Main menu

Background

BRIC နှင့် ကမ္ဘာ့အိုင်ပီအို ဈေးကွက် 

Wed, 06/21/2023 - 13:37 -- journal_editor

ကမ္ဘာ့နိုင်ငံကြီးများတွင်ရှိ ကုမ္ပဏီကြီးများသည် ၎င်းတို့ လိုအပ်သည့်   ကာလရှည်  အရင်းအနှီးများ ရရှိနိုင်ရေးအတွက် စတော့ရှယ်ယာများ ထုတ်ဝေရောင်းချလေ့ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကို (Initial Public Offering-IPO) ပြုလုပ်သည် ဟုခေါ်သည်။ ၂၀ဝ၇ ခုနှစ်အတွင်းတွင် နိုင်ငံတကာကုမ္ပဏီကြီး များ၏ အိုင်ပီအို ဆောင်ရွက်မှုမှာ ဒေါ်လာ ၃၀ဝ ဘီလီယံအထိ ရှိပြီး ယင်းတို့အထဲတွင် ဘရာဇီး၊ ရုရှား၊  အိန္ဒိယနှင့် တရုတ် (BRIC)  နိုင်ငံများ၏ အိုင်ပီအို ဆောင်ရွက်မှုမှာ ဒေါ်လာ ၁၀၅ ဘီလီယံရှိခဲ့ပြီး စုစုပေါင်း  တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀ဝ၄ ခုနှစ်အတွင်း ဤအုပ်စု၏ ပါဝင်မှုရာခိုင်နှုန်းမှာ ၁၁ ရာခိုင် နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်ခဲ့ခြင်းကြောင့်  ၂၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ သို့သော်လည်း ၂၀ဝ၉ ခုနှစ်မှစတင်၍ အဆိုပါအုပ်စု၏ ကမ္ဘာ့ အိုင်ပီအို လုပ်ငန်းများတွင် ပါဝင်မှုမှာ ထက်ဝက်ကျော်အထိ ရောက်ရှိလာခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများအားလုံး၏ အများပြည်သူသို့  ရှယ်ယာထုတ်ဝေမှု (အိုင်ပီအို) ပမာဏမှာ ဒေါ်လာ ၂၈၀ ဘီလီယံအထိရောက်ရှိခဲ့ပြီး အထက်ပါအုပ်စု၏ပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့သည်။ အဆိုပါ BRIC အုပ်စုထဲတွင် တရုတ်နိုင်ငံ၏ ရှယ်ယာထုတ်ဝေရောင်းချမှု ပမာဏမှာ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သည်။ 
၂၀၁၁ ခုနှစ်တွင်မူ ကမ္ဘာ့နိုင်ငံများ၏ အိုင်ပီအိုဆောင်ရွက် မှုမှာ အနည်းငယ် ကျဆင်းသွားသော်လည်း တရုတ်နိုင်ငံ၏ ပါဝင်မှု အချိုးအစားမှာ ၄၁ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ ကြောင်း တွေ့ ရှိရသည်။ အမေရိကန်နိုင်ငံ၏ တင်းကျပ်လှသည့် စာရင်းစစ် စာရင်းကိုင်စည်းမျဉ်း GAAP များကြောင့် ကုန်ကျ စရိတ်များ ကြီးမြင့်လာပြီး  ကမ္ဘာ့နိုင်ငံအများစုသည် အမေရိကန် နိုင်ငံ ပြင်ပတွင်သာ အိုင်ပီအိုများကို ပြုလုပ်လာကြသည်။ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့အိုင်ပီအိုဈေးကွက် ပြန်လည်ဦးမော့ လာပြီး အာရှဒေသမှာသာ ကြီးစိုးထားသည်ကို တွေ့ရသည်။
ဘရာဇီးအိုင်ပီအိုဈေးကွက်
