ရှိသော ပြဿနာများမှာ ဝန်ထမ်းများ မကြာခဏ ခွင့်ခံစား ခြင်း သို့မဟုတ် လုပ်ငန်းပျက်ကွက်မှုများခြင်း (High absenteeism)၊ ဝန်ထမ်းမမြဲမြံခြင်း သို့မဟုတ် ဝန်ထမ်း အဝင်အထွက် အကြိမ်ရေများခြင်း (High turnover)၊ အလုပ်လုပ်ကိုင်လိုစိတ်မရှိသော ဝန်ထမ်းများ (De-motivated employees)၊ လုပ်ငန်းပတ်ဝန်းကျင်၌ ပစ္စည်းများနေရာတကျ မရှိခြင်း သို့မဟုတ် ပစ္စည်းများ ရှုပ်ပွနေခြင်း (Disordered or cluttered environment)   နှင့် လွဲမှားမှု သို့မဟုတ် အမှားအယွင်း (Mistakes or errors) မကြာခဏ ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။
အထက်ဖော်ပြပါ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သော နည်းလမ်းမှာ 5S ဖြစ်သည်။ 5S Method ကို အိမ်မှုကိစ္စထိန်းသိမ်း သည့် နည်းလမ်း (Housekeeping technique) ဟူ၍လည်းကောင်း၊ ထုတ်လုပ်မှုစွမ်းအားနှင့်   ဘေးအန္တရာယ်ကင်းရှင်းမှု  တိုးတက်စေသော နည်းလမ်း (Productivity and safety enhancement technique) ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ အက်(စ်)ငါးလုံး အခြေခံမူ ပေါ်ပေါက်လာပုံ၊ အသေးစိတ်ရှင်းလင်းချက်၊ အသုံးပြု ပုံနှင့် ကောင်းကျိုးများကို ဆက်လက် ဖော်ပြမည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)

Source: jica.go.jp; pt.slideshare.net

သိန်းမြင့်ဝေ