ဘရာဇီးသည် ၂၀ဝ၇ ခုနှစ်အတွင်း ကမ္ဘာ့တတိယအကြီး ဆုံး အိုင်ပီအိုဈေးကွက်ဖြစ်ခဲ့ပြီး စုစုပေါင်း ရှယ်ယာထုတ်ဝေမှု၏ ၁၀ ရာခိုင်နှုန်းကို ရရှိခဲ့သည်။ ကုမ္ပဏီစုစုပေါင်း ၆၄ ခုမှ ငွေပမာ ဏ ၂၇ ဒသမ ၃ ဘီလီယံဒေါ်လာ တန်ဖိုးရှိ ရှယ်ယာများ အများ ပြည်သူသို့ ထုတ်ရောင်းနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၂၅၁ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အဆိုပါ ကုမ္ပဏီအားလုံးသည် ဘရာဇီးနိုင်ငံ Sao Paolo စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများ ဖြစ်သည်။ Sao Paolo စတော့အိပ်ချိန်းသည်   ၎င်းကိုယ်တိုင် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ၃ ဒသမ ၂ ဘီလီယံ ဒေါ်လာတန်ဖိုးရှိ စတော့များထုတ်ဝေရောင်း ချခဲ့သည်။ ထို့နောက် ၂၀ဝ၈ ခုနှစ်တွင် ဘရာဇီး ကုန်စည်နှင့် ဖျူးချားအိတ်ချိန်းနှင့် ပေါင်းစည်းခဲ့သည်။ 
အမေရိကန်စတိုင် ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးမှု၊ တစ်ရှယ်ယာလျှင်  မဲတစ်မဲစနစ်ကျင့်သုံးမှု၊  ပွင့်လင်းမြင်သာမှု၊ မိုင်နာရှယ်ယာရှင်များကို အကာအကွယ်ပေးမှု၊ ကုမ္ပဏီသတင်း အချက်အလက်များ မှန်ကန်စွာ ဖွင့်ဟကြေညာနိုင်မှုတို့ကြောင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဘရာဇီးစတော့ဈေးကွက်သို့ ဝင် ရောက်ရင်းနှီးမြှုပ်နှံကြကာ ၂၀ဝ၇ ခုနှစ်အတွင်း ဈေးကွက်အတွင်း မှ  ရှယ်ယာများ၏  သုံးပုံနှစ်ပုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ဘရာဇီးနိုင်ငံရှိ   မိသားစုပိုင်   ကုမ္ပဏီငယ်လေးများကို လည်း Private Equity Fund များမှ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းအထိ ဝင်ရောက်ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံကြပြီး သတ် မှတ်သည့် အရွယ်အစားရောက်သည့်အချိန်တွင် စတော့ဈေး ကွက်သို့ တင်ပေးကြခြင်းကြောင့် အောင်မြင်သည့် ကုမ္ပဏီများ အဖြစ် ရပ်တည်နိုင်ကြပြီး IPO မှာ ၎င်းတို့အတွက် ဒုတိယအရင်း အမြစ်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် ကြွေးမြီအဆင့် အတန်း သတ်မှတ်သည့်  Standard & Poor’s က ဘရာဇီး၏ အဆင့်ကို ရင်းနှီးမြှုပ်နှံမှုအဆင့် BBB  သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ဤအကြောင်းရင်းများသည် ဘရာဇီးနိုင်ငံသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် နိုင်ငံတစ်ခု ဖြစ်စေခဲ့ သည်။ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံ စတော့ဈေးကွက်သို့   IPO deal  ပေါင်း ၂၉ ခု ဝင်ရောက်ခဲ့ကာ ရင်းနှီးငွေ ၂၉ ဘီလီယံဒေါ်လာ မြှင့်တင်နိုင်ခဲ့သည်။ 
ရုရှား အိုင်ပီအိုဈေးကွက်
ရုရှားတို့၏ အိုင်ပီအိုဈေးကွက်မှာ ၂၀ဝ၀ ခုနှစ်နှင့် ၂၀ဝ၇ ခုနှစ်ကြားတွင် တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး စတော့ဈေးနှုန်းမှာ လည်း အဆိုပါကာလအတွင်း ၁၀ ဆကျော် မြင့်တက်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်အတွင်းတွင် ရုရှား စတော့ဈေးကွက်အတွင်း ကုမ္ပဏီ ၂၀ ခုမှ ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ စတော့များ ထုတ်ဝေ ရောင်းချခဲ့ပြီး ကုမ္ပဏီတစ်ခုတွင် ပျမ်းမျှ ဒေါ်လာ ၉၄၈ သန်းရှိ ကြောင်း တွေ့ရသည်။  ရှယ်ယာထုတ်ဝေမှု အများဆုံးမှာ ဘဏ္ဍာ ရေးနှင့် ငွေကြေးကဏ္ဍ၊ အိမ်ခြံမြေနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ  ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အိုင်ပီအို ပြုလုပ်သည့် တန်ဖိုးမှာ  ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံအထိရှိခဲ့ပြီး   ကမ္ဘာ့ အိုင်ပီအို ဈေးကွက်၏ ၁ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်မူ အိုင်ပီအိုပြုလုပ်မှုမှာ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံသို့ ကျဆင်းခဲ့သည်။
ရုရှားကုမ္ပဏီများသည် ဥပဒေအရ ထုတ်ဝေထားသည့် စတော့အရေအတွက်၏ ၃၀ ရာခိုင်နှုန်း အနည်းဆုံး ပြည်တွင်း စတော့အိပ်ချိန်းတွင် စာရင်းတင်ရန်လိုအပ်သည်။ သို့သော်လည်း ရုရှားစတော့ဈေးကွက်သည်   ဒေါ်လာ သန်း ၅၀ဝ အောက် အိုင်ပီအိုများအတွက်သာ တတ်နိုင်သည့်  အခြေအနေရှိသည်။ စတော့ရောင်းဝယ်ရေးစနစ်များ ပိုမိုကောင်းမွန်စေရန် ပြုပြင် ပြောင်းလဲနေသော်လည်း မော်စကိုစတော့အိပ်ချိန်းသည် ငွေဖြစ် လွယ်မှု အကန့် အသတ်ရှိကာ မရှင်းလင်းသည့် ဈေးနှုန်းစနစ်များ ရှိနေဆဲဖြစ်သည်။ ရုရှားကုမ္ပဏီကြီးများ လောလောဆယ် ဆောင် ရွက်နေသည့် အိုင်ပီအိုစနစ်မှာ ပြည်တွင်းစတော့ဈေးကွက်တွင် စာရင်းဝင်သလို   Global Depository Receipt (GDR)  များ အဖြစ် လန်ဒန်စတော့ဈေးကွက်တွင် စာရင်းဝင်ခြင်းဖြစ်သည်။ ကိုဗစ်ကာလတွင် ရုရှား IPO ဈေးကွက်မှေးမှိန်ခဲ့ရပြီး ၂၀၂၀ ခုနှစ်တွင် ပြန်လည်အသက်ဝင်ခဲ့ကာ IPO မှတစ်ဆင့် စတော့ အိပ်ချိန်းသို့ ဒေါ်လာ ၆ ဘီလီယံဖိုး စာရင်းဝင်ခဲ့ကာ ၂၀၂၁ ခုနှစ် တွင် ဒေါ်လာ ၇ ဘီလီယံဖိုး စာရင်းဝင်ခဲ့သည်။
အိန္ဒိယ အိုင်ပီအိုဈေးကွက်
၂၀ဝ၇ ခုနှစ်အတွင်း အိန္ဒိယ အိုင်ပီအိုဈေးကွက်အတွင်း ကုမ္ပဏီပေါင်း ၁၀၆ ခု မှ ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာများထုတ်ဝေရောင်းချခဲ့ကာ နိုင်ငံ၏ အမြင့်ဆုံးစံချိန်ကို တင်နိုင်ခဲ့သည်။ ကုမ္ပဏီတစ်ခု၏ ပျမ်းမျှရောင်းချမှုတန်ဖိုးမှာ ဒေါ်လာ ၈၃ သန်းသာရှိသဖြင့် ရုရှားနှင့် ဘရာဇီးတို့ထက် များစွာ လျော့နည်းသည်။   သို့သော်လည်း ၂၀ဝ၈ ခုနှစ်အတွင်းတွင် Reliance Power ကုမ္ပဏီ၏ ဒေါ်လာ ၃ဘီလီယံတန်ဖိုးရှိ ရှယ်ယာ များ ထုတ်ဝေရောင်းချခြင်းက အိန္ဒိယ အိုင်ပီအိုဈေးကွက်အတွက် အခြေခံကောင်းများကို ရရှိစေခဲ့သည်။ အိုင်ပီအို အများဆုံးပြု လုပ်ခဲ့သည့် ကဏ္ဍများမှာ စက်မှု၊ လျှပ်စစ်စွမ်းအင်၊ ဘဏ္ဍာရေး နှင့် ငွေကြေးကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍတို့ဖြစ်သည်။ အိန္ဒိယသည် မော်တော်ကားလမ်းများ၊ လျှပ်စစ်စွမ်းအင်စက်ရုံများ၊ ဆိပ်ကမ်း စသည့် အခြေခံအဆောက်အအုံလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ အိုင်ပီအို ဈေးကွက်မှာ ဆက်လက် တိုးတက်မည့်အလားအလာများ ရှိခဲ့သည်။ ၂၀ဝ၈ ခုနှင့် ၂၀ဝ၉ ခုနှစ်အတွင်း အိန္ဒိယ၏ အိုင်ပီအိုလုပ်ငန်းများ ကျဆင်းခဲ့ပြီး၂၀၁၀ ခုနှစ်တွင်မူ ကုမ္ပဏီ ၆၃ ခုမှ ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ အိုင်ပီအိုလုပ်မှုနှင့်အတူ ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်သည် အိန္ဒိယ IPO ဈေးကွက်  အမြင့်ဆုံးဖြစ်ခဲ့ပြီး ကုမ္ပဏီ ၆၃ ခုမှ ဒေါ်လာ ၂၀ ဘီလီယံကျော်အထိ အရင်းအနှီး မြှင့်တင်နိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ တင်းကျပ်လှသည့် စည်းမျဉ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အိန္ဒိယစာရင်းဝင် ကုမ္ပဏီများ ကထုတ်ဝေသည့် ရှယ်ယာများ၏ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန် ၍ ဝယ်ယူမရပါ။ သို့သော် ပေါင်းခြုံလိုက်ပါက အိန္ဒိယအိုင်ပီအိုဈေးကွက်များအတွင်း နိုင်ငံခြားသား ပါဝင်မှုမှာ သုံးပုံတစ်ပုံခန့် ရှိသည်။ အိန္ဒိယကုမ္ပဏီများသည် ငွေကြေးအရင်းအနှီးမြှင့်တင် လိုပါက ပြည်တွင်းစတော့အိပ်ချိန်းများဖြစ်သည့် ဘုံဘေ စတော့ အိပ်ချိန်းနှင့်  နေရှင်နယ် စတော့အိပ်ချိန်းများမှ  တစ်ဆင့်သာ ဆောင်ရွက်နိုင်သည်။ သို့သော်လည်း ပြည်ပနိုင်ငံ စတော့အိပ်ချိန်း များနှင့် နှစ်လမ်းပြိုင် စာရင်းဝင်ခြင်း (dual listing) ကိုမူ ခွင့်ပြု ထားသည်။  အမေရိကန်နိုင်ငံသားများကို ပတ်မှတ်ထားသည့် နည်းပညာမြင့်ကုမ္ပဏီများအတွက် အမေရိကန်ရှိစတော့အိပ်ချိန်း များတွင် စာရင်းတင်သွင်းခွင့်ပြုထားပြီး ယူကေနိုင်ငံသားများကို ပစ်မှတ်ထားသည့်  သတ္တုတူးဖော်ရေးနှင့် သံလုပ်ငန်း စတော့များ ကိုမူ လန်ဒန်စတော့ဈေးကွက်တွင်  စာရင်းတင်သွင်းခွင့်ပြုထား သည်။
တရုတ်အိုင်ပီအိုဈေးကွက်
၂၀ဝ၇ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံတွင်း ကုမ္ပဏီစုစု ပေါင်း ၂၅၉ ခု၏   အိုင်ပီအို   ပြုလုပ်မှုတန်ဖိုးမှာ ဒေါ်လာ ၆၆ ဘီလီယံရှိခဲ့ကာ အမေရိကန်တွင်  ယင်းနှစ်အတွင်း အိုင်ပီအို ပမာဏ၏ နှစ်ဆအထိရှိခဲ့သည်။ တရုတ်အစိုးရ၏ မူဝါဒအသစ် ကြောင့် ရှန်ဟိုင်းစတော့ဈေးကွက်အတွင်း စုစုပေါင်း ရှယ်ယာ ထုတ်ဝေမှု၏ သုံးပုံ နှစ်ပုံမှာ H-Shares များ (ဟောင်ကောင်နိုင်ငံ သားများအတွက် ထုတ်ဝေသည့် ရှယ်ယာများ) ဖြစ်ခဲ့သည်။ ထို့ အပြင်  အလယ်အလတ် ကုမ္ပဏီများစွာတို့သည် ပြည်တွင်း စတော့အိပ်ချိန်းများတွင် စာရင်းဝင်ကုမ္ပဏီများအဖြစ် ပါဝင်ခဲ့ကြ  ပြီး ၎င်းတို့၏ ပျမ်းမျှရှယ်ယာရောင်းချမှုပမာဏမှာ ဒေါ်လာ ၂၅၅ သန်းရှိခဲ့သည်။ ၂၀ဝ၇ ခုနှစ်အတွင်းတွင် အိုင်ပီအို ပြုလုပ်ခဲ့သည့်  ကဏ္ဍအများစုမှာ ဘဏ္ဍာရေးနှင့်ငွေကြေးကဏ္ဍ၊ စက်မှု၊ အိမ်မြံ မြေနှင့် သတ္တုတူးဖော်ရေးတို့ဖြစ်သည်။  ၂၀ဝ၆ ခုနှစ်အတွင်း အကြီးဆုံး အိုင်ပီအိုပြုလုပ်မှုမှာ ICBC  ဘဏ်ဖြစ်ပြီး ဒေါ်လာ ၂၂ ဘီလီယံတန်ဖိုးရှိ ရှယ်ယာများကို ရောင်းချခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏထဲမှ ဒေါ်လာ ၁၆ ဘီလီယံကို ဟောင်ကောင် စတော့ အိပ်ချိန်းတွင် လည်းကောင်း ဒေါ်လာ ၆ ဘီလီယံကို ပြည်မကြီး တွင်လည်းကောင်း နှစ်လမ်းပြိုင် စာရင်းဝင်ခြင်း (dual listing)  ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်း ICBC ၏ အိုင်ပီအိုပြုလုပ် မှုက ၂၀ဝ၈ ခုနှစ်၌ အမေရိကန်တွင်  VISA  ကပြုလုပ်ခဲ့သည့် အိုင်ပီအိုပြုလုပ်မှုကို လွှမ်းမိုးသွားခဲ့သည်။
နိုင်ငံခြားသားများကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပေးထား သည့် ဟောင်ကောင်စတော့အိပ်ချိန်းတွင်  ၂၀၁၀ ခုနှစ်အတွင်း က ဒေါ်လာ ၅၇ ဘီလီယံတန်ဖိုးရှိ ရှယ်ယာများကို ရောင်းချခဲ့ သည်။   ဟောင်ကောင်စတော့အိပ်ချိန်းက   အများပိုင်အဖြစ် ပြောင်းလဲလိုသည့် တရုတ်ကုမ္ပဏီများအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်ခဲ့ပြီး   နိုင်ငံခြားသား  ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်ဈေးကွက်သို့   ဝင်ရောက်ရာ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ သည်။ ၂၀၁၁ ခုနှစ်အတွင်း တရုတ်စတော့အိပ်ချိန်းများ၏ အိုင်ပီအို ပြုလုပ်မှုမှာ ဒေါ်လာ ၇၇ ဘီလီယံ အထိရှိခဲ့ပြီး ထိုနှစ် အတွင်း ကမ္ဘာ့အိုင်ပီအိုပြုလုပ်မှု၏ ၄၁ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီပေါင်း ၁၇၈ ခု တရုတ် IPO ဈေးကွက်မှ တစ်ဆင့် ဒေါ်လာဘီလီယံ ၄၀ အထိ ရင်းနှီးငွေမြှင့်တင်ခဲ့သည်။
လျင်မြန်စွာ ကြွယ်ဝချမ်းသာလာသည့် တရုတ်ရင်းနှီးမြှုပ်နှံ သူများကြောင့် ပြည်မသားတို့အပေါ် ရင်းနှီးငွေထိန်းချုပ်ထား သည့်စနစ်  (Capital Control) ကိုကျင့်သုံးခဲ့ပြီး  ဟောင်ကောင် စတော့အိပ်ချိန်းသို့ သွား ရောက်ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခဲ့ရ သည်။ ၂၀ဝ၆ ခုနှစ်တွင် ပိုမိုတင်းကျပ်သည့် ပြဋ္ဌာန်းချက်များချမှတ် ပြီးနောက် တရုတ်ကုမ္ပဏီများအဖို့ ပြည်ပစတော့ဈေးကွက်တွင် သွားရောက်ရင်းနှီးရန် ပိုမိုခက်ခဲစေခဲ့သည်။ ခွင့်ပြုလျှင်လည်း အကန့်အသတ်ဖြင့် ပွင့်လင်းမြင်သာမှုမရှိဘဲ ခွင့်ပြုခဲ့သည်။ ၂၀ဝ၇ ခုတွင် ထင်ရှားသည့် အီးကောမတ်စ် ကုမ္ပဏီဖြစ်သည့် Alibaba  ကို  အမေရိကန် NASDAQ ဈေးကွက် သို့ဝင်ရောက်ရန် ခွင့်ပြု ချက်မရခဲ့သဖြင့် ဟောင်ကောင် စတော့အိပ်ချိန်းမှတစ်ဆင့် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စတော့များကို ထုတ်ဝေ ရောင်းချခဲ့သည်။

Ref : Economist

ထွန်းသက်ထွန်း